သတင်း

မဟန၏ ခေါ်ယူဩဝါဒပေးမှုကို အင်းစိန်ရွာမဆရာတော်ကြီး ကြွရောက်ခြင်းမရှိ

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ခေါ်ယူဩဝါဒပေးရန် ပင့်လျှောက်ထားသော်လည်း အမျိုးဘာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)၏ ဥက္ကဋ္ဌဆရာတော် ဦးတိလောကာဘိဝံသ ကြွရောက်ခြင်းမရှိဘဲ ဆရာတော် ဦးသီလက္ခန္ဓာဘိဝံသသာ ကြွရောက်ခဲ့သည်။

အမျိုးဘာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့တွင် အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသသည် ဥက္ကဋ္ဌဖြစ်ပြီး မော်ကျွန်းဆရာတော် ဦးသီလက္ခန္ဓာဘိဝံသသည် ဒုတိယဥက္ကဋ္ဌ ဖြစ်သည်။

ဩဝါဒခံယူပွဲသို့ အင်းစိန်ရွာမဆရာတော် မလာရောက်ခဲ့သဖြင့် ဒုဥက္ကဋ္ဌဆရာတော် ဦးသီလက္ခန္ဓာကို မဟနဆရာတော် ၄၇ ပါးက အတွေ့မခံတော့ဘဲ သက်ဆိုင်ရာ တာဝန်ကျ သံဃာ ၁၄ ပါးဖြင့်သာ တွေ့ဆုံပေးခဲ့သည်ဟု မဟနဆရာတော်တစ်ပါးက မိန့်ဆိုသည်။

အင်းစိန်ရွာမဆရာတော် မလာရောက်ခြင်းနှင့် ပတ်သက်ပြီး ဒုဥက္ကဋ္ဌဆရာတော် ဦးသီလက္ခန္ဓာက ဩဝါဒခံယူရန် ပင့်လျှောက်ခံရသော ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းမှ အထွက်တွင် မီဒီယာများကို မိန့်ကြားခဲ့သည်။

ဆရာတော်ကြီးကတော့ သက်တော်ကြီးပြီဆိုတော့ ကျန်းမာရေးအရ မကြွလာနိုင်တာပေါ့။ အင်းစိန်ရွာမဆရာတော်ကြီး မကြွနိုင်တဲ့အတွက် မိန့်ကြားစရာရှိတာလည်း မမိန့်ကြားဘူး အဲ့လိုပဲပြောတာ။ ဩဝါဒ ပေးတာလည်း ကောင်းပါတယ်။ ဩဝါဒ ခံယူရတာပေါ့။ သူတို့လည်းဲ မိန့်စရာရှိတာ မိန့်လို့ရတာပေါ့။ ဘုန်းဘုန်းတို့လည်း လျှောက်စရာရှိတာ လျှောက်ရတယ်။ ဒီနေ့ကတော့ အဲ့ဒီကိစ္စတွေ ဘာမှကို မလုပ်လိုက်နိုင်ဘူး ဟု ဦးသီလက္ခန္ဓာက မိန့်ကြားသည်။

ယခုကဲ့သို့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)၏ ဒုဥက္ကဋ္ဌ ဆရာတော်တစ်ပါးသာ လာရောက်ခဲ့သည့်အတွက် တရားမဝင်အဖြစ် ကြေညာထားသော အဆိုပါအဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များက ဥပဒေအရအရေးယူရာတွင် ကြားဝင်ဖြေရှင်းပေးတော့မည်မဟုတ်ကြောင်း မဟန ဒုဥက္ကဋ္ဌဆရာတော် တစ်ပါးက Myanmar Now ကို မိန့်ဆိုသည်။

ဥပဒေအရ အရေးယူတဲ့အထိ မဖြစ်စေချင်လို့ ဒါနောက်ဆုံး ဩဝါဒပေးရန်ဆိုပြီးတော့ ကျုပ်တို့က ဆင့်ခေါ်တာပါ။ ဥပဒေကို ချိုးဖောက်ရင် မည်သည့်ရဟန်းသံဃာမဆို ၂၀/ ၉၀ ဆိုတာ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေမှာ ပါပြီးသားပါ။ နိုင်ငံတော်သံဃမဟာနာယက ကလည်း အပြစ်ရှိရင် အပြစ်ရှိသလို ရှင်းရမှာဲ။ ဩဝါဒစရိယလည်း အပြစ်ရှိရင် ရှင်းရမှာဲလေ။ မဘသ အဖွဲ့အစည်းတွေ လှုပ်ရှားမှုတွေရှိတယ်လေ။ လှုပ်ရှားမှုလုပ်တဲ့ဆီကနေ ဆက်လက်ပြီးတော့ ဦးဝီရသူကို ဥပဒေအရ အရေးယူသလို အဲ့ဒီဥပဒေကဏ္ဍနဲ့ သွားလိမ့်မယ်။ ကျုပ်တို့က ပြစ်မှုဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ကို ကျူးလွန်ရင် ကျုပ်တို့က ဓမ္မစက်က ရှေ့ကမသွားဘူး အာဏာစက်ကရှေ့သွားတာ။ အဲ့လို မဖြစ်စေချင်လို့ ခုနောက်ဆုံးခေါ်တွေ့တာဟု အဆိုပါမဟနဆရာတော်က မိန့်သည်။

