“ကျွန်တော့်သမီးကို နောက်တစ်ကြိမ် ထွေးပွေ့ခွင့် ရတော့မှာ မဟုတ်ဘူး”ဟု အင်ဒရာဗာဒန် ဆင်ဂီက အသံတုန်တုန်နှင့် ပြောသည်။
ဝမ်းနည်းခံစားနေရသည်များကို လူမမြင်နိုင်ရန် မျက်နှာလွှဲလိုက်ပြီး သူဆက်ပြောသည်။
“ကျွန်တော့်သမီးနဲ့မျက်လုံးချင်း ဆုံပြီးတော့တောင် ကြည့်ခွင့်ရတော့မှာမဟုတ်ပါဘူး။”
မိတ်ဆွေများ၊ မိသားစုဝင်များနှင့် စည်ကားနေသော နေအိမ်ကို ဆင်ဂီ စိတ်ပျက်လက်ပျက် ကြည့်နေရင်းက သမီးဖြစ်သူ၏ သီလရှင်ဝတ်ပွဲကို ကျင်းပရန် နေအိမ်ဧည့်ခန်းကို ရွှေရောင်နှင့် ပန်းရောင် ပန်းဖွားများ ချိတ်ဆွဲ၍ အလှဆင်နေသည်။
သီလရှင်ဝတ်ပွဲ မကျင်းပမီ ရက်အနည်းငယ်အလိုတွင် ရပ်ဝေးရပ်နီးမှ မိသားစုဝင်များ အားလုံး ဆုံကြသည်။ သီလရှင်ဝတ်မည့်သမီးဖြစ်သူ၏ ရက်အနည်းသာကျန်သော လူဝတ်ကြောင် ဘဝကို တူတူ ဖြတ်သန်းရန်ဖြစ်သည်။ သီလရှင်ဝတ်နှင့် မလုပ်နိုင်တော့မည့်အရာများဖြစ်သည့် ရပ်ကွက်ပန်းခြံတွင် ခရစ်ကက်ကစားခြင်း၊ သီချင်းနားထောင်ခြင်းနှင့် နှစ်သက်သော စားသောက်ဆိုင်များတွင် စားသောက်ခြင်း စသည်တို့ကို တပျော်တပါးလုပ်ကြသည်။
သီလရှင်ဝတ်ပြီးပါက အသက်၂၀ သာရှိသေးသော ဓရူဝီသည် မိဘနှစ်ပါးကို အဖေ၊ အမေဟု ခေါ်တော့မည် မဟုတ်ပါ။ မိမိဆံပင်များကို ဆွဲနုတ်မည်ဖြစ်ပြီး ခြေဗလာဖြင့် လမ်းလျှောက်ကာ ဆွမ်းခံရလာသည် များကိုသာ မှီဝဲတော့မည် ဖြစ်သည်။ မော်တော်ကားစသည့် ယာဉ်အမျိုးမျိုးကိုလည်း ဘယ်သောအခါမှ စီးနင်းတော့မည် မဟုတ်ပါ။ ရေချိုးခြင်း၊ ပန်ကာအောက်တွင် အိပ်စက်ခြင်း၊ မိုဘိုင်းဖုန်းဖြင့် စကားပြောခြင်း စသည်တို့ကိုလည်း ရာသက်ပန် ရှောင်ကြဉ်တော့မည်ဖြစ်သည်။
ဆင်ဂီမိသားစုသည် သက်ဝင်ယုံကြည်သူ ၄ ဒသမ ၅ သန်းရှိသော ရှေးဟောင်းဂျိန်းဘာသာဝင်များ ဖြစ်ကြသည်။ လူဦးရေ သန်း ၁၃၀၀ ကျော်ရှိ၍ ဟိန္ဒူဘာသာဝင်အများစုဖြစ်သော အိန္ဒိယမှာတော့ ဂျိန်းဘာသာသည် လူနည်းစုသာဖြစ်သည်။ ဘာသာရေးကိုင်းရှိုင်းသော ဂျိန်းဘာသာဝင်များသည် ဘုန်းတော်ကြီးများ၏ လမ်းညွှန်မှုအတိုင်း ဘာသာရေးအဆုံးအမများကို လိုက်နာကြသည်။ ထိုအဆုံးအမများတွင် နေ့စဉ်ဘဝတွင် မည်သို့နေထိုင်ရမည်ကို အသေးစိတ်လမ်းညွှန်မှုများ ပါဝင်သည်။ အထူးသဖြင့် ဘာတွေကို မစားရ၊ ဘာတွေကိုသာ စားရမည်၊ မည်သည့်အချိန်မှာသာ စားရမည် စသည်တို့ဖြစ်သည်။
အင်ဒရာဗာဒန် ဆင်ဂီနှင့် ဇနီးဖြစ်သူသည် လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ၎င်းတို့၏ တစ်ဦးတည်းသောသမီးလေး ဘာသာရေး ပိုမိုကိုင်းရှိုင်းလာပြီး လူအများနှင့် မရောဘဲ တသီးတခြားဆန်လာသည်ကို တွေ့ခဲ့ရသည်။ ယခင်ကမူ သမီးဖြစ်သူသည် အပေါက်များပါသည့် ဂျင်းဘောင်းဘီများကို ဝတ်ဆင်ရသည်ကို ကြိုက်နှစ်သက်ပြီး သီချင်းဆိုပြိုင်ပွဲတစ်ခု ဖြစ်သည့် Indian Idol တွင် ပထမဆုဆွတ်ခူးဖို့အထိ စိတ်ကူးယဉ်နေခဲ့သူ ဖြစ်သည်။
သို့သော်ဓရူဝီသည် ဒိရှာကို ခံယူပြီး ၎င်းကျင်လည်ခဲ့သော လောကီဘဝဟောင်းကို စွန့်လွှတ်တော့မည်ဖြစ်သည်။ ဒိရှာဆိုသည်မှာ ဂျိန်းဘာသာဝင်များ သာသနာ့ဘောင်ဝင်ရန် ကျင်းပသည့် အခမ်းအနားတစ်ခု ဖြစ်သည်။
ထိုသို့ဒိရှာခံယူသည်မှာ ဓရူဝီတစ်ယောက်တည်းတော့ မဟုတ်ပါ။ နှစ်စဉ် ဒိရှာခံယူသော ဂျိန်းလူငယ်အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လျက်ရှိပြီး သာသနာ့ဘောင်ဝင်သော ဂျိန်းလူငယ်အများစုသည် အမျိုးသမီးများ ဖြစ်သည်။
“လွန်ခဲ့တဲ့ နှစ်အနည်းအတွင်းကဆိုရင် တစ်နှစ်ကို ဒိရှာပွဲ ၁၀ ပွဲ၊ ၁၅ ပွဲလောက်ပဲ ရှိတယ်” ဟု
မွမ်ဘိုင်း တက္ကသိုလ်တွင် ဂျိန်းအဘိဓမ္မာဘာသာရပ်ကို သင်ကြားသည့် ဒေါက်တာ ဘီပင် ဂျိုရှီက ဆိုသည်။ ယခုနှစ်တွင် ဒိရှာပွဲပေါင်း ၄၀၀ ခန့် ရှိနိုင်သည်ဟု ဒေါက်တာဂျိုရှီက ခန့်မှန်းသည်။
