သတင်း

RCSS/SSA အဖွဲ့၏ ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်ခံရသူ ၈၆ ဦးကျော်ရှိဟု တအာင်းအဖွဲ့ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA အဖွဲ့၏ ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်ခံရသည့် တအာင်းတိုင်းရင်းသား ၈၆ ဦးထက်မနည်း ရှိနေကြောင်း တအာင်းလူ့အခွင့်အရေးဆိုင်ရာကွန်ရက်က ယနေ့ အစီအရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်ရေးကို ဟန့်တားနှောင့်ယှက်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများဆိုသည့် ခေါင်းစဉ်ဖြင့် ယနေ့ ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အစီအရင်ခံစာအချက်အလက်များမှာ ၂၀၁၅ မှ ၂၀၁၉ ခုနှစ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမြို့နယ်များဖြစ်သည့် မန်တုံ၊ ကျောက်မဲ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မူဆယ်၊ နမ္မတူနှင့် သီပေါမြို့နယ်များတွင် RCSS/SSA အဖွဲ့၏ လုပ်ဆောင်ထားမှုများအပေါ်အခြေခံကြောင်း တအာင်းလူ့အခွင့်အရေးဆိုင်ရာကွန်ရက်မှ အဖွဲ့ဝင် လွေးကုကုက ပြောသည်။

အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အနေနဲ့ ဒီလိုမျိုးတွေလုပ်ဆောင်တာက ငြိမ်းချမ်းရေးအတွက် ဘယ်လိုမှမကောင်းပါဘူး ဟု လွေးကုကုက ပြောသည်။

သို့သော် ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA မှ ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းဦးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် တအာင်းလူ့အခွင့်အရေးဆိုင်ရာကွန်ရက်က စွပ်စွဲသလို လူ့အခွင့်အရေးချိုးဖောက်မှုများ မလုပ်ခဲ့ကြောင်း ငြင်းဆိုသည်။

ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်ဖော်ထုတ်ရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ရှိသည့် လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း စောင့်ကြည့်သင့်ကြောင်းနှင့် တစ်ဖက်သတ်စွပ်စွဲမှုများက ငြိမ်းချမ်းရေးကို ဦးတည်နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပြဿနာတွေ ပိုမကြီးအောင်ဆိုရင် သက်ဆိုင်တဲ့အဖွဲ့အစည်းကို တိုက်ရိုက်တွေ့ဆုံညှိနှိုင်းတာက အကောင်းဆုံးဖြစ်လိမ့်မယ် ဟု ဒုဗိုလ်မှူးကြီးစိုင်းဦးက ပြောသည်။

လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်များတွင် မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူမဆန်စွာပြုမှုခြင်း၊ လူပျောက်ဆုံးခြင်းနှင့် လက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲဖမ်းဆီးခြင်းများ ပါဝင်နေသည်။

၂၀၁၈ ခုနှစ် လပိုင်းက RCSS တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ်မြောက်လာသည့် နမ္မတူမြို့နယ်မှ ဒေသခံတစ်ဦးက ၎င်းကို တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ထောက်လှမ်းရေးဟု စွပ်စွဲကာ ရက်အနည်းငယ်ကြာအောင် ဖမ်းဆီးခဲ့ကြောင်း ပြောသည်။

ထို့အပြင် မတ်လ ရက်နေ့က RCSS တပ်ဖွဲ့၏ ဖမ်းဆီးခံခြင်းကို ခံလိုက်ရပြီး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည့် မန်လီရွာသား ဦးကိုလည်း အမြန်ဆုံး ပြန်လည်လွတ်မြောက်စေချင်ကြောင်း ၎င်းက ပြောသည်။

ရွာသားတွေပဲ ခံနေရတယ်ဖြစ်နိုင်ရင်တော့ နောက်ဘယ်တော့မှ တိုက်ပွဲထပ်မဖြစ်နဲ့တော့ ဟု ၎င်းက ပြောသည်။

RCSS/SSA အဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA တို့နှင့် တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့သည်။

RCSS/SSA ကို ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ မလုပ်ဆောင်ရန် တောင်းဆိုချက်အချို့ တောင်းဆိုထားသလို တအာင်းလူ့အခွင့်အရေးဆိုင်ရာကွန်ရက်က ယနေ့ထုတ်ပြန်သည့် အစီအရင်ခံစာကိုလည်း သမ္မတရုံးဝန်ကြီးဌာနအပြင် အခြားသက်ဆိုင်ရာဌာနများသို့လည်း ပို့ဆောင်သွားမည်ဟုဆိုသည်။

Show More

Related Articles

Back to top button