
မြန်မာတပ်မတော်ခေါင်းဆောင်များနှင့် စီးပွားရေးပတ်သက်ဆက်နွှယ်သူများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ အဖွဲ့တစ်ဖွဲ့က တိုက်တွန်းပြီး တစ်လခန့်အကြာတွင် ကမ္ဘောဇဘဏ်က အမေရိကန်နိုင်ငံအခြေစိုက် ဥပဒေအကြံပေးကုမ္ပဏီတစ်ခုကို အကျိုးဆောင်အဖြစ် ငှားရမ်းလိုက်ကြောင်း အမေရိကန်သတင်းဌာနတစ်ခုက ဖော်ထုတ်ရေးသားလိုက်သည်။
နိုင်ငံတကာဥပဒေကို ဖောက်ဖျက်သည်ဟု စွပ်စွဲခံထားရသော တပ်မတော်၏ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂက ဖွဲ့စည်းခဲ့သော ‘မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့က ဩဂုတ်လ ၅ ရက်နေ့စွဲဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ရာတွင် ကမ္ဘောဇကုမ္ပဏီအုပ်စု အပါအဝင် မြန်မာပြည်ရှိ ထိပ်တန်းခရိုနီပိုင် ကုမ္ပဏီအချို့ကိုလည်း ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးရန် အကြံပြုထားသည်။
ထိုကုမ္ပဏီများသည် တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အားပေးအားမြှောက် ပြုခဲ့သည်ဟု ထိုအဖွဲ့က စွပ်စွဲထားသည်။
တပ်မတော်၏ကျူးလွန်မှုများတွင် အားပေးသည်ဟု အဆိုပါအစီရင်ခံစာက စွပ်စွဲထားသည့် ခရိုနီကုမ္ပဏီများထဲတွင် ပြည်တွင်း ပုဂ္ဂလိကဘဏ်ကြီးများ ဖြစ်သည့် ဦးအောင်ကိုဝင်း၏ ကမ္ဘောဇဘဏ်နှင့် ဦးဇော်ဇော်၏ ဧရာဝတီဘဏ်တို့လည်း ပါဝင်သည်။
ထိုအစီရင်ခံစာကြောင့် အမေရိကန်နိုင်ငံ၌ ပေါ်ပေါက်လာဖွယ်ရာရှိနိုင်သည့် ဥပဒေရေးရာ ကိစ္စရပ်များနှင့် ပိတ်ဆို့မှုများကို တာဝန်ယူကိုင်တွယ်ပေးရန် ကမ္ဘောဇဘဏ်က Williams & Connolly အမည်ရှိ ကုမ္ပဏီကြီးကို ငှားရမ်းလိုက်ကြောင်း အမေရိကန်အခြေစိုက် စီးပွားရေးသတင်းဌာန CNBC က ဩဂုတ်လ ၂၉ရက်စွဲဖြင့် ရေးသားထားသည်။
ကမ္ဘောဇက အဆိုပါကုမ္ပဏီအား စရန်အဖြစ် အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲ ပေးကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
အစီရင်ခံစာကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည်များကို Williams & Connolly က ဥပဒေကြောင်းအရ အကြံပေးရန်၊ လွှတ်တော်နှင့် ကုလသမဂ္ဂရှိ အမေရိကန်အစိုးရ အဖွဲ့ဝင်များကို စည်းရုံးရန်၊ ကမ္ဘာဇဘဏ်ကို ကိုယ်စားပြုကာ အမေရိကန်အပါအဝင် နိုင်ငံတကာသတင်းမီဒီယာများနှင့် ပြောဆိုဆက်ဆံခြင်းကဲ့သို့ ထပ်ဆောင်းဝန်ဆောင်မှုများပေးရန် စသည့်အချက်များ ပါဝင်နိုင်ကြောင်း CNBC က ၎င်းဖတ်ရှုခဲ့ရသည့် စာရွက်စာတမ်းများကို ကိုးကားပြီး ရေးသားထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းပါအချက်အလက်များ မှန်ကန်မှုရှိမရှိ Myanmar Now က ကမ္ဘောဇဘဏ်ကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် တိုက်ရိုက်ဝန်ခံဖြေကြားခဲ့ခြင်း မရှိပါ။
“ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာထဲက ရည်ညွှန်းချက်တွေကို ကျွန်တော်တို့ အလေးအနက် ထားပါတယ်။ နိုင်ငံတကာအကြံပေးသူတွေရဲ့ အကူအညီရယူပြီး နိုင်ငံတကာစီးပွားရေးစံနှုန်းတွေအတိုင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟုသာ အဆိုပါဘဏ်၏ Public Policy & Regulatory Affairs (ပြည်သူ့မူဝါဒနှင့် စည်းကမ်းထိန်း) ဌာနမှ တာဝန်ရှိသူ ဦးဇော်လင်းအောင်က Myanmar Now ကို စာဖြင့်ပြန်ဖြေသည်။
ကမ္ဘောဇဘဏ်၏ မိခင်ကုမ္ပဏီ ကမ္ဘောဇအုပ်စုသည် မြန်မာအစိုးရက ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ (UEHRD) အား အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်း၊ ကာကွယ်ရေး ဦးစီးချုပ် (တပ်မတော်) အား အမေရိကန်ဒေါ် လာ ၂ ဒသမ ၄ သန်း ကျော်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့နှင့် ၁ဝ ရက်နေ့တို့တွင် လှူဒါန်းခဲ့ကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က အစီရင်ခံစာတွင် ရေးသားထားသည်။
- KBZ နှင့် Max Myanmar ကုမ္ပဏီနှစ်ခုကို ရာဇဝတ်ကြောင်းအရ စုံစမ်းအရေးယူရန် ကုလစုံစမ်းရေးအဖွဲ့တိုက်တွန်း
ကမ္ဘောဇဘဏ်သည် ကမ္ဘာတစ်ဝန်းတွင် နာမည်ရသောလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ပြည်တွင်း ဘဏ်ဈေးကွက်ကို “ကြီးသုံးကြီး” ဟု ခေါ်သည့် ကမ္ဘောဇ၊ ဧရာဝတီနှင့် သမဝါယမ (စီဘီ) ဘဏ်တို့က လွှမ်းမိုးကြောင်း၊ ချေးငွေအားလုံး၏ သုံးပုံနှစ်ပုံ၊ အပ်ငွေ အားလုံး၏ သုံးပုံနှစ်ပုံနှင့် နိုင်ငံရှိ ဘဏ်ခွဲစုစုပေါင်း၏ တစ်ဝက်ကျော်တို့ကို ထိုသုံးဘဏ်ကသာ ဝေစုရယူထားကြောင်း ကာလီဖိုးနီးယားအခြေစိုက် စီးပွားရေး လေ့လာသုံးသပ်သည့်အဖွဲ့ Milken Institute ၏ ၂၀၁၇ ခုနှစ် လေ့လာချက်တစ်ရပ်ကို ကိုးကားပြီး CNBC က ဆိုသည်။
ကမ္ဘောဇအုပ်စုသည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရန် UEHRD နှင့် တပ်မတော်တို့အား ငွေကြေးထောက်ပံ့ခဲ့ကြရာတွင် ထိုသို့ ခြံစည်းရိုးကာခြင်းသည် လွန်ခဲ့သောနှစ်နှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည့် ရိုဟင်ဂျာ များ ၎င်းတို့နေရပ်သို့ ပြန်လာရမည့်အရေး အတားအဆီးဖြစ်စေမည်ကို သိလျက်နှင့် ပြုလုပ်ခဲ့သည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အထက်ပါကုမ္ပဏီများအပြင် ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ်ကုမ္ပဏီ၊ ဦးသိမ်းဝေ၏ First Myanmar Group of Companies ၊ ဦးတေဇပိုင် ထူးကုမ္ပဏီ၊ ဦးအောင်သောင်းသား ဦးနေအောင်ပိုင် IGE ကုမ္ပဏီ၊ အေဒင်ကုမ္ပဏီ၊ လွယ်ဟိန်းကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီ နှင့် ရွှေသံလွင်ကုမ္ပဏီများကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။ ထိုကုမ္ပဏီများအနက် အများစုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးဆင်နွှဲရန် တပ်မတော်၏အလှူခံမှုများ၌ ငွေကြေးထည့်ဝင်ခဲ့ကြောင်း ဖော်ပြထားသည်။