
နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် ဦးဝီရသူအမှုတွင် တရားလိုသက်သေအားလုံးကို စစ်ဆေးပြီးဖြစ်၍ တစ်လအတွင်း လာရောက်အဖမ်းခံ ဖြေရှင်းရန် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက ယနေ့ (ဇူလိုင် ၉ ရက်နေ့) အမိန့်ချမှတ်လိုက်သည်။
ရုံးတော်က ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈အရ ဝရမ်းထုတ်ဆင့်လိုက်ခြင်းဖြစ်ပြီး ဦးဝီရသူ နေထိုင်ခဲ့သော နေရာများတွင် တရားရုံးကြေညာချက်များ လိုက်ကပ်မည်ဖြစ်ကြောင်း တရားရုံးထံမှ သိရသည်။
ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူသည် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-(က) နှင့် ငြိစွန်းကြောင်း အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ကနဦးစွပ်စွဲခဲ့ပြီး ယခုတရားလိုပြ သက်သေများကို စစ်ဆေးမှုအပြီးတွင် ငြိစွန်းသည်ဟု ရုံးတော်မှ စစ်ဆေးပေါ်ပေါက်သည့်အတွက် ရက်ပေါင်း ၃၀ အတွင်း လာရောက်ဖြေရှင်းရန် ထိုကြေညာချက်ပုဒ်မကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း တရားရုံးထံမှသိရသည်။
- နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဦးဝီရသူကို တရားစွဲထားကြောင်း ရဲအတည်ပြု
- ဒုတိယ ဝရမ်းသက်တမ်းကုန်သော်လည်း ဦးဝီရသူမလာရောက်၍ မျက်ကွယ်စစ်ဆေးကြားနာမှုစမည်
- ဦးဝီရသူအမှု တရားလိုပြသက်သေ စစ်ဆေးရန် အနည်းငယ်သာကျန်
ရာဇဝတ်ကျင့်ထုံးပုဒ်မ ၈၇ တွင် “ထွက်ပြေးတိမ်းရှောင်နေသူသည် ရက် ၃၀ ထက်မနည်း သီးခြားဖော်ပြထားသည့်အချိန်၊ သီးခြားဖော်ပြထားသည့် နေရာသို့ ရောက်ရှိရမည်” ဆိုသည့် စာသားပါ စာရွက်များကို ၎င်းနေထိုင်သည့် မြို့၊ ကျောင်း၊ ရပ်ကွက်နှင့် အများပြည်သူ သိသာထင်ရှားသည့်နေရာများ၊ တရားရုံးများတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ လိုက်လံကပ်ထားမှာ ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်က သတင်းထောက်များအား ပြောသည်။
ထွက်ပြေး တိမ်းရှောင်နေသည့်အတွက် ဦးဝီရသူ၏ မျက်ကွယ်တွင် တရားလိုပြသက်သေများကို စစ်ဆေးနေရာ ယနေ့ (ဇူလိုင်လ ၉ ရက်) ရုံးချိန်းတွင် တရားလိုပြသက်သေ ၉ ဦးအနက် ကျန်ရှိသည့် ကျောက်တံတားမြို့နယ် ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း၊ အမှတ်(၁) ရပ်ကွက် ရာအိမ်မှူး ဦးကျော်ကျော်သိန်း၊ အမှတ်(၂) ရပ်ကွက် ဆယ်အိမ်မှူး ဦးလှိုင်မျိုထွန်း သုံးဦးတို့ကို စစ်ဆေးခဲ့ပြီး သက်သေခံအသစ် တင်သွင်းခဲ့ခြင်းမရှိပေ။
ဇူလိုင်လ ၂ ရက်နေ့က စစ်ဆေးခဲ့သည့် ရုံးချိန်းတွင် တရားလိုပြသက်သေ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝေနိုင်ကို စစ်ဆေးခဲ့ပြီး ၎င်းက ရဟန်းသံဃာများ ပြစ်မှုကြောင်းအရ ငြိစွန်းပါက ဥပဒေအတိုင်း အရေးယူနိုင်သည်ဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားလွှာနှင့် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့တွင် ဟောပြောစဉ်က ရဟန်းတစ်ပါးအနေဖြင့် သင့်တော်မှုမရှိသည့် ရုန့်ရင်းကြမ်းတမ်းသော စကားဖြင့် ဟောပြောခြင်း၊ အမုန်းတရားပွားစေရန် လှုံ့ဆော်ဟောပြောခြင်းများ ဆောင်ရွက်၍ အစိုးရကို အကြည်ညိုပျက်စေခဲ့သည်ဟု ဆိုကာ ဦးဝီရသူ၏မြိတ်မြို့တရားပွဲ ဗီဒီယိုမှတ်တမ်းကို တရားရုံးသို့ သက်သေတင်သွင်းခဲ့သည်။
တရားသူကြီးက ဗီဒီယိုမှတ်တမ်း၊ စာ၊ ဓာတ်ပုံ သက်သေများကို လက်ခံခဲ့သည်။
ထွက်ပြေးတိမ်းရှောင်နေသော ဦးဝီရသူနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ ၉ ဦးစလုံးကို စစ်ဆေးပြီးစီးပြီဖြစ်သော်လည်း အမိန့်ချမည့် ကာလကိုတော့ တရားရုံး၏ရှေ့လုပ်ငန်းစဉ် ဖြစ်သည့်အတွက် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
Myanmar Now က စုံစမ်းဖော်ထုတ်ထားသည့်ဆောင်းပါး