ယခုကဲ့သို့ သာသနာ့ဘောင်ဝင်ရောက်သူ များပြားလာခြင်းသည် အကြောင်း သုံးခုကြောင့်ဟု ဂျိန်းအသိုင်းအဝိုင်း ခေါင်းဆောင်များက ဆိုသည်။ ခေတ်ပေါ်လူနေမှုဘဝ၏ ဖိအားများကို လူငယ်များ စက်ဆုပ်လာခြင်း၊ ဘာသာရေးဂုရုများ ခေတ်ပေါ်နည်းပညာများကို သုံးစွဲလာသောကြောင့် ဘာသာရေးအယူအဆများကို လူအများနှင့် ပိုမိုလွယ်ကူစွာ ဝေမျှနိုင်ခြင်း၊ တရားစခန်းများ ဖွင့်ခြင်းကြောင့် လူငယ်များသည် လောကီဝတ်ကို စွန့်လွှတ်စရာမလိုဘဲ လောကုတ္တရာတရားအရသာကို မြည်းစမ်းနိုင်ခြင်းကြောင့် ဖြစ်သည်။
ခေတ်ပေါ်လူနေမှုဘဝ၏ ဖိအားများ
ဆက်သွယ်မှု မြန်ဆန်ကောင်းမွန်သော ခေတ်သစ် လူနေမှုဘဝ၏ စီးပွားရေးနှင့် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ဖိအားများကြောင့် ယခုလို သာသနာ့ဘောင်ဝင်သူ များပြားလာခြင်း ဖြစ်သည်ဟု ဒေါက်တာဂျိုရှီက ဆိုသည်။
“နယူးယောက်တို့၊ ဥရောပတို့မှာ ဖြစ်ပျက်နေတာတွေကို ဒီကနေပြီးတော့ အချိန်နဲ့တစ်ပြေးညီ ကြည့်နိုင်နေပြီ။ အရင်တုန်းကဆိုရင်တော့ အာရုံစိုက်စရာဆိုလို့ အိမ်ရှေ့လမ်းမပေါ်က အဖြစ်အပျက်တွေပဲရှိတာ။ အခုဆိုရင်တော့ တစ်ကမ္ဘာလုံးက အဖြစ်အပျက်တွေကို သိနိုင် မြင်နိုင်ပြီ” ဟု ဒေါက်တာက ပြောသည်။ ထို့ပြင် မြန်ဆန်သည့် ခေတ်လူနေမှုဘဝကို အမီ မလိုက်နိုင်ဘဲ နောက်ကောက်ကျမည်ကို စိုးရိမ်သည့်စိတ်က လူငယ်များကို ထွက်ပေါက်ရှာရန် တွန်းအားပေးနေသည်ဟု ၎င်းက သုံးသပ်သည်။
“ဒိရှာခံယူပြီး လောကီကို စွန့်ခွာလိုက်ပြီဆိုတာနဲ့ ဘာသာရေးအရ မြင့်မြတ်တဲ့သူ ဖြစ်သွားပြီ။ အချမ်းသာဆုံးဆိုတဲ့လူကတောင် ဝတ်တွားရှိခိုးရတဲ့သူ ဖြစ်သွားပြီ” ဟု ၎င်းက ဆက်ပြောသည်။
အရိုးအကြောအဆစ်ပညာရှင်တစ်ဦးဖြစ်သော ပူဂျာ ဘီနခီရသည် လွန်ခဲ့သည့်လက ဒိရှာခံယူပြီး သီလရှင်ဝတ်ခဲ့သည်။ သာသနာ့ဘောင်ဝင်ပြီးနောက် ၎င်း၏ဘဝအမြင်များ လုံးဝကို ပြောင်းလဲသွားသည်ဟု ပူဂျာက ဆိုသည်။
လူဝတ်ကြောင်ဘဝက သူဖြတ်သန်းခဲ့ရသော နေ့ရက်များသည် မိသားစု၊ မိတ်ဆွေများ၊ အလှအပနှင့် အလုပ်အကိုင်အတွက် ပူပန်စိုးထိတ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ ယခုမူ မိတ်ဆွေများက သူ့အပေါ် မည်သို့ထင်မြင်မည်ကို စိုးရိမ်စရာ မလိုတော့ဟု ဆိုသည်။
