
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် စင်္ဘောကိုင်းကျေးရွာ စစ်ရှောင်စခန်းတွင် မြစ်ရေလွှမ်းမိုးမှုကြောင့် စခန်းရှိ စစ်ရှောင်အများစုမှာ နေရာရွှေ့ပြောင်းနေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း အဆိုပါစစ်ရှောင်စခန်း၏ တာဝန်ခံ မြတန်းဆောင်း ဆရာတော်က ယနေ့ မိန့်သည်။
လေးမြို့မြစ်ရေ မြင့်တက်မှုအရှိန် မြင့်တက်လာသည့် လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ စစ်ရှောင်များကို တဖြည်းဖြည်း ပြောင်းရွှေ့ခဲ့ရကြောင်း မြတန်ဆောင်းဆရာတော်က မိန့်သည်။
စင်္ဘောကိုင်းရွာနှင့် လေးမြို့မြစ်ကြားရှိ သဲသောင်ပြင်ပေါ်တွင်ရှိသည့် အဆိုပါစစ်ရှောင်စခန်းတွင် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး အိမ်ခြေ ၃၀၀ ကျော်မှာ ရေနစ်မြုပ်နေကာ လတ်တလောတွင် ရေလွတ်သည့် အနီးအနားရွာများရှိ နေအိမ်များနှင့် ဘုန်းကြီးကျောင်းများတွင် နေရာချထားရသည်။
အိမ်ခြေ ၃၀၀ ကျော်အတွက် အစားထိုးနေထိုင်စရာ နေရာထိုင်ခင်းများ အရေးပေါ်လိုအပ်နေပြီး စားနပ်ရိက္ခာအဖြစ် ဆန် ၁၀ ရက်စာခန့်သာ ရှိတော့ကြောင်း အဆိုပါစစ်ရှောင်စခန်းတွင် ရောက်ရှိနေသည့် မြတန်ဆောင်းဆရာတော်က မိန့်သည်။
“ ကူညီပါမယ်ဆိုပြီး ကမ်းလှမ်းလာတဲ့ အဖွဲ့အစည်းတွေလည်း တစ်ခုမှမရှိသေးဘူး၊ လောလောဆယ်တော့ အဆင်ပြေသလို ကြည့်ပြီးနေနေရတယ် ” ဟု ဆရာတော်က မိန့်သည်။
စင်္ဘောကိုင်းရွာ၏ အနောက်ဘက်မြေလွတ်သည့် နေရာတွင် စစ်ရှောင်များကို နေရာချထားရန် မြေငှားရမ်းထားသော်လည်း လှူဒါန်းမည့်သူများ မရှိသည့်အတွက် တဲအိမ်များ ဆောက်ပေးနိုင်ခြင်း မရှိသေးပေ။
မြောက်ဦးမြို့၏ မြောက်ဘက် ၈ မိုင်ခန့်အကွာတွင်ရှိသည့် အဆိုပါစစ်ရှောင်စခန်းသို့ ကားတစ်ဆင့် စက်လှေတစ်ဆင့်ဖြင့် သွားရပြီး မိုးတွင်းကာလဖြစ်သည့်အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် လာရောက်ကူညီသူများနည်းကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
စင်္ဘောကိုင်းစစ်ရှောင်စခန်းတွင် လေးမြို့မြစ်အထက်ပိုင်းကျေးရွာများဖြစ်သည့် မှော်ရွာသစ်၊ မှော်ရွာဟောင်း၊ ဘုရားကြီး၊ ချိုပ်ချောင်း၊ ကုန်းရွာ၊ ဆင်စွယ်ကျိုး စသည့် ကျေးရွာများမှ စစ်ရှောင်အရေအတွက် ၃၀၀၀ ကျော်ခန့် ခိုလှုံနေကြသည်။
စစ်ရှောင်စခန်းစဖွင့်ကတည်းက ရောက်ရှိနေသည့် ဘုရားကြီးရွာသား ဦးမောင်ဝင်းတင်က မိုးတွင်းကာလဖြစ်သည့် အတွက် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအတွက် စိုးရိမ်မိကြောင်း ပြောသည်။
“ သက်ကြီးရွယ်အိုတွေလည်း မိုးမလုံလေမလုံနဲ့ နေစရာမရှိ ထိုင်စရာမရှိ ဖြစ်နေကြတယ် ” ဟု
အဆိုပါစစ်ရှောင်စခန်း၏ ကော်မတီဝင် တစ်ဦးလည်းဖြစ်သည့် ဦးမောင်ဝင်းတင်က ပြောသည်။
ကျန်ခဲ့သည့် ဧပြီလ ပထမပတ်က မြောက်ဦးမြို့နယ် မြောက်ဘက် ၁၀ မိုင်ကျော်ခန့်အကွာရှိ လေးမြို့မြစ်အထက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးအနားရှိ ကျေးရွာများမှာ စင်္ဘောကိုင်းရွာ စစ်ရှောင်စခန်းသို့ တိမ်းရှောင်လာရခြင်းဖြစ်သည်။
ရခိုင်စစ်ရှောင်များအတွက် ကူညီထောက်ပံ့ပြီး အချက်အလက်များ စုဆောင်းထားသည့် စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC) ၏ ဇွန် ၁၇ ထုတ်ပြန်ချက်မှ အချက်အလက်များအရ ရခိုင်စစ်ရှောင်အရေအတွက် ၄၆၀၀၀ ကျော်ရှိနေသည်ဟု သိရသည်။