
မြောက်ပိုင်းမဟာမိတ်တပ်များ၏ ဩဂုတ်လလယ် အလစ်အငိုက်တိုက်ခိုက်မှုက တောင်ပေါ်အပန်းဖြေမြို့ ပြင်ဦးလွင်၏ ခရီးသွားလုပ်ငန်းကို အကြီးအကျယ်ထိခိုက်စေခဲ့သည်ဟု မြို့ခံစီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ ပြင်ဦးလွင်သို့ ပျမ်းမျှ လစဉ် နိုင်ငံခြားသားခရီးသွား ၂,၀၀၀ ခန့်နှင့် ပြည်တွင်းခရီးသွား ၁၀,၀၀၀ ဝန်းကျင် လာရောက်လည်ပတ်လေ့ရှိသော်လည်း မြောက်ပိုင်းမဟာမိတ်တို့၏ တိုက်ခိုက်မှုပြီးခဲ့သည့်နောက် မြို့သည် ဧည့်သည်အဝင် မရှိလောက်အောင်အထိ ဖြစ်သွားခဲ့ကြောင်း မြို့ခံများက ဆိုသည်။
“အခုမြို့က စစ်တလင်းလို့ အောက်မေ့ရလောက်အောင် ခြောက်ကပ်နေတယ်။ ဧည့်သည်တွေ မလာတော့လောက်အောင်ပဲ။ တက္ကစီ ကအစ အားလုံး ဘာလုပ်ငန်းမှမဖြစ်တော့ စားဝတ်နေရေးတွေ ထိခိုက်လာတယ်” ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့ အတွင်းရေးမှူး ဦးကိုကြီးက ပြောသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့သုံးဖွဲ့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဩဂုတ်လ ၁၅ ရက်က ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) အပါအဝင် နေရာ ၅ ခုကို ရုတ်တရက် ပြောက်ကျားထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြို့လယ်မှ ၅ မိုင်ခန့်သာ ကွာဝေးသည့် DSTA တိုက်ခိုက်ခံခဲ့ရသည့်အပြင် မြို့၏ဘေးပတ်လယ် တောင်ကြောများပေါ်တွင် မပေါက်ကွဲသေးသည့် ဒုံးလက်နက်များ ရှာဖွေတွေ့ရှိခဲ့ခြင်း နှင့် နောက်ဆက်တွဲတိုက်ပွဲများကြောင့် ပြင်ဦးလွင်သို့ လာရောက်လည်ပတ်မည့် ခရီးသွားများ စိတ်ပြောင်းသွားခဲ့သည်ဟု ဒေသခံဟိုတယ်များက ဆိုသည်။
လူဦးရေ နှစ်သိန်းခွဲကျော် နေထိုင်ပြီး မေမြို့ဟုလည်း လူသိများသည့် ပြင်ဦးလွင်၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ခရီးသွားလုပ်ငန်းဖြစ်ပြီး တစ်မြို့လုံးတွင် ဟိုတယ်နှင့်ခရီးသွားလာရေး လိုင်စင်ရ ဟိုတယ်ပေါင်း ၆၀ ခန့် နှင့် စည်ပင်သာယာလိုင်စင်နှင့်လုပ်ကိုင်သည့် တည်းခိုခန်းပေါင်း ၁၂၀ ခန့် ရှိသည်။ မြောက်ပိုင်းမဟာမိတ်တို့၏တိုက်ပွဲက ဟိုတယ် နှင့် တည်းခိုခန်းများ၏ ဝင်ငွေကို အကြီးအကျယ်ထိခိုက်ခဲ့သည်။