“ဒီမှာတော့ ဆရာလေးတို့တွေ နာမ်ဝိညာဉ်၊ နာမ်ဝိညာဉ်၊ နာမ်ဝိညာဉ်အကြောင်းပဲ တွေးတယ်” ဟု တည်ကြည် ငြိမ်သက်စွာဆိုသည်။
ဆိုရှယ်မီဒီယာပေါ်ရှိ ဂုရုများ
ဒိရှာပွဲမတိုင်မီ ရက်အနည်းငယ်အလိုတွင် ဂုရုကြီးသည် “ကျွန်မအတွက် အရာအားလုံးပဲ ဖြစ်တယ်” ဟု ဓရူဝီ ပြောခဲ့သည်။
“ဂုရုဆရာမကြီးက ကျွန်မဘဝပဲ။ ဆရာမကြီး ဘာပြောပြော ကျွန်မနာခံဖို့အသင့်ပဲ” ဟုဆိုသည်။
အတွေ့အကြုံမရှိသေးသော ဂျိန်းဘာသာဝင်လူငယ်အများစုသည် ၎င်းတို့၏ ဂုရုကြီးများကို ဓရူဝီကဲ့သို့ လေးစားမြတ်နိုးကြသည်။ ထိုဘာသာရေးခေါင်းဆောင်ဂုရုကြီးများသည် ကိုးကွယ်သူများ ၎င်းတို့အပေါ် သစ္စာရှိပြီး နာခံတတ်ရန် သြဇာလွှမ်းမိုးနိုင်သူများဖြစ်သည်မှာ မလွဲပါချေ။
ဒေါက်တာ ဂျိုရှီကမူ ယခင်က ဤသို့မဟုတ်ဟု ဆိုသည်။
“အရင်က ဂုရုတွေ၊ရသေ့တွေဆိုတာက လူတွေနဲ့ အရောတဝင်မရှိဘူး။ ကိုယ့်တရားပေါက်မြောက်ဖို့ကိုပဲ အာရုံထားကြတာ။ ဒါပေမဲ့အခုတော့ လူတွေနဲ့ ပိုပြီး အရောတဝင်ရှိလာပြီ။ အထူးသဖြင့် လူငယ်တွေကို အဓိကထားပြီး တရားပြကြတာ” ဟု သူက ပြောသည်။
“ဂုရုတွေက တရားဟော အရမ်းကောင်းတဲ့အပြင် လူငယ်တွေ လိုက်နာနိုင်မယ့် ရိုးရှင်းတဲ့နည်းလမ်းကိုပဲ တရားပြကြတာဆိုတော့ လူငယ်တွေ စိတ်ဝင်စားတာပေါ့” ဟု ဆက်ပြောသည်။
လွန်ခဲ့သည့် ၁၀ နှစ် ရှေ့ပိုင်းကမူ ဂျိန်းဘာသာဝင်တို့သည် ဘာသာရေးအဆုံးအမများကို ရှေးဟောင်း အိန္ဒိယဘာသာစကားဖြစ်သော အာဓမာဂဓီ သို့မဟုတ် သင်္သကရိုက် ဘာသာဖြင့်သာ ဖတ်ရှုကြရသည်။ ယခုမူ ဂျိန်းဘာသာရေးကျမ်းစာများကို အင်္ဂလိပ်ဘာသာအပါအဝင် ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုရေးသားပြီး ဖြစ်သည်။
“ဂျိန်းဘာသာရေး ပုံပြင်တွေကို ဆိုရှယ်မီဒီယာတွေမှာ ဝေမျှနိုင်အောင် ဇာတ်လမ်းတိုလေးတွေ ရိုက်ကူးကြတယ်။ လူငယ်တွေအတွက်တော့ စာဖတ်တာက သိပ်အရေးမကြီးပေမယ့် တစ်မိနစ်၊ နှစ်မိနစ်စာ ဇာတ်လမ်းလေးတွေက သူတို့ကို အရမ်းဆွဲဆောင် လွှမ်းမိုးနိုင်တယ်” ဟု ဒေါက်တာ ဂျိုရှီက ဆိုသည်။
