ဒီမိုကရေစီဖော်ဆောင်ရန် ကြိုးပမ်းနေသော ယနေ့ခေတ်တွင် သိသိသာသာ များပြားလာသည်မှာ သံချပ်၊ သရော်စာများ ဖြစ်သည်။ အများအားဖြင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်သူတို့ကို ပစ်မှတ်ထားပြီး တင်ဆက်နေကြသည်ကို တွေ့နိုင်သည်။
နာမည်ကျော် စာရေးဆရာမ မသီတာ (စမ်းချောင်း) က အဆိုပါ အနုပညာထုတ်ကုန်တို့တွင် အပြုသဘော ရည်ရွယ်ချက်များကို တွေ့နိုင်သည်ဟု ဆိုသည်။
“သံချပ်ဖြစ်ဖြစ်၊ သရော်စာပဲ ဖြစ်ဖြစ် တီထွင်ဖန်တီးမှု၊ အနုပညာနဲ့ ပြုပြင်စေလိုတဲ့စေတနာ ပါပါတယ်” ဟု မသီတာ (စမ်းချောင်း) က ပြောသည်။
စေတနာ ပါဝင်သည် ဆိုသော်လည်း သံချပ်၊ သရော်စာ ဖန်တီးသူများ၊ ထုတ်လုပ်သူများထဲမှ တချို့သည် တရားရုံးသို့ သွားရောက်အမှုရင်ဆိုင်ရာသူများ၊ ဖမ်းဆီးထိန်းသိမ်းခံရသူများ ဖြစ်လာသည်။
နိုင်ငံ့ဝန်ကို ထမ်းလိုသဖြင့် နိုင်ငံရေး ဝင်ရောက်လုပ်ကိုင်သူတို့ထဲတွင် အများအပြားသည်လည်း အကဲဆတ်လွယ်ကြပြီး သံချပ်၊ သရော်စာတို့မှတစ်ဆင့် ဝေဖန်ထောက်ပြမှုကို ခံနိုင်ရည် နည်းပါးနေသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
သံချပ်
တေးကဗျာအမျိုးအစားတစ်ခုဖြစ်သော သံချပ်ကို အများအားဖြင့် သင်္ကြန်ကာလတွင် ခံစားနိုင်သည်။
ပြီးခဲ့သည့် သင်္ကြန်ကာလ သံချပ်ထိုးသူများအနက်မှ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ တချို့သည် ယခုအခါ အကျဉ်းထောင်ထဲ ရောက်ရှိနေသည်။ မြန်မာ့နိုင်ငံရေးတွင် တပ်မတော် ပါဝင်နေမှုများနှင့် ပတ်သက်ပြီး သံချပ်ထိုး ဝေဖန် သရော်သည့် ၎င်းတို့ကို တပ်မတော်က တရားစွဲထားသဖြင့် အမှုရင်ဆိုင်နေကြရသည်။
တရားမျှတမှုအတွက် နောက်ဆုံးခံတပ်က တရားရုံးပါ…
အမှုနှင့် ပတ်သက်ပြီး များစွာ မျှော်လင့်ချက်မထားကြောင်း တရားစွဲခံထားရသည့် သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုပိုင်ရဲသူက ဇွန် ၁၉ ရက်နေ့ တရားရုံး ကြားနာမှုအပြီးတွင် ပြောသည်။
“တရားမျှတမှုအတွက် နောက်ဆုံးခံတပ်က တရားရုံးပါ။ တရားရုံးမှာမှ တရားမျှတမှု မရှိရင်တော့ ကျွန်တော်တို့အတွက် တရားစီရင်ရေးစနစ်ရဲ့မျှတမှု ဆိုတာ လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး” ဟု ကိုပိုင်ရဲသူက အင်းစိန်ထောင်သို့ ပြန်ရန် မော်တော်ယာဉ်အတွင်းသို့ မဝင်မီ သတင်းထောက်များကို ပြောသည်။
သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ မသျှားယမုံက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်ပြီး နိုင်ငံရေးသမားတို့ ပိုမို သဘောပေါက် နားလည်သင့်သည်ဟု ဝေဖန်လိုက်သည်။
“အခုထိတော့ တရားစွဲဆိုမှုတွေမှာ အစိုးရပိုင်းက စွဲဆိုတာ မဟုတ်ဘဲနဲ့ စစ်တပ်ဘက်က စွဲဆိုမှုတွေကိုပဲ တွေ့ရတယ်” ဟု မသျှားယမုံက ဆိုသည်။
တပ်မတော်အုပ်ချုပ်မှု ဆယ်စုနှစ် အများအပြား နောက်ပိုင်း အာဏာကို အကန့်အသတ်ဖြင့် ရရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင် ပြုပြင်ပြောင်းလဲမှုကိုလည်း အကန့်အသတ်ဖြင့်သာ ပြုလုပ်နိုင်သေးသောကြောင့် ဝေဖန်ခံနေရပြီး သံချပ်၊ သရော်စာတို့နှင့် ပတ်သက်ပြီး အရေးယူခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားရာရောက်သည်ဟုလည်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) က ခေတ်အဆက်ဆက် ရှိခဲ့သော သရော်စာ၊ သံချပ်တို့သည် စဉ်ဆက် မပြတ် ထွက်ပေါ်ရန် လိုလားသူတစ်ဦးဖြစ်သည်။
“အခုနောက်ပိုင်း နည်းလာပါတယ်။ အရင်က ရန်ကုန်မြို့မှာတင် သံချပ်အဖွဲ့တွေ ရာချီပြီး ရှိပါတယ်။ သံချပ်အဖွဲ့တွေကို စောင့်ပြီး နားထောင်တဲ့အခါ ထိထိမိမိ ပြောတာတွေ ရှိပါတယ်၊ အဲဒီခေတ်ကလည်း အရေးယူခံရတာပဲ၊ နောက်နှစ်လည်း ထွက်လာကြတာပဲ။ လူငယ်တွေရဲ့ တက်ကြွထက်သန်တဲ့ စိတ်ဓာတ်ကို မြင်တွေ့ရတဲ့အတွက် အမြဲတမ်း လေးစား ဂုဏ်ပြုပါတယ်” ဟု စာရေးဆရာမက ဆိုသည်။
သို့သော် လူတစ်ဖက်သားကို စော်ကားပုတ်ခတ်မှုမရှိသော သံချပ်မျိုးဆိုလျှင် ကောင်းမွန်ကြောင်း သူက အကြံပြုသည်။
သရော်စာ
၂၀၁၇ နှစ်ကုန်ပိုင်းက တနင်္သာရီ အပတ်စဉ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် “မဲဆွယ်အပြုံး” ခေါင်းစဉ်တပ် သရော်စာကြောင့် ထိုဂျာနယ်မှ အယ်ဒီတာတစ်ဦး တရားစွဲခံခဲ့ရသည်။
အမှုကို တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် ၂၀၁၉ ဖေဖော်ဝါရီတွင် ထားဝယ်မြို့နယ် တရားရုံးက ထိုသရော်စာသည် တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဆုံးဖြတ်ပြီး ဒဏ်ငွေ ၅ သိန်း ပေးဆောင်ရန် စီရင်ချက်ချလိုက်သည်။
အခြား ထင်ရှားသည့် အမှုတစ်ခုမှာ ၂၀၁၇ မတ်လက The Voice Daily သတင်းစာ အွန်လိုင်းတွင် ဖော်ပြခဲ့သည့် “ကျည်ထောင်စု သစ္စာ” ဟု အမည်ရှိ သရော်စာနှင့် ပတ်သက်နေသည်။ တပ်မတော်က သတင်းစာအယ်ဒီတာချုပ် ကျော်မင်းဆွေ၊ သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်တို့ကို တရားစွဲခဲ့သည်။
