သတင်း

ဖိအားများရှိနေသော်လည်း Eleven ကို အမှုပိတ် မပိတ် ရန်ကုန်တိုင်းအစိုးရ အဖြေမပေးသေး

Eleven ကို တရားစွဲဆိုထားမှုကို ရုပ်သိမ်းရန် သမ္မတရုံးနှင့် သတင်းမီဒီယာကောင်စီက အကြံပြု ထားသော်လည်း အမှုပိတ် မပိတ်ကို ရန်ကုန်တိုင်းအစိုးရကဘက်က အဆုံးအဖြတ်မပေးသေးပါ။

အငြင်းပွားနေသည့် နှစ်ဖက်ကိုယ်စားလှယ်များနှင့် ကောင်စီအရာရှိများသည် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ သတင်းမီဒီယာကောင်စီရုံးတွင် အမှုရုပ်သိမ်း မသိမ်းကို ယနေ့ ဆွေးနွေးခဲ့ကြသော်လည်း တိကျသည့် အဖြေ မထွက်ခဲ့ကြောင်း သိရသည်။

“အစိုးရကိုယ်စားလှယ်အနေနဲ့ ရုံးတင်ထားတဲ့အမှုကို ရုပ်၊ မရုပ် အဖြေမပေးသွားဘူး။ အမြန်ဆုံးရုပ်သိမ်းဖို့တော့ ကောင်စီအနေနဲ့ တိုက်တွန်းထားတယ်” ဟု တိုင်းအစိုးရ ကိုယ်စားလှယ်နှင့် ယနေ့နံနက်ပိုင်းက ဆွေးနွေးခဲ့သည့် အခြေအနေကို သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ(၂) ဒေါက်တာမျိုးသန့်တင်က ပြောသည်။

တိုင်းအစိုးရက Eleven ၏ သတင်းဆောင်းပါးတစ်ပုဒ်ကို မကျေမနပ်ဖြစ်ပြီး ဆောင်းပါးရှင်နှင့် အယ်ဒီတာ နှစ်ဦးကို အမြင့်ဆုံးထောင်ဒဏ် ၂ နှစ် အထိ ချခံရနိုင်သော၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုဟု လူသိများသော ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲထားခြင်း ဖြစ်သည်။

နေပြည်တော်သမ္မတရုံးက တရားစွဲသည့် နည်းလမ်းထက် သတင်းမီဒီယာကောင်စီမှတဆင့် ဖြေရှင်းရန် မှတ်ချက်ပြုခဲ့ပြီးနောက် ရန်ကုန်တိုင်းအစိုးရက ကောင်စီကို ကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုထားသည်။

သို့သော် တရားရုံးတက်နေသည့် အမှုကို ကြားဝင် ဖြေရှင်းခြင်း မပြုရန် ဥပဒေ ပြဋ္ဌာန်းထားသဖြင့် ကောင်စီက အမှုရုပ်သိမ်းပြီးမှ ကြားဝင်ဖြေရှင်းပေးနိုင်မည်ဟု အကြံပြုနေခြင်းဖြစ်သည်။

“အခုတိုင်​စာကိစ္စ​တွေက တင်​ထားဆဲပါပဲ။ အမှုစွဲထားတာ ရုပ်​သိမ်​းမသိမ်​းက​တော့ တိုင်​းအစိုးရ ဆုံးဖြတ်​မှာပါ။ ကျွန်တော်​က အစိုးရကိုယ်​စား​ဆောင်​ရွက်​​ပေးရတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုယ်စားလှယ် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က ပြောသည်။

ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်မှ ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ ပြန်လည် တင်ပြပြီး မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီသို့ အကြောင်းပြန်ကြားမည်ဟု သိရသည်။

Eleven ဂျာနယ်ပါ ဆောင်းပါးတွင် ရန်ကုန်မြို့သစ်စီမံကိန်း တည်ထောင်မည့် Yangon Metropolitan Development Public Co,Ltd တွင် ရန်ကုန် စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်း နှင့် ဆက်စပ်သည့် ရှယ်ယာပေါင်း ၆၄ဝ,ဝဝဝ နီးပါး ပိုင်ဆိုင်မှု အကြောင်း ဝေဖန်ချက်တချို့ ပါဝင်သည်။

အဆိုပါ ရှယ်ယာရှင် အမည်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဆိုသည့် အမည်အောက်တွင် ရှိနေသင့်ကြောင်း၊ ဝန်ကြီးရာထူးအောက်တွင် ပြည်သူ့ဘဏ္ဍာဖြင့် ဝယ်ယူထားသည့် ရှယ်ယာများအား မထားဘဲ ဦးမြင့်သောင်း အမည်အောက်တွင် ရှယ်ယာထားခြင်းမှာ လွဲမှားနေကြောင်း အဆိုပါဆောင်းပါးတွင် ရေးသားထားခြင်းကို ရန်ကုန်တိုင်း အစိုးရက သဘောမကျခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button