ထိုဘာသာရေးဇာတ်လမ်းတို ဗီဒီယိုများကို ဆိုရှယ်မီဒီယာများ၊ အထူးအဖြင့် WhatsApp မှတဆင့် ဝေမျှကြသည်။ ထို့အပြင် သာသနာ့ဘောင်ဝင်ခြင်း၏ ကြီးကြယ်မြင့်မြတ်မှုကို ရုပ်ရှင်ကြီးများ ရိုက်ကြသည်။ အချို့ရုပ်ရှင်များတွင် ဂျိန်းဘုန်းကြီးများကို လူစွမ်းကောင်းများသဖွယ် ရိုက်ကူးပြကြသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဂျိန်းဘာသာရေးအင်န်ဂျီအိုအဖွဲ့များက ရိုက်ကူးထုတ်လုပ်သည့် ရုပ်ရှင်ဇာတ်ကားများသည် လူငယ်ပိုင်းကိုးကွယ်သူများ ဘာသာရေးအဆုံးအမများကို လက်လှမ်းမီနိုင်ရေးအတွက် အခရာကျသည်ဟု ဂျိန်းဘုန်းကြီးတစ်ပါးဖြစ်သော မုနိ ဇိနဝေသာလ ဝိဇယ မဟာရာဇာသဟေဘက မိန့်သည်။
၎င်းကိုယ်တိုင်ပင် ကြည့်ရှုသူ တစ်သန်းကျော်ရှိသော YouTube ဗီဒီယိုများ ရိုက်ကူးဖြန့်ဝေခဲ့သည်။
“လူငယ်တွေကို ဆွဲဆောင်ချင်ရင် သူတို့ကို ကိုယ့်ဆီရောက်အောင် ခေါ်မယ့်အစား သူတို့ရှိတဲ့ နေရာကို သွားတာက ပိုပြီးထိရောက်တယ်။ YouTube ကအဲဒါအတွက် အကောင်းဆုံးရွေးချယ်မှုပဲ။ ဘာလို့လဲဆိုတော့ လူငယ်တွေက YouTube ပေါ်မှာပဲ အချိန်ကုန်ကြတာများတယ်လေ” ဟု ဘုန်းတော်ကြီးက မိန့်သည်။
တရားစခန်းများ
လွန်ခဲ့သည့် ငါးနှစ်က ဝင်ရောက်ခဲ့သော ၄၈ ရက်ကြာတရားစခန်းက သာသနာ့ဘောင်ဝင်ရန် အစပျိုးပေးခဲ့သည်ဟု ဓရူဝီက ပြောသည်။
ဂုရုကြီး၏ အဆုံးအမအောက်ရှိ တရားစခန်းများတွင် လူဝတ်ကြောင်ဂျိန်းဘာသာဝင်များသည် ဖိနပ်မစီးသော၊ လျှပ်စစ်မီးမသုံးသော၊ ရေမချိုးသော ဂျိန်းဘုန်းကြီး၊ ဂျိန်းသီလရှင်ဘဝကို မြည်းစမ်းနိုင်ကြသည်။
သာသနာ့ဘောင်သို့ ဝင်ရောက်လာသူအများစုအတွက် လူဝတ်ကြောင်ကိုစွန့်လွှတ်ရန် အများဆုံးဆုံးဖြတ်ကြသည့်အချိန်မှာ ဂုရုကြီးများက ကြေကွဲဝမ်းနည်းစရာများနှင့် ပြည့်နှက်နေသော လောကီဘုံကို စွန့်ခွာရန် တိုက်တွန်းတရားပြသည့် ပင်ပန်းးကြမ်းတမ်းသော တရားစခန်းများတွင် ဖြစ်သည်ဟု ဆိုကြသည်။
သို့သော်ထိုတရားစခန်းများကို ချက်ချင်း လွယ်လွယ်ကူကူ ဝင်ရောက်နိုင်သည် မဟုတ်ပါ။
