
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ် ၆ မြို့နယ်တွင် မြစ်ရေကြီးမှုကြောင့် ကျေးရွာအများအပြားသို့ ရေဝင်ကာ ဒေသခံသိန်းချီ ရေဘေးကြုံတွေ့နေရပြီး စပါးစိုက်ခင်းဧက ရာနှင့်ချီလည်း ပျက်စီးသွားသည်ဟု သိရသည်။
ယခုလ ဇူလိုင် ၆ ရက်မှစ၍ စစ်ကိုင်းတိုင်း ကနီ၊ မုံရွာ၊ ဆားလင်းကြီး၊ ချောင်းဦး၊ မြောင်နှင့် မကွေးတိုင်း ရေစကြိုမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေကာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အနီးရှိ ကျေးရွာများ ရေနစ်မြုပ်နေသည်။
ချင်းတွင်းမြစ်ရေ ကြီးမှုကြောင့် စစ်ကိုင်းတိုင်း ကနီ၊ ဆားလင်းကြီး၊ ချောင်းဦး၊ မုံရွာမြို့နယ်တို့မှ ထောင်နှင့်ချီသည့်ဒေသခံများမှာ ဇူလိုင်လဆန်းပိုင်းကတည်းက ရေဘေးဒုက္ခကြုံနေရသည်ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။
“ဒီနှစ်က မိုးများတော့ ဧရာဝတီမြစ်ကလည်း တောက်လျှောက်မြင့်နေတာ၊ ဒီဘက် (ချင်းတွင်းမြစ်) က ဧရာဝတီမြစ်ထဲ ဝင်မယ့်ရေက ထောက်နေတော့ ရေပိုမြင့်လာတာပဲ၊ မြစ်ဘေးပတ်လည် တစ်ကျောလုံးပဲ” ဟု အထက်ပါ မြို့ခံက ပြောသည်။
မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်များရှိ မြစ်ကမ်းဘေးကျေးရွာပေါင်း ၃၀ နီးပါးမှာ ဇူလိုင် ၈ ရက် ဝန်းကျင်ကစပြီး ရေကြီးနစ်မြုပ်နေသည်၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတချို့လည်း ဇူလိုင်လ ၄ ရက်နေ့ကတည်းက ရေကြီးနစ်မြုပ်မှုကို ကြုံတွေ့နေရကြောင်း ဒေသခံတို့က ပြောသည်။
“ရေဘေးရှောင်တာကတော့ တာရိုးပေါင်တွေပေါ် တက်အိပ်ရတာရှိတယ်။ တချို့နေအိမ်တွေကျ အပေါ်ထပ်တွေ၊ နှစ်ထပ်တွေ ရေမထိတော့ အပေါ်ထပ်မှာ နေရတာတွေရှိတယ်။ ဒေသခံတွေ ပြောချက်အရတော့ ဒီလိုမျိုး ရေမကြီးတာ ၈ နှစ်ရှိပြီ။ ၈ နှစ်မြောက်မှာ ရေထပ်ကြီးတာလို့ ပြောတယ်။ ရေဘေးသင့်ပြည်သူ သောင်းဂဏန်းကြီးကြီးရှိတယ်” ဟု မုံရွာခရိုင်တပ်ရင်း ၅ မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ပဲခင်း၊ နှမ်းခင်း၊ ခရမ်းခင်း၊ ကွမ်းခြံ အပါအဝင် စိုက်ပျိုးမြေဧက အများအပြားပျက်စီးဆုံးရှုံးသည်ဟုလည်း ဒေသခံတို့က ဆိုသည်။
“တောင်ယာစိုက်ခင်းတွေက စိုက်လက်စတွေရော၊ စိုက်ပြီးမရိတ်သိမ်းနိုင်တဲ့ဟာတွေရော အများကြီးပဲ မြုပ်တာ။ အခုချိန်ထိရေက ၆ လက်မလောက်ပဲ ကျဦးမယ်” ဟု အထက်ပါ မုံရွာမြိုခံက ပြောသည်။
ချင်းတွင်းမြစ်ကမ်းဘေး ရေဘေးသင့်နေရသည့် ကျေးရွာများတွင် စစ်ဘေးရှောင်ရသည့် ကျေးရွာများလည်း ပါဝင်ပြီး တစ်ပူပေါ် နှစ်ပူဆင့်အခြေအနေ ကြုံနေရကြောင်း ဆားလင်းကြီးမြို့နယ်မှ စစ်ရှောင်အရေး ကူညီသူတို့က ဆိုသည်။
အလားတူ မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းမှာလည်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းဒေသ၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကျွန်းတဲဒေသတို့တွင်လည်း ရေကြီးနစ်မြုပ်နေပြီး လူဦးရေ တစ်သိန်းခွဲခန့် ရေဘေးသင့်လျက်ရှိသည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဆိုသည်။
ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၁၃၀ ခန့်မှ အိမ်ထောင်စု ၂၇၀၀၀ ခန့်မှာ ရေဘေးသင့်လျက်ရှိပြီး ယင်းပမာဏမှာ မြို့ဧရိယာ၏ သုံးပုံတစ်ပုံဖြစ်သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကလည်း ထုတ်ပြန်ထားသည်။
ယခင်ကာလများတွင် ရေကြီးခြင်းကဲ့သို့သော သဘာဝဘေး ကျရောက်ပါက ကိုယ်ထူကိုယ်ထလူမှုရေးအဖွဲ့များက ဒုက္ခသည်များကို အကူအညီပေးလေ့ရှိသော်လည်း ယခုနှစ်ရေကြီးမှုတွင် ကူညီသူ နည်းပါးသည်ဟု သိရသည်။ လက်ရှိအချိန်တွင် ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ သောက်ရေသန့်ရရှိရေးနှင့် ဆေးဝါးများ အဓိကလိုအပ်နေကြောင်း သိရသည်။
လက်ရှိတွင် ရေကြီးရေလျှံနေသည့် ဒေသခံတို့ကို မြို့နယ်ပအဖ၊ ရပ်ကျေးပကဖနှင့် မြို့နယ်လူသားချင်း စာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့တို့က ကူညီပေးလျက်ရှိသော်လည်း အကူညီများလိုအပ်နေဆဲဖြစ်သည်ဟု မြို့နယ်ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောသည်။
“လုပ်ပေးနိုင်တဲ့အတိုင်းအတာတွေ အကုန်လုံးတော့ လုပ်ပေးထားတယ်။ သို့ပေမဲ့လည်း ထုထည်က များတဲ့အခါကျတော့လိုအပ်ချက်တွေ များစွာရှိတယ်။ စာရေးသောက်ရေးကတော့ အဆင်ပြေအောင်တော့ စီစဉ်ပေးထားတယ်။ နစ်တဲ့နေရာက များတော့ လိုအပ်ချက်တွေတော့ များတယ်” ဟု ရဲဘော်ဝေကြီးက ပြောသည်။
လက်ရှိတွင် ရေနစ်မြုပ်နေသည့် ရွာခံများသည့် အထပ်မြင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့တွင် ခိုလှုံနေကြသလို အချို့မှာလည်း ရှည်တံရှည်အိမ်များတွင် စု၍ ရေဘေးရှောင်နေကြရသည်။
“စိုက်ခင်းတွေကတော့ ရေလယ်ကျွန်းမှာဆို တော်တော်များများနစ်မြုပ်တာ မရိတ်လိုက်ရတဲ့စိုက်ခင်းတွေ တော်တော်များတယ်၊ သို့ပေမဲ့ စာရင်းတော့ မရနိုင်သေးဘူး” ဟု ရဲဘော်ဝေကြီးက ပြောသည်။