သတင်း

Myanmar Now အယ်ဒီတာချုပ်ကို တရားစွဲဆိုထားမှု ပိတ်သိမ်းရန် တရားရုံးဆုံးဖြတ်

Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် အမှုကို ၂ နှစ်ကြာ စစ်ဆေးခဲ့ပြီးနောက် စွဲချက်မတင်ဘဲ အမှုပိတ်သိမ်းရန် မန္တလေး မဟာအောင်မြေမြို့နယ်တရားရုံးက ယနေ့ အမိန့်ချလိုက်သည်။

အသက် ၄၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာဆရာ ကိုဆွေဝင်းသည် “အမျိုးသားရေးဆရာတော်” ဟု လူသိများသည့် မန္တလေးမြို့မှ ဦးဝီရသူကို အခြေအမြစ်မရှိသည့် စွပ်စွဲချက်ဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည်ဟုဆိုကာ တရားလို ဦးကျော်မျိုးရွှေက ၂၀၁၇၊ မတ်လ ၇ ရက်နေ့တွင် မန္တလေးမြို့အမှတ် ၇ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထိုနှစ် ဇူလိုင် ၃၀ ရက်နေ့တွင် ကိုဆွေဝင်း အထိန်းသိမ်းခံရပြီးနောက် အာမခံဖြင့် တရားရင်ဆိုင်ခွင့် ရခဲ့သည်။

၂ နှစ်ကြာ စစ်ဆေးခဲ့သည့် အဆိုပါအမှုတွင် စွပ်စွဲထားသည့် ပုဒ်မနှင့် ကိုဆွေဝင်း ငြိစွန်းမှု မရှိခြင်း၊ ငြိစွန်းသည်ဟုလည်း သက်သေမပြနိုင်ခြင်း၊ တရားလိုသက်သေများ ရုံးတော်ရှေ့လာရောက်ရန် စွပ်စွဲသူတို့ဘက်က ပျက်ကွက်ခြင်းတို့ကြောင့် ရုံးတော်က ထိုသို့အမိန့်ချခြင်း ဖြစ်ကြောင်း ကိုဆွေဝင်း၏ရှေ့နေ ဒေါ်ရွက်နုအောင်က သတင်းထောက်များကို ပြောသည်။

“ဒီအမိန့်က အလွန်ပဲတရားမျှတတဲ့အမိန့်၊ ကျွန်မတို့ အရမ်းလည်း ဝမ်းသာပါတယ်၊ ကျေလည်း ကျေနပ်တယ်။ ဘာဖြစ်လို့တုန်းဆိုရင် ကိုဆွေဝင်းရဲ့အမှုဟာ ဘယ်လောက်အတိုင်းအတာအထိ ကြာခဲ့ပြီလဲဆိုတာ မီဒီယာတွေအားလုံးကနေတစ်ဆင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ အားလုံးက သိခဲ့ပြီးဖြစ်တယ်” ဟု ဒေါ်ရွက်နုအောင်က ဆိုသည်။

ရုံးတော်၏ အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် တရားလိုနှင့်အတူ လာရောက်ခဲ့သူတို့က “ပွဲမပြီးသေးဘူး” ဟု တရားရုံးရောက် သတင်းထောက်များကို ပြောဆိုခဲ့ပြီး အထက်တရားရုံးများသို့ ဆက်လက် လျှောက်ထားမည်ဟုလည်း ဆိုသည်။

“အမှန်တကယ် ကျူးလွန်ထားတဲ့အတွက် ကျူးလွန်ထားတဲ့အပြစ်အတိုင်း ပြစ်ဒဏ်ခံရအောင်အထိ လုပ်မယ်” ဟု တရားလို ဦးကျော်မျိုးရွှေက သတင်းထောက်များကို ပြောဆိုခဲ့သည်။

Show More

Related Articles

Back to top button