“ကြိုတင်အခန်းမှာထားတာတွေ ဖျက်ခံရတယ်။ အချို့ဟိုတယ်တွေဆို အခန်းတွေအကုန်လွတ်တဲ့အထိ ဖြစ်နေတယ်။ ပုံမှန်က မိုးတွင်း သုံးလက ဧည့်ပါးနေကျပေါ့။ ဒါပေမဲ့ ဒီလောက်ထိ မဖြစ်ဖူးဘူး” ဟု ပြင်ဦးလွင်ဟိုတယ် အတွင်းရေးမှူး ဦးဝေဠုက ပြောသည်။
Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ပြင်ဦးလွင်မှလူသိများသည့် ဟိုတယ်များဖြစ်သည့် ဟိုတယ်ပြင်ဦးလွင်၊ ဝင်းယူနတီဟိုတယ် နှင့် ဟိုတယ်ရွှေနန်းထိုက် တို့ကလည်း အခန်းငှားရန် ကြိုတင်စာရင်းပေးခဲ့ကြသည့် ခရီးသွားက တိုက်ပွဲသတင်းကြောင့် ဖျက်ခဲ့ပြီး မလာကြတော့ဟုဆိုသည်။ ရုန်းကန်နေရသည့် ဟိုတယ်လုပ်ငန်းမှာ ယခုလကုန်တွင် ပုံမှန်ပြန်ဖြစ်နိုင်သည်ဟု ၎င်းတို့က ခန့်မှန်းကြသည်။
“ဘိုကင်တွေ ဖျက်လိုက်ကြတာရှိတယ်။ ဒီလိုပဲ ဝင်လာတည်းတဲ့သူတွေပဲ ရှိတယ်” ဟု ဟိုတယ်တာဝန်ကျ ဝန်ထမ်းက Myanmar Now ကို ဖုန်းဖြင့်ဖြေသည်။
ရေတံခွန်များ၊ သဘာဝစမ်းချောင်းများ၊ လှပသည့်မြက်ခင်းပြင်များ၊ လာဗင်ဒါပန်းခင်းများကြောင့် ခရီးသွားများအကြား ရေပန်းစားသည့် ပြင်ဦးလွင်မြို့အထွက်မှ ဒီဇင်ဘာဥယျာဉ်သည်လည်း ဩဂုတ်လလယ် တိုက်ခိုက်မှုနောက်ပိုင်း ခရီးသွား သိသိသာသာ ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။
“ဒီဖြစ်ရပ်နောက်ပိုင်း ဧည့်ကိုမလာလောက်အောင် ဖြစ်သွားပြီဗျာ” ဟု ဒီဇင်ဘာဥယျာဉ် မန်နေဂျာ ဦးစိုးတင့်ကဆိုသည်။
ဒီဇင်ဘာသို့ နေ့စဉ် လူ ၅၀၀ ခန့် လာရောက်လည်ပတ်ပြီး စနေ၊ တနင်္ဂနွေ ရက်များတွင် လူ ၁,၀၀၀ ခန့် လာရောက်လည်ပတ်လေ့ရှိကြောင်း၊ တိုက်ပွဲဖြစ်ပြီးနောက် နေ့စဉ် လူ ၁၀၀ ခန့်သာ လာရောက်လည်ပတ်ပြီး စနေ၊ တနင်္ဂနွေနေ့များတွင်ပင် အများဆုံး ၃၀၀ ခန့်သာ ဝင်ရောက်တော့ကြောင်း ၎င်းကဆိုသည်။
မန္တလေးသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားများကလည်း စစ်ပွဲသတင်းကြောင့် ၎င်းတို့၏ အလည်အပတ်စာရင်းတွင် ပြင်ဦးလွင်ကို ဖယ်ထုတ်လိုက်ကြကြောင်း မန္တလေးမြို့အခြေစိုက် ကမ္ဘာလှည့်ခရီးသွားကား မောင်နှင်သူ ဦးစိုးပိုင်ပိုင်က ဆိုသည်။
“ကျွန်တော်တို့က ပြင်ဦးလွင်သာယာတယ်၊ သွားလည်ပတ်မလားလို့ နိုင်ငံခြားသားကိုမေးရင် “ဟာ မသွားဘူး။ အဲဒီမှာ စစ်ဖြစ်နေတယ်” လို့ ငြင်းဆန်ကြတယ်” ဟု ကမ္ဘာလှည့်ခရီးသွားများ၏ တုံ့ပြန်ပုံကို ဦးစိုးပိုင်ပိုင်က ပြောသည်။
