
ရန်ကုန်တက္ကသိုလ်အတွင်းကျောင်းသားဆန္ဒပြမှု အကြမ်းဖက် ဖြိုခွင်းခံရသည့် ဆဲဗင်းဇူလိုင် နှစ်ပတ်လည်နေ့ အောက်မေ့ဖွယ် အခမ်းအနားများကို မြို့ကြီးတချို့တွင် ဇူလိုင် ၇ ရက်နေ့က ကျင်းပကြသည်။
နိုင်ငံအနှံ့အပြားမှ လူငယ်များ ပညာသင်ယူရာ ရန်ကုန်တက္ကသိုလ်တွင် ၁၉၆၂ ခုနှစ် ဇူလိုင်လဆန်းပိုင်းက ပေါ်ပေါက်ခဲ့သော အကြမ်းမဖက်ဆန္ဒပြပွဲကို ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်မှူးချုပ်အောင်ကြီးတို့ ဦးဆောင်သည့် တပ်မတော်က ပစ်ခတ်နှိမ်နင်းကြောင့် ကျောင်းသားအများအပြား သေဆုံးခဲ့သည်။
နှိမ်နင်းမှုတွင် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဗုံးခွဲဖြိုချမှုလည်း ပါဝင်ရာ သမိုင်းဝင်အဆောက်အအုံအတွင်း လူတချို့ရှိနေစဉ်မှာပင် ဖောက်ခွဲဖျက်ဆီးရန် အမိန့်ပေးမှုနှင့် ပတ်သက်ပြီး တာဝန်ရှိကြောင်း အဆိုပါ စစ်ခေါင်းဆောင်နှစ်ဦး ဝန်ခံသွားခဲ့ခြင်း မရှိပေ။
အဆိုပါအကြမ်းဖက်မှုက ၅၇ နှစ် ပြည့်ပြီဖြစ်သည်။
၅၇ နှစ်ပြည့်သည့် နံနက်ခင်းတွင် ဗုံးခွဲဖျက်ဆီးခံခဲ့ရသည့် ထိုနေရာသို့ ကျောင်းသားဟောင်းများ၊ ရန်ကုန်မှ ကျောင်းသားကျောင်းသူများ၊ ပြည်သူများက စုရပ်အသီးသီးမှ လမ်းလျှောက်ချီတက်ခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်အတွင်းရှိ နေရာဟောင်းတွင် ပန်းစည်းများချခြင်း၊ အလေးပြုခြင်း၊ သဝဏ်လွှာ ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင်လည်း ကျောင်းသားများက ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
သမိုင်းဖြစ်ရပ်များကို မေ့မထားရန် လိုအပ်သည်ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမျိုးချစ်ဇော်က ပြောသည်။
“စစ်အာဏာရှင်တွေကြောင့် ကျောင်းသားတွေရဲ့သွေးတွေ မြေကျခဲ့ရသလို ကျောင်းသားတွေရဲ့ စုစည်းရာအရပ်ဖြစ်တဲ့ ကျောင်းသားအဆောက်အအုံလည်း ဖျက်ဆီးခံခဲ့ရတယ်၊ ကျွန်တော်တို့က အဲဒီသမိုင်းအဖြစ်အပျက်တွေကို ဘယ်တော့မှမမေ့တဲ့အတွက် ဒီအခမ်းအနားကို ကျင်းပရတာဖြစ်ပါတယ်” ဟု ကိုမျိုးချစ်ဇော်က ပြောသည်။
ကျောင်းသားသမဂ္ဂအလံရှေ့တွင် ဆဲဗင်းဇူလိုင်ဖြစ်ရပ်ကို ဟောပြောခြင်း၊ သမိုင်းအမှတ်တရ အောက်မေ့ဖွယ်ကဗျာများလည်း ရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ယမန်နှစ်က ပြုလုပ်သည့် အခမ်းအနားတွင် ကျောင်းအုပ်ချုပ်ရေးပိုင်းက ပူးပေါင်းလုပ်ဆောင်ရာ စာပေဟောပြောပွဲများ ထည့်သွင်းပြီး တခမ်းတနား ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းအုပ်ချုပ်ရေးပိုင်းက ပါဝင်လာခြင်း မရှိပေ။
လာမည့်နှစ်များတွင် မန္တလေးကျောင်းသားထု ပိုမိုစိတ်ဝင်စားလာရန် လုပ်ဆောင်သွားမည်ဟု စီစဉ်သူများက ဆိုသည်။
ဇူလိုင် ၇ ရက် အမှတ်တရ အစီအစဉ်များကို ပုသိမ်၊ ရမည်းသင်း၊ ဟင်္သာတ၊ မြင်းခြံ၊ ပခုက္ကူ အစရှိသည့် မြို့များတွင် ပြုလုပ်ခဲ့ကြသည်။ မိတ္ထီလာတွင်လည်း ပြုလုပ်မည်ဟု သိရသည်။