
ရွေးကောက်ပွဲအတွက် မဲဆွယ်ကြရာတွင် ကိုယ်စားလှယ်လောင်းကို ဝန်းရံသူများ၏ အသုံးစရိတ်ကို ထည့်သွင်းမတွက်ချက်ဘဲ ဝန်းရံသူများက သူတို့စရိတ်ဖြင့်သူတို့ ဝင်ရောက်မဲဆွယ်ကြသည်ဆိုသော အချက်နှင့် ပတ်သက်ပြီး လာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အငြင်းပွားစရာများ ဖြစ်လာဖွယ်ရှိကြောင်းနှင့် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရန် လိုနေကြောင်း ပါတီကြီးတစ်ခုနှင့် လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအကြိုကာလ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး လစ်လပ်နေရာတွင် အနိုင်ရခဲ့သော လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းပန်းဆိုင်ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်သော ဒေါ်နန်းထွေးမှုံက ကန့်ကွက်ခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်ခုံရုံးက ပယ်ချကြောင်း ဇွန်လ ၁၃ ရက်နေ့က ဆုံးဖြတ်သည်။
ထိုသို့ ဦးစိုင်းပန်းဆိုင်ကို ဆက်လက်အနိုင်ပေးသည့်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တစ်ချိန်က မဟာမိတ်ပါတီ SNLD ဘက်က ယမန်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပပြီး အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ဦးစိုင်းပန်းဆိုင်၏ ရွေးကောက်ပွဲအသုံးစရိတ် တင်ပြချက်သည် မဲဆွယ်သည့် လူဦးရေနှင့် စာလျှင် အလွန်နည်းပါးနေခြင်း အသုံးစရိတ်ပြေစာများ၏ ထက်ဝက်ကျော်သည် အခွန်တံဆိပ်ခေါင်း ကပ်မထားခြင်းတို့ကြောင့် လက်ရှိ အာဏာရပါတီမှ အနိုင်ရကိုယ်စားလှယ်သည် ရွေးကောက်ပွဲအသုံးစရိတ်ကိစ္စတွင် တရားမဲ့ပြုကျင့်သည်ဟုဆိုကာ အဓိကပြိုင်ဘက် SNLD မှ ဒေါ်နန်းထွေးမှုံက ကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးသည် ကျပ်သိန်း ၁၀၀ ထက် ပိုသုံးစွဲခွင့် မရှိပေ။
အသုံးစရိတ်အတွက် ဦးစိုင်းပန်းဆိုင်က ကျပ် ၅၅ သိန်း စာရင်းတင်ပြခဲ့ပြီး ဒေါ်နန်းထွေးမှုံက ကျပ်သိန်း ၈၀ တင်ပြခဲ့သည်။ ၎င်းကိုဝန်းရံသူ လူဦးရေစုစုပေါင်းကို မသိပါဟု ဦးစိုင်းပန်းဆိုင်က ပြောသည်။
ဦးစိုင်းပန်းဆိုင်ကမူ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကာလက ၎င်းအား ဝန်းရံသူများ၏ ကုန်ကျစရိတ်ကို ထည့်မတွက်ခဲ့ရခြင်းမှာ ကိုယ်စားလှယ်လောင်းကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအတွက် ဝန်းရံသူများအနေဖြင့် ကိုယ့်စရိတ်ဖြင့်ကိုယ် ဝန်းရံရမည်ဆိုသည့် ပါတီမူဝါဒ (ပါတီစည်းကမ်း) အရ ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည်ထုချေခဲ့သည်။