တရားစခန်းဝင်လိုသူများသည် ရက်တိုတရားစခန်းများကို အရင်ဝင်ကြရသည်ဟု မွမ်ဘိုင်းတွင် ဒိရှာပွဲများကို စီစဉ်သည့် ဟိတေသ မောတက ဆိုသည်။
“ရက်တိုစခန်းတွေ ဝင်ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် အရင်လုပ်ရတယ်။ တဖြည်းဖြည်းနဲ့ အသားကျအောင် ကျင့်ယူရတာ။ နောက်တစ်ကြိမ်ဝင်ရင် ဒီထက် ရက်နည်းနည်းတိုးပြီး နေနိုင်မယ်ဆိုပြီးတော့ပေါ့” ဟု ၎င်းက ပြောသည်။
“သာသနာ့ဘောင်ဝင်ဖို့ဆိုတာလည်း အကြောက်တရားတွေ ရှိတာပဲ။ အရာအားလုံးကို စွန့်လွှတ်ရတော့မယ်ဆိုတဲ့ စိုးကြောက်မှုတွေရှိတယ်။ အဲ့ဒီလိုအကြောက်တရားတွေကို တရားစခန်းမှာ အပြီးပယ်သတ်ကြရတယ်။ ဒါက ပထမအဆင့်ပဲ၊ သာသနာ့ဘောင်ဝင်ဖို့ လေ့ကျင့်ပေးတဲ့ စခန်းပါပဲ” ဟု ၎င်းက ပြောသည်။
လွန်ခဲ့သည့်လက နာရှခ်မြို့ အနောက်ပိုင်းတွင် အဝတ်အစား တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားသော လူပေါင်း ၆၀၀ သည် ရထားလုံးများစီး၍ မြို့အတွင်း လှည့်လည် အောင်ပွဲခံကြသည်။ ထိုလူအများစုသည် အသက် ၂၅ နှစ်အောက် လူငယ်များဖြစ်ပြီး ထိုရာပေါင်းများစွာသော လူငယ်များသည် ဒိရှာခံယူရန် ဆန္ဒရှိကြသည်။
အသက် ၁၂ နှစ်အရွယ် ဟေတ ဒိုရှိသည်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။
ဟေတသည် ထူးချွန်ကျောင်းသားတစ်ဦးဖြစ်ပြီး စကိတ်စီးချန်ပီယံလည်း ဖြစ်သည်။ စကိတ်စီးပြိုင်ပွဲ သုံးပွဲကို စွန့်လွှတ်၍ ရက်သတ္တပတ်ပေါင်းများစွာ ကျောင်းမတက်ဘဲ ခွင့်ယူပြီး တရားစခန်းဝင်ခဲ့သူ ဖြစ်သည်။ တရားစခန်းတွင် ကိုယ်အလေးချိန် ၁၈ ကီလိုဂရမ် (ပေါင် ၄၀) ကျဆင်းခဲ့ပြီး သူ့ခြေထောက်များတွင် ရေကြည်ဖုများပင် ပေါက်ခဲ့သည်။ သို့သော် သူ့နှလုံးသားထဲတွင် ဘာသာရေး မီးတောက် တောက်လောင်နေပြီဟု ဟေတက ဆိုသည်။
