သတင်း

ဦးလှဆွေကို ရဲက ရှာမတွေ့သေး

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄က ဖြင့် တရားစွဲခံထားရသည့် ဦးလှဆွေအား ရှာဖွေရန် တာဝန်ပေးခံထားရသည့် ရဲဝန်ထမ်းက တရားရုံးသို့ လူကိုယ်တိုင် လာရောက် ရှင်းလင်းခြင်း မရှိ၍ ဦးလှဆွေအား ဩဂုတ်လ ၂၈ ရက်ထိ စောင့်ဆိုင်းရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ယနေ့ ဆုံးဖြတ်လိုက်သည်။

ရဲတပ်ဖွဲ့အား ဦးလှဆွေကို ယနေ့ ဩဂုတ်လ ၁၄ရက် တရားရုံးရှေ့သို့ ဖမ်းဆီးခေါ်ဆောင်လာရန် ဝရမ်းထုတ်ပေးထားခြင်း ဖြစ်သော်လည်း ယနေ့တွင် ရုံးတော်ရှေ့သို့ ဦးလှဆွေ ရောက်မလာခဲ့ပါ။

တရားရုံးက မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ ဦးလှဆွေနေထိုင်ရာ အိမ်လိပ်စာဖြင့် ဝရမ်းထုတ်ပေးထားရာ ဝရမ်းပြန်သွင်းရမည့် တာဝန်ရှိသူ ရဲဝန်ထမ်းက တရားရုံးသို့ လူကိုယ်တိုင် လာရောက် ရှင်းလင်းခြင်း မရှိ၍ ဩဂုတ်လ ၂၈ ရက်ထိ တရားရုံးက စောင့်ဆိုင်းရန် ဆုံးဖြတ်ကြောင်း တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ဆိုသည်

အသက် ၅၉ နှစ်အရွယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေသည် ဩဂုတ်လအစောပိုင်းက ရန်ကုန်မြို့လယ်တွင် ကျင်းပသည့် ဟောပြောပွဲတစ်ခုတွင် နိုင်ငံတော်ကို အကြည်ညိုပျက်စေသည့် စကားရပ်များ သုံးနှုန်းသည်ဆိုကာ တရားစွဲခံရခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံမှ မြန်မာတပ်မတော် ထိပ်တန်းအရာရှိများအပေါ် အရေးယူပိတ်ဆို့မှုများအား ဆန့်ကျင် ကန့်ကွက်ရှုတ်ချပွဲဟု အမည်တပ်ထားသည့် ယင်းဟောပြောပွဲတွင် ဦးလှဆွေကအမေရိကန်က လာဗုံးကြဲရင် ဝန်ကြီးများရုံးတို့၊ အစိုးရအဖွဲ့ရုံးတို့၊ အတိုင်ပင်ခံရုံးတို့၊ သမ္မတရုံးတို့ ဗုံးကြဲရင် သဘောမတူဘူးလားဟု စင်ပေါ်ကအော်ဟစ်ခဲ့ပြီးနောက် စင်အောက်မှ နားထောင်နေသူများကထောက်ခံပါတယ်ဟု သံပြိုင် အော်ဟစ်ကြသည်။

ယင်းအပြင်ဗုံးကြဲစမ်းပါ။ အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးတွေရုံးတွေ၊ အစိုးရအဖွဲ့ရုံးတွေ၊ အကုန်လုံးသေပါစေ၊ အေးရော မဟုတ်ဘူးလားဟု လည်းကောင်း ပြောဆိုသွားခဲ့သည်။

ဦးလှဆွေ၏ထိုသို့ပြောဆိုချက်များသည် နိုင်ငံတော်အစိုးရအပေါ် ထိခိုက်စော်ကားသည်ဟုဆိုကာ ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ပုဒ်မ ၁၂၄က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

ထို့အပြင် ဦးလှဆွေ၏ အဆိုပါနေ့က ပြောဆိုချက်များတွင် အစ္စလာမ်ဘာသာကို ထိခိုက်စေသည်ဟုဆိုကာ ကျောက်တံတားမြို့နယ်တရားရုံးတွင် တိုင်ကြားခံထားရသေးသည်။

ဇူလိုင်လဆန်းပိုင်းကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်များကို ချိုးဖောက်သည်ဟုဆိုကာ ဦးရွှေမန်း၏ယာဉ်မောင်းက ဦးလှဆွေအပေါ် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် ဘဝကတည်းက အထေ့အငေါ့များ၊ ပြိုင်ဘက်ပါတီများအပေါ် ပိဿလေးဘေးပစ် ဝေဖန်မှုများဖြင့် လူသိများလာခဲ့သည့် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေအတွက် တစ်လကျော်ကျော်အတွင်း အမှု သုံးမှုဖြင့် စွပ်စွဲခံရခြင်း ဖြစ်သည်။

ဦးလှဆွေမတိုင်မီ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄က ဖြင့် အစိုးရ၏အမှုဖွင့်ခံရသူတစ်ဦးမှာ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဘုန်းကြီး ဦးဝီရသူဖြစ်ပြီး လက်ရှိအစိုးရအဖွဲ့ ခေါင်းဆောင်များအားသူခိုးများဟု ပုတ်ခတ်ပြောဆိုခြင်းများအတွက် အနောက်ပိုင်းခရိုင်တရားရုံး၌ပင် ယင်းပုဒ်မဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဦးဝီရသူမှာလည်း ယခုအထိ အမှုကို လာရောက်ရင်မဆိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ၎င်း၏ပိုင်ဆိုင်မှုများကို ပေါင်နှံခြင်း၊ ရောင်းချခြင်း မပြုနိုင်စေရေး ဝရမ်းစွဲကပ်ရန် အမိန့်ချမှတ်ထားသည်။

ဦးလှဆွေအနေဖြင့် အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေပါက ဦးဝီရသူအမှုတွင် တရားရုံးက ဆောင်ရွက်သကဲ့သို့ ရာဇဝတ်ကျင့်ထုံးနှင့်အညီ ဆောင်ရွက်နိုင်ကြောင်း တရားရုံးပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ပြောသည်။

ဦးလှဆွေကို ဖမ်းဆီးရမိခြင်း မရှိရင် ဦးဝီရသူအမှုလို ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။ ကျင့်ထုံးဥပဒေနဲ့ အညီပါဟု ၎င်းကဆိုခြင်း ဖြစ်သည်။

တပ်မတော်တွင် ဒုဗိုလ်မှူးကြီးအထိ တာဝန်ထမ်းဆောင်ဖူးသော အသက် ၅၉ နှစ်အရွယ်ရှိ ဦးလှဆွေသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။

၎င်းသည် လွှတ်တော်ကိုယ်စားလှယ်ဘဝက တိုင်းရင်းသားလက်နက်ကိုင်များအား ငြိမ်းချမ်းရေးဆွေးနွေးရန် “… ရွှေလက်နဲ့ခေါ်တုန်းလာပါဘူးလက် (ကျည်ဆန်) လွှတ်ရတာ မကောင်းပါဘူးဟု ပြောခဲ့သဖြင့်ဘူးလက်လှဆွေဟု အမည်တွင်လာခဲ့သူဖြစ်သည်။

၎င်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြန်လည်အရွေးကောက်မခံရသည့် နောက်ပိုင်း တပ်မတော်ထောက်ခံပွဲများ၊ အခြေခံဥပဒေပုဒ်မ ၅၉ () မပြင်ဆင်ရေး ထောက်ခံပွဲများ၊ မဘသ ထောက်ခံပွဲများတွင် ပါဝင်ဟောပြောလေ့ရှိသည်။

Show More

Related Articles

Back to top button