သတင်း

ရေကြီး၊ ဆက်သွယ်ရေးပြတ်နေသော ပဲခူး အကူအညီလိုအပ်နေ

မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ပဲခူးမြစ်ရေတက်မှုကြောင့် ပဲခူးမြို့ပေါ်တွင် ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး ကူညီကယ်ဆယ်ရေးများအပြင် အစားအသောက်၊ သောက်သုံးရေနှင့် ဆေးဝါးများ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာ ၆ ရက်နေ့မှ၍ မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး၊ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရေကြီးရေလျှံ စဖြစ်ခဲ့ခြင်း ဖြစ်သည်။ (ယနေ့ အောက်တိုဘာ ၉ ရက်) နံနက်ပိုင်းတွင် မိုးရွာသွန်းမှု မရှိသော်လည်း မြစ်ရေ ဆက်တက်နေဆဲဖြစ်သည်။

ထို့ကြောင့် မြို့တွင်းသွားလာရန်ပင် ခက်ခဲနေပြီး ကုန်းမြင့်ပိုင်းထိ ရေတက်နေသည်ဟု ဒေသခံများက ဆိုသည်။ ပဲခူးမြို့ပေါ်ရှိ ဘူတာရုံများနှင့် ဈေးများမှာ ရေဝင်ရောက်လာခြင်းကြောင့် ပိတ်ထားရသည်။

လက်ရှိတွင် ပိုက်ဆံရှိလျက်နှင့် ဆန်အပါအဝင် စားသောက်ကုန်များ ဝယ်ယူမရသည့် အခက်အခဲများလည်း ကြုံတွေ့နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကယ်ဆယ်ရေးတွေရှိပေမဲ့ မလုံလောက်ဘူး။ ရေကြီးတဲ့ နေရာကနေ မရွှေ့ပြောင်းရသေးတဲ့ အိမ်ထောင်စုတွေရော အများကြီးရှိသေးတယ်။ စားဖို့သောက်ဖို့ ဒုက္ခရောက်တဲ့သူလည်း တော်တော်များနေပြီ” ဟု သူက ပြောသည်။

ပဲခူးမြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၃၀ ကျော်ရှိရာ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရေကြီးကွင်း၊ ကျောက်ကြီးစု၊ မှော်ကန်၊ ဘူတာကုန်း၊ ဇိုင်းမြောက်၊ မဟာစေတီ၊ အိုးလေးစု၊ပန်းလှိုင် စသည့် နေရာများသို့ ရေဝင်ရောက်နေသည်။ ထို့ပြင် ရေကြီးလေ့မရှိသည့် လိပ်ပြာကန်ရပ်ကွက်အပြင် ပဲခူးမြို့လယ်ရှိ နာရီစင်၊ ရွှေမော်ဓောဘုရားလမ်းအထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

“မြေနိမ့်တဲ့ရပ်ကွက်တွေမှာ လူအရပ် သုံးရပ်စာလောက် မြုပ်နေပြီ၊ စားသောက်ဖို့နဲ့ သောက်သုံးရေတော့ လိုအပ်နေတယ်၊ ပဲခူးမြို့ထဲကသူတွေနဲ့ ဖုန်းအဆက်အသွယ်လည်း လုပ်မရဘူး” ဟု ပဲခူးတက္ကသိုလ်အနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်တချို့မှ ဒေသခံတို့ကလည်း အွန်လိုင်းလူမှုကွန်ရက်မှတစ်ဆင့် အကူအညီတောင်းနေသည်ကို တွေ့ရသည်။

“ပဲခူး မှော်ကန် ၁၃ လမ်း၊ ၁၄ လမ်းဘက်ကို လှေနဲ့ လာခေါ်လို့ရမှာ ရှိလားဗျ၊ အိမ်ထဲမှာ ရေက ရင်စို့ရောက်နေပြီမို့ပါ။ လူကြီးတွေမို့ ဆက်နေလို့ အဆင်မပြေတော့လို့ပါ” ဟု ရေးသားသူထံသို့ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့များ သွားရောက် ကယ်ဆယ်နိုင်ခဲ့ကြသည်ဟု သိရသည်။

ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ လှေများအသုံးပြု၍ ကူညီနေရပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ပဲခူးမြို့အဝင်ဂိတ်မှစ၍ ကားအဝင်အထွက်များလည်း ပိတ်ထားရသည်ဟု ပဲခူးမြို့ဝင်ဂိတ်တွင် တာဝန်ကျနေသူ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ကားတွေ အန္တရာယ်မဖြစ်စေဖို့ မဝင်ခိုင်းတဲ့သဘောပါ၊ မြို့ထဲမှာလည်း ကားတွေ မောင်းလို့မှမရတာ၊ လှေပဲ အသုံးပြုသွားလာနေရတာ၊ မဖြစ်မနေ သွားရမယ်ဆိုရင် ကယ်ဆယ်ရေး မီးသတ်ကားတွေနဲ့တော့ ထည့်ပေးတယ်” ဟု ၎င်းက ပြောသည်။

ပဲခူးမြို့ရေကြီးမှုတွင် အာဏာယူထားသည့် စစ်တပ်က အင်တိုက်အားတိုက် ကူညီခြင်း မရှိကြောင်း၊ မီးသတ်ကားနှင့် လူနာတင်ယာဉ်တို့ပေါ်တွင် မီးသတ်ဝန်ထမ်းများနှင့် စစ်သားတချို့ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရန်စာမျက်နှာများတွင် ပဲခူးမြို့တွင် ရေဘေးဒုက္ခသည် ၁၀,၀၀၀ နီးပါး နေရာပြောင်းရွှေ့နေရကြောင်း၊ ကယ်ဆယ်ရေးစခန်း ၂၉ ခု ဖွင့်လှစ်ထားနိုင်ကြောင်း ရေးသားထားကြသည်။

ရေဘေးဒုက္ခသည် ပိုပိုများပြားလာနိုင်ပြီး ကယ်ဆယ်ရေးစခန်းများလည်း လုံလောက်မှုမရှိကြောင်း ပဲခူးဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ရန်ကုန်မှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တချို့လည်း စားနပ်ရိက္ခာ၊ ဆေးဝါး၊ ဆိုလာမီး၊ လှေများကို ကားဖြင့် တင်၍ ပဲခူးသို့ ကူညီကယ်ဆယ်ရန် သွားရောက်နေကြသည်။

ပဲခူးမြို့ပေါ်တွင် လျှပ်စစ်ဓာတ်အား မရရှိ၍ ဒေသခံတို့ ဖုန်းအားကုန်နေကြသည်၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအများစု ပြတ်တောက်နေသည်။ မြို့ပေါ်ရှိ ကူညီကယ်ဆယ်ရေးလုပ်သားများ အပါအဝင် ဒေသခံ အယောက် ၃၀ အထိကို Myanmar Now က မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အများစုကို ဖုန်းဘက်ထရီနှင့် ဖုန်းလိုင်းအခက်အခဲတို့ကြောင့် ဆက်သွယ်နိုင်ခြင်း မရရှိခဲ့ပေ။

ပဲခူးဒေသခံတစ်ဦးက မိုးဆက်ရွာမည်ကို စိုးရိမ်သည်ဟု ပြောသည်။

“မိုးဆက်မရွာရင်တော့ ရေက ပြန်ကျဖို့ရှိပါတယ်။ မိုးမရပ်ရင်တော့ အခြေအနေ ဒီထက်ပိုဆိုးမှာ၊ ခုတောင် မီးနဲ့ စားသောက်ဖို့ အခက်အခဲအရမ်းဖြစ်နေပြီ” ဟု သူက ပြောသည်။

ပဲခူးမြို့ပေါ်တွင် ရေကြီးနေသည့်အပြင် ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက်ရှိ နေအိမ်များတွင်လည်း ရေဝင်ရောက်နေပြီး မြေနိမ့်သည့် နေရာများတွင် ခေါင်မိုးအထိ ရေကြီးနေသည့် အိမ်များလည်း ရှိနေကြောင်း အင်းတကော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိသော ရန်ကုန်တိုင်း လှည်းကူးနှင့် ဖောင်ကြီးမြို့နယ်တို့ရှိ မြေနိမ့်ရပ်ကွက်တချို့တွင်လည်း အိမ်တချို့ ရေနစ်မြုပ်သွားသည်ဟု သိရကြောင်း၊ ယနေ့ အောက်တိုဘာ ၉ ရက်နေ့တွင် ရေများ တဖြည်းဖြည်း ပြန်ကျနေကြောင်း ၎င်းက ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်တွင် ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်သည်ဟု အောက်တိုဘာ ၁၀ ရက်နေ့အတွက် ခန့်မှန်းထားသည်။

ထို့ပြင် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှ ၄ ပေကျော်အထိ မြင့်တက်နေပြီး အောက်တိုဘာ ၁၀ ရက်အထိ ၃ လက်မခန့် ထပ်မံမြင့်တက်လာနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button