အဆိုပါထုချေချက်ကို မှန်ကန်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပြီးနောက် ဇွန်လ ၁၃ ရက်နေ့တွင် အမိန့်ချကာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သော ဦးစိုင်းပန်းဆိုင်၏အနိုင်ကို ဆက်လက်အတည်ပြုခဲ့သည်။
စီရင်ထုံးဖြစ်သွားမှာစိုးရိမ်
ထိုကဲ့သို့ ကိုယ်စားလှယ်လောင်းတစ်ဦး၏ ရွေးကောက်ပွဲ မဲဆွယ်ကာလအသုံးစရိတ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နိုင်ငံရေးပါတီများက မူဝါဒချမှတ် ယှဉ်ပြိုင်ခြင်းသည် လာမည့် ၂၀၂၀ ပြည့် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု SNLD ခေါင်းဆောင်များက ဆိုသည်။
“UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ကို လွှမ်းမိုးပြီးတော့ ဘာမှ လုပ်မရဘူး။ ဒီတိုင်းသာ ဆက်သွားနေရင် ရှုပ်သွားလိမ့်မယ်။ သူ့ပါတီ၊ ကိုယ့်ပါတီတွေက တရားဝင်သုံးစွဲလို့ ငွေသိန်း ၁၀၀အပြင် ဝန်းရံသူတွေသုံးတဲ့ နောက်ထပ်ငွေကိုပါ ပေးသုံးလိုက်ရင် ရွေးကောက်ပွဲစနစ်က တအားရှုပ်လာလိမ့်မယ်။ အဲဒီခါကျရင် အငြင်းပွားမှုတွေကလည်း ဒီထက်မက ကျယ်ပြန့်လာမှာ” ဟု အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ယင်းကဲ့သို့ ဦးစိုင်းပန်းဆိုင်၏ ထုချေချက်ကို ရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ခြင်းသည် နောင်ကျင်းပမည့် ရွေးကောက်ပွဲများ၌ ဝိရောဓိများ ဖြစ်ပေါ်လာနိုင်သည်ဟု SNLD ဒုဥက္ကဋ္ဌ (၁) ဦးစိုင်းညွန့်လွင်က ဆိုပြီး “နိုင်ငံရေးပါတီတွေအတွက်လည်း ရပ်တည်ဖို့ ခက်ခဲလာနိုင်ပါတယ်” ဟု ဆက်ပြောသည်။
ယင်းအချက်သည် ဒေါ်နန်းထွေးမှုံတစ်ဦးတည်း မဲရှုံးရသည့် ပြဿနာတစ်ခုမဟုတ်ဘဲ လာမည့်ရွေးကောက်ပွဲများတွင် အငြင်းပွားဖွယ်ဖြစ်လာနိုင်သော အချက်ဖြစ်ကြောင်း SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်ကလည်း ပြောသည်။
“ဝန်းရံသူရဲ့ (အသုံးစရိတ်)ငွေ ထည့်တွက်စရာ မလိုဘူးလို့ ဆုံးဖြတ်လိုက်ရင် လုပ်ထုံးလုပ်နည်းဖြစ်သွားမှာ။ နောက်ရွေးကောက်ပွဲတွေမှာလည်း ဒီတိုင်းပဲ လုပ်ကြလိမ့်မယ်။ အဲဒါကို လက်ခံသလားပေါ့” ဟု ၎င်းက မေးခွန်းထုတ်သည်။
