အလုပ်ရှင်နှင့် မကျေမလည်ဖြစ်နေသည့် လှိုင်သာယာမြို့နယ်ရှိ ဂရိတ်ဝေါ ဖိနပ်စက်ရုံမှ စက်ရုံအလုပ်သမားတို့က ၄င်းတို့တောင်းဆိုချက်များ မရပါက ရန်ကုန်တိုင်းအစိုးရ ရုံးရှေ့ သပိတ်စခန်းဖွင့်ရန် စီစဉ်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ယင်းအစီအစဉ်ကို စွန့်လွှတ်ခဲ့ကြသည်။
ဇူလိုင်လကတည်းက လုပ်ငန်းခွင်သို့ ဝင်ခွင့်မရသည့် အလုပ်သမားများသည် ရန်ကုန်တိုင်းအစိုးရ အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်နှင့် ဆွေးနွေးခဲ့ကြပြီးနောက် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
အလုပ်သမားများ တောင်းဆိုထားသည့် ၄င်းတို့အား အလုပ်ပြန်ခန့်ရန်နှင့် နစ်နာခဲ့သည့် အခွင့်အရေးများ ပြန်လည်ကုစားပေးရန် တောင်းဆိုချက်ကို အစိုးရဘက်က အမြန်ဆုံး အကူအညီပေးမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း ဝန်ကြီးနှင့်ဆွေးနွေးခဲ့ကြသည့် အလုပ်သမားများက ဆိုသည်။
၄င်းတို့သည် လှိုင်သာယာရှိ စက်ရုံရှေ့သပိတ်စခန်းကို ပြန်မည်ဖြစ်ပြီး သီတင်းကျွတ်ရုံးပိတ်ရက်အပြီး အစိုးရအရာရှိများ၏ ကြားဝင်ညှိနှိုင်းမှုကို စောင့်ဆိုင်းကြမည်ဖြစ်သည်။