နိုင်ငံတကာသတင်းသတင်း

အမေရိကန်သမ္မတ ထရမ့်သည် ကျင့်ဝတ်သီလပိုင်း အားနည်းသူဟု ဒလိုင်းလားမား ဝေဖန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကျင့်ဝတ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း လျော့နည်းနေသူတစ်ဦးဖြစ်သည်ဟု နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက သုံးသပ်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

BBC ၏ တောင်အာရှဒေသဆိုင်ရာ အယ်ဒီတာ ရာဂျီနီဗာဒီနာသန်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် တိဘက်ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက သမ္မတထရမ့်ကို အထက်ပါအတိုင်း အကျင့်သီလပိုင်း အားနည်းသူအဖြစ် ဝေဖန်လိုက်ခြင်းဖြစ်သည်။

“သူ့ရဲ့စိတ်ခံစားချက်တွေက တော်တော့်ကို ရှုပ်ထွေးနေတယ်လို့ ထင်တယ်” ဟု ဒလိုင်းလားမားက ဆိုသည်။ BBC ၏ အယ်ဒီတာဖြစ်သူက “ဘာကိုဆိုလိုတာလဲ” ဟု ထပ်မေးရာ ဘုန်းတော်ကြီး ဒလိုင်းလားမားက “ထရမ့်ဟာ ဒီနေ့မှာ ဒီအကြောင်းပြောနေပေမယ့်၊ နောက်တစ်နေ့မှာ နောက်တစ်မျိုးပြောပြန်တယ်။ ကျွန်တော်ထင်ပါတယ် သူဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းမရှိတဲ့သူပဲ” ဟု ပြောဆိုသည်။

ထို့နောက် ဒလိုင်းလားမားက ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတဖြစ်လာချိန်တွင် ‘အမေရိကသည်သာ ပထမ’ ဟု ပြောဆိုခဲ့ကြောင်း၊ အမှန်ဆိုလျှင် ထိုသို့ပြောဆိုခြင်းသည် မှားယွင်းမှုတစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘အမေရိကအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ တာဝန်ယူမှုမျိုးကို ရယူသင့်တာလေ” ဟု ၎င်းက ဆက်လက်ဝေဖန်သည်။

ပြည်ပြေးဘဝဖြင့် နေထိုင်လျက်ရှိသော ဒလိုင်းလားမားက တိဘက်ဒေသဆီသို့ ပြန်မည့်မျှော်လင့်ချက်ကို မည်သည့်အခါမျှ စွန့်လွတ်မည်မဟုတ်ဟုလည်း ဆိုသည်။

လက်ရှိအနေအထားတွင် ဒလိုင်းလားမားနေရာကို ဆက်ခံမည့်သူမှာ အမျိုးသမီးသီလရှင် ဖြစ်နိုင်သည်ဟု အငြင်းပွားဖွယ် ပြောဆိုနေမှုများနှင့်ပတ်သက်၍လည်း “တကယ်လို့ အမျိုးသမီး ဒလိုင်းလားမား ပေါ်လာမယ်ဆိုရင် သူမဟာ အင်မတန်ဆွဲဆောင်မှု ကောင်းလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ယခုအခါ အသက် ၈၄ နှစ် အရွယ်ထဲသို့ ရောက်ရှိလာပြီဖြစ်သော ဘုန်းတော်ကြီး ဒလိုင်းလားမားသည် အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ထူထပ်သော ဟီမာချာပရာဒတ်ရှ်ပြည်နယ်ရှိ မက်လောက်ဂန်ဂျက်မြို့တွင် နေထိုင်လျက်ရှိသည်။

BBC

Show More

Related Articles

Back to top button