“ကျွန်တော့်ရဲ့ ဂုရုကြီးကမိန့်တယ်၊ ဒီလောကကြီးမှာ ကောင်းတာ ဘာမှ မရှိဘူးတဲ့။ ဒီရုပ်ဝတ္ထုနောက်ကိုပဲ လိုက်နေကြတဲ့ လောကကြီးထဲက ဘယ်အရာကိုမှ ကျွန်တော် မနှစ်မြို့တော့ဘူး။ ကျွန်တော့်ရဲ့ ဝဋ်ဒုက္ခဆင်းရဲတွေ၊ အပြစ်တွေကနေ လွတ်မြောက်ချင်တယ်။ ဒါကြောင့် ကျွန်တော် ဒိရှာခံယူချင်တယ်။ နောက်ကျမှ ခံယူတာနဲ့စာရင် စောစောခံယူတာက ပိုသင့်တော်တယ်လို့ ကျွန်တော့်ဂုရုက ပြောပါတယ်။ အဲဒီတော့ ကျွန်တော် အသက် ၁၅ နှစ်မပြည့်ခင် ဒိရှာခံယူချင်ပါတယ်” ဟု ဟေတက ဆိုသည်။ သူ့ကို ကြည့်ရသည်မှာ သူပြောသည့် စကားလုံးများ၏ အတိမ်အနက်ကို အပြည့်အဝ နားလည်သေးဟန် မတူပါချေ။
ဟေတ၏ မိဘနှစ်ပါးကတော့ သားလေးကို ဂုဏ်ယူစွာ ကြည့်နေကြသည်။ သို့သော် မိဘတိုင်းက သာသနာ့ဘောင်ဝင်မည့် ရင်သွေးများအပေါ် ဤကဲ့သို့ ဂုဏ်ယူကြည်ဖြူနိုင်ကြသည် မဟုတ်ပါ။
မိဘနှစ်ပါး၏ ခွင့်ပြုချက်ရရန် ဓရူဝီ တစ်ယောက် အတော်ပင် ကြိုးစားလိုက်ရသည်။
“ကျွန်မအိမ်ကို ဖွင့်ပြောတုန်းက မိသားစုဝင်တွေ တော်တော် စိတ်မကောင်းဖြစ်ကြတယ်” ဟု သူက ဆိုသည်။
ထို့ကြောင့် ဓရူဝီသည် နောင်ရေးကို စဉ်းစား၍ ဒိရှာခံယူမည့်အကြောင်းကို နှစ်အနည်းငယ်ကြာအောင် စကားပင် မဟခဲ့ပါ။ အတင်းအကျပ် ခွင့်တောင်းပါက ဂုရုကြီးနှင့် တူတူ ခရီးထွက်နိုင်ခွင့် ပိတ်ပင်ခံရမည်ကို စိုးရွံ့သောကြောင့်ဖြစ်သည်။
မိသားစုလက်ခံနိုင်ရန် တဖြည်းဖြည်း ကြိုးစားဖျောင်းဖျနိုင်ခဲ့သော်လည်း အပေါ်ယံဟန်ဆောင်မှု အောက်တွင် မကျေမနပ်ခံစားချက်များက ရှိနေဆဲဖြစ်သည်။
သာသနာ့ဘောင်ဝင်မည့် နံနက်ခင်းတွင် သီလရှင်ဝတ်စုံကို မဆင်မြန်းခင် ဓရူဝီကို ဖခင်ဖြစ်သူက နောက်ဆုံးအကြိမ် ပွေ့ဖက်လိုက်ပါသည်။ ဖခင်၏မျက်နှာတွင် ဝမ်းနည်းကြေကွဲရိပ်များ သန်းလျက်ရှိသည်။
“ဒီလိုမျိုး တခမ်းတနားနဲ့ ဟန်ကြီးပန်ကြီးရှိတာက ရှိတာပေါ့။ နောက် နှစ်နှစ်လောက်ကြာရင် တစ်ခါပြန်သုံးသပ်ကြတာပေါ့” ဟု သူက ဆိုသည်။
BBC ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော India Jains: Why are these youngsters renouncing the world? ကို ဆွေဇင်မိုး ဘာသာပြန်သည်။