ယခု ဩဝါဒခံယူပွဲတွင် မဘသဥက္ကဋ္ဌဆရာတော် မလာရောက်သဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့က ချမှတ်ခဲ့သော မဟန ၄၇ ပါး၏ ဆုံးဖြတ်ချက်ဖြစ်သော မူငါးချက်ကို ယနေ့ ထပ်မံအတည်ပြုခဲ့ကြောင်း မဟနဆရာတော်က Myanmar Now ကို မိန့်ကြားသည်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)၏ ဒုဥက္ကဋ္ဌဆရာတော် ဦးသီလက္ခန္ဓာဘိဝံသကို ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းမှ အထွက်တွင် ယနေ့ တွေ့ရစဉ်

သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ တွင် သံဃာ့အဖွဲ့အစည်းက ခေါ်ယူဆုံးမသည်ကို မလိုက်နာပါလျှင် သာသနာရေးဌာနက တရားရုံးထံ ဦးတိုက်လျှောက်ထားနိုင်ပြီး တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက ထောင်ဒဏ် ခြောက်လအထိ ပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။

အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ကို တရားမဝင်အသင်းအဖြစ် ၂၀၁၇ ခုနှစ်၊ မေလ ၂၃ ရက်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ကြေညာခဲ့ပြီး ၄ ရက်အကြာတွင် မဘသကို အမျိုးဘာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဟု အမည် ပြောင်းလဲခဲ့သည်။

ယနေ့ပြုလုပ်သော ဩဝါဒခံယူပွဲသို့ အမျိုးသားရေးဆိုသောပွဲများ ဦးဆောင်ပြုလုပ်လေ့ရှိသည့် ဦးဝင်းကိုကိုလတ် အပါအဝင် လူ ၅၀ ခန့် လာရောက်ဝန်းရံကြသည်ကို တွေ့ရပြီး လုံခြုံရေးအင်အားလည်း ပိုမိုတင်းကျပ်ထားသည်ကို တွေ့ရသည်။

ဆရာတော်ကြီးတွေကို နောက်ဆုံးအကြိမ် ဩဝါဒပေးတယ်ဆိုတော့၊ နောက်ဆုံးအဆင့် ဖမ်းဆီးဖို့အထိ ကြားထားတော့ ဆရာတော်တွေကို စိုးရိမ်လို့လာကြတာပေါ့။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားရေးကိစ္စတွေ၊ ဘာသာရေးကိစ္စတွေကို ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည် တကယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆုံးမဩဝါဒ ပေးမယ်ဆိုရင်တောင်မှ အမှားအယွင်းတွေပဲလို့ ကျွန်တော်တို့ကမြင်ပါတယ် ဟု ဦးဝင်းကိုကိုလတ်က ပြောသည်။

ယနေ့ပြုလုပ်မည့် ဩဝါဒခံယူပွဲအတွက် ဖိတ်ကြားရန် ဇူလိုင် ၂၈ ရက် ညနေတွင် အင်းစိန်ရွာမကျောင်းသို့ မဟနဆရာတော် ၂ ပါးနှင့် သာသနာနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးလိုက်ပါပြီး ဇူလိုင် ၂၈ ညတွင် သွားရောက်ဖိတ်ကြားခဲ့ရာ ချက်ချင်းလိုက်မည်ဟု သင်္ကန်းလဲ ပြင်ဆင်ခဲ့သဖြင့် ဇူလိုင် ၂၉ နံနက် ၉ နာရီ မှ လာရောက်ရန် ပြန်လည်လျှောက်ထားခဲ့ကြောင်း မဟန ဆရာတော်က ပြောသည်။

ဩဝါဒခံယူပွဲသို့ အမျိုးဘာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို)၏ ဥက္ကဋ္ဌဆရာတော် ဦးတိလောကာဘိဝံသက ကိုယ်တိုင်မလာရောက်ဘဲ စာဖြင့် မလာရောက်နိုင်သည့်အကြောင်းကို ဒုဥက္ကဋ္ဌမှတစ်ဆင့် တင်ခိုင်းခဲ့သော်လည်း မဟနဆရာတော်များမှ လက်မခံခဲ့ကြောင်း မဟနဆရာတော်တစ်ပါးထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့က ချမှတ်ခဲ့သော မဟန ၄၇ ပါး၏ ဆုံးဖြတ်ချက်

———————

(က) ။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး၊ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ လမ်းညွှန်မှုတောင်းခံခြင်းကို ပယ်ချရန်။

(ခ) ။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းသည် တရားမဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းသာဖြစ်ကြောင်း ဆုံးဖြတ်ရန်။

(ဂ) ။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ဝင်အားလုံးသည် ၎င်းတို့၏ အဖွဲ့အမည်ကို သုံးစွဲလျက် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်း မပြုရန်။

(ဃ) ။ မြန်မာပြည်အနှံ့အပြား စိုက်ထူထားသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း၏ ဆိုင်းဘုတ်များကို ဆုံးဖြတ်ချက်ချသည့်နေ့မှ ၄၅ ရက်အတွင်း ဖြုတ်သိမ်းရန်။

(င) ။ အထက်ပါဆုံးဖြတ်ချက်များကို မလိုက်နာပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/ ၉၀ ဖြင့် အရေးယူရန်၊ လူပုဂ္ဂိုလ်ဖြစ်လျှင် တည်ဆဲဥပဒေများဖြင့် အရေးယူရန်။

Show More

Related Articles

Back to top button