စစ်ပွဲ၏ဂယက်က ခရီးသွားလုပ်ငန်းတစ်ခုတည်းတင်မဟုတ်ဘဲ အခြားနယ်ပယ်များကိုပါ ခြိမ်းခြောက်ခဲ့သည်။
မြန်မာနိုင်ငံအလယ်ပိုင်းမြို့တော် မန္တလေးနှင့် မိနစ်အနည်းငယ်သာ ကွာဝေးပြီး အပူအအေးလည်းမျှတသည့် ရာသီဥတုကြောင့် ပြင်ဦးလွင်တွင် ယခင်က လာရောက်အခြေချလိုသူ များပြားပြီး အိမ်ခြံမြေ အရောင်းသွက်ခဲ့သော်လည်း တိုက်ပွဲအရှိန်ကြောင့် ဈေးကွက်တန့်သွားခဲ့ကြောင်း SAI SAI အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း နှင့် SAI SAI Home တည်းခိုခန်း ပိုင်ရှင် ဒေါ်အေးအေးမွန်က ပြောသည်။
“ခါတိုင်းဆို နေ့တိုင်း လာဆက်သွယ်မေးသူတွေ ရှိတယ်။ အခု ဘယ်ဝယ်လက်မှမလာဘူး။ အွန်လိုင်းပေါ်ကြော်ငြာရင်လည်း “ဟင်း ဗုံးမှန်မှာကြောက်တယ်၊ မနေရဲတော့ဘူး၊ မအေးချမ်းဘူး” ဆိုပြီး ရေးကြပြောကြတယ်” ဟု သူကဆိုသည်။
“ဈေးသည်တွေလည်းအတူတူပဲ၊ ဝန်ထမ်းတွေရဲ့အမျိုးသမီးတွေ မိသားစုတွေက ကြောက်ပြီးမနေရဲတော့ဘဲ ပြေးကုန်တော့ ဝယ်စားမယ့်သူမရှိ၊ မရောင်းကြရတော့ဘူး” ဟုလည်း ဒေါ်အေးအေးမွန်ကဆိုသည်။
မြောက်ပိုင်းမဟာမိတ်များသည် ဩဂုတ်လ ၁၅ ရက် နံနက်အစောပိုင်း တိုက်ခိုက်မှုပြီးနောက် ပြင်ဦးလွင်နှင့်အနီးတစ်ဝိုက်တွင် မရှိတော့ဘဲ ပြည်ထောင်စုလမ်းမ တစ်လျှောက် ဆုတ်ခွာသွားပြီဖြစ်သော်လည်း Facebook ပေါ်မှ ကောလာဟလများက ခရီးသွားလုပ်ငန်းကို အနှောင့်အယှက် ပေးနေသည်ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့ အတွင်းရေးမှူး ဦးကိုကြီးကပြောသည်။
မငြိမ်းချမ်းသေးဟု ပျံ့နှံ့နေသည့် သတင်းမှားများကို ချေဖျက်ရန်အတွက် ဟိုတယ်လုပ်ငန်းရှင်များ၊ မြို့ခံများက ယမန်နေ့က မန္တလေးအခြေစိုက် သတင်းထောက်များအား ဖိတ်ခေါ်ပြီး ပုံမှန်အတိုင်းလည်ပတ်နေသည့် ပြင်ဦးလွင်မြို့ကို ပြသခဲ့သည်။
ယင်းအခမ်းအနားတွင် ပြင်ဦးလွင်ဟိုတယ် အတွင်းရေးမှူး ဦးဝေဠုက မြောက်ပိုင်းမဟာမိတ်များ၏ တိုက်ခိုက်မှုကို ယခုလို သုံးသပ်ခဲ့သည်။
“TNLA ကပစ်တဲ့ ရှော့တိုက်ဒုံးက တပ်မတော်ကို ပစ်တာမဟုတ်ဘူး၊ ပြင်ဦးလွင်စီးပွားရေးကိုပစ်ခဲ့တာ။”



