သတင်း

တပ်ကိုယ်စားလှယ်ပါမည့် အပစ်ရပ်ဆွေးနွေးပွဲ ကျိုင်းတုံတွင်လုပ်ရန် မြောက်ပိုင်းလေးဖွဲ့ သဘောတူ

တပ်မတော်ကိုယ်စားလှယ်များ တက်ရောက်မည့် အပစ်ရပ်ဆွေးနွေးပွဲကို ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် ပြုလုပ်ရန် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့က သဘောတူလက်ခံသည့် ပြန်ကြားချက်ကို ယမန်နေ့ (ဗုဒ္ဓဟူးနေ့)က  ရရှိကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွန်ဂျာက ပြောဆိုသည်။

ကျိုင်းတုံမှာ ဆွေးနွေးမယ်ဆိုတာကိုလည်း သူတို့ (မြောက်ပိုင်းလေးဖွဲ့) လက်ခံတယ်။ ၁၇ ရက်နေ့ (လာမည့်အင်္ဂါနေ့) မှာ တွေ့ဆုံဖို့ အားလုံးတော့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ဦးလမိုင်ဂွန်ဂျာက ပြောသည်။

ယင်းကြောင့် အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်နှင့် မြောက်ပိုင်းလေးဖွဲ့ဖြစ်သော ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့ ယခုလ ၁၇ ရက်နေ့တွင် ကျိုင်းတုံမြို့၌ ထပ်မံတွေ့ဆုံကြမည်ဖြစ်သည်။

ပြီးခဲ့သည့်လကုန်ပိုင်း ကျိုင်းတုံ၌ ကျင်းပခဲ့သည့် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ ဆွေးနွေးပွဲတွင် ယခုလ ၁၆၊ ၁၇ ရက်များ၌ ‘ဝ’နယ်မြေ ပန်ဆန်း သို့မဟုတ် တရုတ်နိုင်ငံ၌ ကျင်းပရန် မြောက်ပိုင်းလေးဖွဲ့က အဆိုပြုခဲ့ပြီး အစိုးရက ကျိုင်းတုံ၌ ကျင်းပရန် အဆိုပြုထားသည်။

KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ကျိုင်းတုံတွင် စက်တင်ဘာ ၁၇ ရက်နေ့ တွေ့ဆုံရန် အကြောင်းပြန်ထားကြောင်း အတည်ပြုပြောဆိုသည်။

မူလက ဆွေးနွေးမည့်နေရာများကို မိုင်းလားမြို့၊ ပန်ဆန်းမြို့နှင့် တရုတ်နိုင်ငံတွင်းရှိ မြို့တစ်မြို့တွင် ဆွေးနွေးလိုကြောင်း မြောက်ပိုင်းလေးဖွဲ့ဘက်မှ အဆိုပြုထားသော်လည်း ညှိနှိုင်းမှုများအရ ကျိုင်းတုံတွင် ပြန်လည်တွေ့ဆုံရန် သဘောတူလိုက်ခြင်းဖြစ်သည်။

ဩဂုတ်လ ၃၁ ရက်နေ့က တွေ့ဆုံမှုတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများလျှော့ချရန် သဘောတူခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲမှာ ရလဒ်ကောင်းခဲ့ကြောင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက မီဒီယာများကို ပြောဆိုထားသည်။

ဩဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖြစ်သော TNLAAA နှင့် MNDAA တို့က ပြင်ဦးလွင်နှင့် နောင်ချိုမြို့တို့ရှိ နေရာငါးနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button