
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ၏ ဩဂုတ်လဆန်းပိုင်း မဟာဗန္ဓုလပန်းခြံရှေ့ ဟောပြောချက်များနှင့် ပတ်သက်ပြီး ၎င်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဟု လူသိများသည့် ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ယမန်နေ့ သြဂုတ် ၇ ရက်တွင် ဖမ်းဝရမ်းထုတ်လိုက်သည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက Myanmar Now ကို အတည်ပြုသည်။
တပ်မတော်ထိပ်တန်းခေါင်းဆောင်များအား အမေရိကန်အစိုးရက မကြာမီက အရေးယူလိုက်သည့်အပေါ် ဩဂုတ်လ ၃ ရက်က ပြုလုပ်သည့် ဆန့်ကျင်ကန့်ကွက်ပွဲတွင် ဦးလှဆွေက “အမေရိကန်က လာဗုံးခွဲရင် ဝန်ကြီးများရုံးတို့၊ သမ္မတရုံးတို့၊ အစိုးရအဖွဲ့ရုံးတို့၊ အတိုင်ပင်ခံရုံးတို့ ဗုံးကြဲရင် သဘောမတူဘူးလား။ အသာလေး ကြည့်နေလိုက်ပေါ့” ဟု လည်းကောင်း၊“ဗုံးကြဲစမ်းပါ။ အစိုးရအဖွဲ့ရုံးတွေ၊ ဝန်ကြီးရုံးတွေ၊ အကုန်လုံးသေပါစေ၊ အေးရော မဟုတ်ဘူးလား”ဟု လည်းကောင်း ပြောဆိုသွားခဲ့သည်။
ဦးလှဆွေ၏ထိုသို့ပြောဆိုချက်များသည် နိုင်ငံတော်အစိုးရအပေါ် ထိခိုက်စော်ကားသည်ဟုဆိုကာ ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က အမှုဖွင့်လိုက်ခြင်းဖြစ်သည်။ ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။
ဦးလှဆွေမတိုင်မီ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် အစိုးရ၏အမှုဖွင့်ခံရသူတစ်ဦးမှာ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဘုန်းကြီး ဦးဝီရသူဖြစ်ပြီး လက်ရှိအစိုးရအဖွဲ့ ခေါင်းဆောင်များအား “သူခိုးများ” ဟု ပုတ်ခတ်ပြောဆိုခြင်းများအတွက် အနောက်ပိုင်းခရိုင်တရားရုံးကပင် ယင်းပုဒ်မဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ဦးဝီရသူကတော့ ယခုအထိ အမှုကို လာရောက်ရင်မဆိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေသည်။
လွှတ်တော်ကိုယ်စားလှယ် ဘဝကတည်းက အထေ့အငေါ့များ၊ ပြိုင်ဘက်ပါတီများအပေါ် ပိဿလေးဘေးပစ် ဝေဖန်မှုများဖြင့် လူသိများလာခဲ့သည့် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေအတွက် တစ်လကျော်ကျော်အတွင်း သုံးကြိမ်မြောက် အမှုဖွင့်ခံရခြင်းလည်းဖြစ်သည်။
တပ်မတော်တွင် ဒုဗိုလ်မှူးကြီးအထိ တာဝန်ထမ်းဆောင်ဖူးသော အသက် ၅၉ နှစ်အရွယ်ရှိ ဦးလှဆွေသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ၎င်းသည် လွှတ်တော်ကိုယ်စားလှယ်ဘဝက တိုင်းရင်းသားလက်နက်ကိုင်များအား ငြိမ်းချမ်းရေးဆွေးနွေးရန် “… ရွှေလက်နဲ့ခေါ်တုန်းလာပါ… ဘူးလက် (ကျည်ဆန်) လွှတ်ရတာ မကောင်းပါဘူး” ဟု ပြောခဲ့သဖြင့် “ဘူးလက်လှဆွေ” ဟု အမည်တွင်လာခဲ့သူဖြစ်သည်။
၎င်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြန်လည်အရွေးကောက်မခံရသည့် နောက်ပိုင်း တပ်မတော်ထောက်ခံပွဲများ၊ အခြေခံဥပဒေပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲများ၊ မဘသ ထောက်ခံပွဲများ တွင် ပါဝင်ဟောပြောလေ့ရှိသည်။
ထို့အတူ ဦးလှဆွေ၏ ဩဂုတ် ၃ ရက် ပြောဆိုချက်များတွင် အစ္စလာမ်ဘာသာကို ထိခိုက်စေသည့် အသုံးအနှုန်းများ ပါဝင်သည်ဟုဆိုကာအစ္စလာမ်ဘာသာရေးဆရာ ဦးဆန်းအောင်က သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် ကျောက်တံတားမြို့နယ်တရားရုံးတွင် ပြီးခဲ့သည့် အင်္ဂါနေ့က တရားလိုပြုလုပ် တိုင်တန်းထားသေးသည်။
မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုများကြောင့် ဗုဒ္ဓသည်ပင် နှာခေါင်းစည်းတပ်ဆင်ထားရပုံ ရေးဆွဲထားသည့် မြန်မာပန်းချီဆရာမတစ်ဦး၏ သရုပ်ဖော်ပန်းချီကို ရန်ကုန်ရှိ အမေရိကန်သံရုံး၏ လူမှုကွန်ရက် Facebook တွင် လွှင့်တင်ခဲ့ရာ လူမှုကွန်ရက်သုံးစွဲသူများက အပြင်းအထန် ဝေဖန်ခဲ့သဖြင့် သံရုံးက ထိုပုံကို မကြာမီ ပြန်လည်ဖြုတ်ချခဲ့ရသည့် ကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်သံရုံးသည် ဗုဒ္ဓရုပ်ပုံတွင် မျက်နှာဖုံးတပ်ရဲသော်လည်း သံရုံးကို အကြမ်းဖက် ဗုံးခွဲမည်ကို ကြောက်လန့်၍ တမန်တော် မိုဟာမက်ပုံကိုတော့ ထိုသို့မလုပ်ရဲကြောင်းဦးလှဆွေက ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
လူတစ်စားကိုးကွယ်သည့် ဘာသာ သာသနာတစ်ရပ်ရပ်ကို ပုတ်ခတ်စော်ကားခြင်းကို တားမြစ်သည့် ထိုပုဒ်မမှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။ ဦးလှဆွေအား ဖမ်းဝရမ်း ထုတ်ထားသည့်အပေါ် ရဲတပ်ဖွဲ့ကို ဖုန်းဆက်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပေ။
ဦးလှဆွေသည် ဇူလိုင်လဆန်းပိုင်းကလည်း ၎င်း၏လူမှုကွန်ရက်တွင် ရေးသားမှုများသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်များကို ချိုးဖောက်သည်ဟုဆိုကာ ဦးရွှေမန်း၏ယာဉ်မောင်းက ဦးလှဆွေနှင့်အတူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ ဖဆပလခေတ်ဒုဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏သား ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးကို နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခဲ့သည်။
ယခု ဝရမ်းနှင့် ပတ်သက်ပြီး ဦးလှဆွေကို ဆက်သွယ်၍မရသေးပါ။