ဗြိတိသျှကိုကိုမောင်သည် ထိုအမှုအတွက် လအနည်းငယ် အထိန်းသိမ်းခံရပြီးနောက် သူ၏ မူလအလုပ်ကို ဆက်လက် လုပ်ကိုင်နေသူဖြစ်သည်။
“ကျွန်တော်တို့ကတော့ ဆက်ရေးနေမှာပဲ။ နောက်ခံမိသားစု အခြေအနေကြောင့် တချို့ အကြောင်းအရာတွေကတော့ မရေးသေးဘဲ ရပ်ထားတာတွေ ရှိပါတယ်။ အဲဒါတွေကတော့ စာပေ အတွက်၊ လွတ်လပ်စွာဝေဖန် ပြောဆိုခွင့်တွေ အတွက် ထိခိုက်လာနိုင်ပါတယ်” ဟု ဗြိတိသျှကိုကိုမောင်က ပြောသည်။
သံချပ်ဆိုတာကလည်း သရော်စာ တစ်မျိုးပါပဲ
၎င်းတို့၏ အမှုမှာ တရားရုံးတွင် များစွာ မကြာလိုက်ချေ။ တပ်မတော်က ထိုနှစ် သြဂုတ်လတွင် အမှုတချို့ကို ကျေးအေးရုပ်သိမ်းပေးလိုက်သည့်အထဲတွင် The Voice Daily သတင်းစာ သရော်စာအမှုလည်း ပါဝင်သည်။ နိုင်ငံတော်နှင့် ပြည်သူများ၏ အမျိုးသားအကျိုးစီးပွားကို ဆက်လက်၍ အတူလက်တွဲလုပ်ဆောင်နိုင်ရန်အလို့ငှာ ယခင်ကဖြစ်ပျက်ခဲ့မှုများကို သင်ပုန်းချေခြင်း ဖြစ်သည်ဟု တပ်မတော်က ကြေညာသည်။
တောင်ငူမှ ကျောင်းသားမျိုးဆက် ကေတုအိုးဝေ တော်လှန်သံချပ်အဖွဲ့ကို တရားစွဲဆိုထားသည့် အမှုလည်း ထိုသို့ ကျေအေးပေးလိုက်သည့်အထဲတွင် ပါဝင်သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်သည် ဟာသ အနုပညာ ဖန်တီးမှုများကို နှစ်သက်သူတစ်ဦး ဖြစ်ပြီး နေဘုန်းလတ် ကလောင်အမည်ခံ စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။
“သံချပ်ဆိုတာကလည်း သရော်စာ တစ်မျိုးပါပဲ။ ဒါကို သည်းခံနိုင်စွမ်းမြင့်မြင့်နဲ့ လက်ခံသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု နေဘုန်းလတ်က ပြောသည်။
သံချပ်ထိုး၊ သရော်စာရေးသူတို့ တစ်ခါတစ်ရံ တရားစွဲခံနေရခြင်းမှာ တည်ဆဲဥပဒေတချို့၏ အားနည်းချက်နှင့်လည်း သက်ဆိုင်သကဲ့သို့ ဝေဖန်ခံရသူ၏ သဘောထားကြီးမှုအပေါ်တွင်လည်း မူတည်သည်ဟု သူက ယူဆသည်။
“ဥပဒေတွေရဲ့ အားနည်းချက်တွေကြောင့်ပါ။ အသရေဖျက်မှုဆိုတာ ဘာလဲ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုတာ ဘာလဲ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ မရှိဘူး။ အဝေဖန်ခံရတယ်၊ သရော်ခံရတယ်ဆိုရင် ပြုံးပြုံးလေး အဝေဖန်ခံဖို့လိုတယ်။ ဟုတ်ရင်ပြင်လိုက် မဟုတ်ရင် မသိချင်ယောင်ဆောင်လိုက်ပေါ့ဗျာ” ဟု နေဘုန်းလတ်က ပြောလိုက်သည်။