အနိုင်ရရှိခဲ့သည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်ကမူ ရွေးကောက်ပွဲ မဲဆွယ်ကာလက ဝန်းရံသူများကို ဖိတ်ခေါ်ခဲ့ခြင်းမရှိကြောင်း၊ လာရောက်ဝန်းရံသူများ၏ ၉၅ ရာခိုင်နှုန်းသည် ၎င်းတို့သဘောအလျောက်သာ ဖြစ်ကြောင်း Myanmar Now ကို တယ်လီဖုန်းဖြင့် ပြောသည်။
“ကျွန်တော် မပေးရတဲ့ ငွေကိုတော့ ကျွန်တော် မထည့်ဘူးဗျ။ ဝန်းရံတဲ့ ပုဂ္ဂိုလ်တွေ၊ ပါတီမိတ်ဆွေတွေထဲမှာ ကျွန်တော် မသိတဲ့လူတွေ အများကြီးပါ။ ပါတီရဲ့လမ်းစဉ်အရ ဝန်းရံရမယ်ဆိုပြီး လာရောက်ဝန်းရံကြတာပါ။ စည်းရုံးရေးမသွားခင်ကတည်းက လမ်းညွှန်ချက်ပေးပြီးသားပါ။ ကျွန်တော့်မဲဆန္ဒနယ်မှာ တအားကျယ်ပြန့်တော့ ကိုယ်စားလှယ်လောင်းကို ဖိစီးမှုမရှိအောင် ပြောထားပြီးပြီ။ ကျွန်တော့အနေနဲ့ ပေးဖို့မလိုဘူး (ဆိုပြီး) ပါတီအနေနဲ့ ညွှန်ကြားထားပြီးသားပါ” ဟု ၎င်းက ပြောသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအကြိုကာလက ဦးစိုင်းပန်းဆိုင်ကို ဝန်းရံမဲဆွယ်ပေးခဲ့သော မန္တလေးသား ကိုကျော်ဆွေဦး (ကျော်ကြီး – ခရေရိပ် ဖြင့် ကဗျာရေးသူ) က ၎င်းအနေဖြင့် မြို့နယ် ခုနစ်မြို့နယ်တွင် ၁၀ ရက်ခန့် မဲဆွယ်စည်းရုံးရေးဆင်းခဲ့သည်ဟု Myanmar Now ကို ပြောသည်။
ဦးစိုင်းပန်းဆိုင်ကို မဲဆွယ်ပေးသည့် လက်ကမ်းစာစောင်များဝေခြင်း၊ တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်ပညာပေးခြင်း၊ ရွေးကောက်ပွဲနေ့တွင် မဲပေးမည့်သူများ ဆောင်ရန်ရှောင်ရန်တို့ကို ပြောပြခြင်းများ ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ပြောသည်။
“မဲဆွယ်စည်းရုံးကာလဆိုတော့ ကိုယ့်ပါတီအနိုင်ရအောင်၊ ကိုယ့်ပါတီက ယှဉ်ပြိုင်တဲ့လူ အနိုင်ရအောင်တော့ ပြောရတာပေါ့” ဟု ကိုကျော်ဆွေဦးက ပြောသည်။
အလားတူ ဦးစိုင်းပန်းအတွက် ကူညီမဲဆွယ်ပေးခဲ့သူ နောက်တစ်ဦးဖြစ်သည့် မန္တလေးမြို့အခြေစိုက် တိုင်းရင်းသား ၁၈ ဖွဲ့ ပါဝင်ဖွဲ့ထားသည့် ‘တိုင်းရင်းသားလူမျိုးစုများအဖွဲ့’ ဥက္ကဋ္ဌ နိုင်မောင်လွင်က ၎င်းအနေဖြင့်လည်း မဲဆွယ်စဉ်ကာလက မြို့နယ်သုံးမြို့နယ်ခန့် သွားရောက်ဝန်းရံခဲ့ကြောင်း၊ ဦးစိုင်းပန်းဆိုင်သည် ၎င်းတို့အဖွဲ့၏ ဥက္ကဋ္ဌဟောင်းဖြစ်သောကြောင့် ဝန်းရံသည့် ကုန်ကျစရိတ်ကို တိုင်းရင်းသားအဖွဲ့က ကျခံကြောင်း ပြောသည်။

ပြေစာမှာ တံဆိပ်ခေါင်းမပါ
ဒေါ်နန်းထွေးမှုံ၏ ကန့်ကွက်လွှာတွင် ရွေးကောက်ပွဲကာလအသုံးစရိတ်အတွက် ဦးစိုင်းပန်းဆိုင်ဘက်က တင်ပြသည့် ငွေရပြေစာများတွင် အခွန်တံဆိပ်ခေါင်း မပါသည့်ကိစ္စလည်း ပါဝင်သည်။
ဦးစိုင်းပန်းဆိုင်သည် ရွေးကောက်ပွဲကာလအသုံးစရိတ်အတွက် ငွေရပြေစာပေါင်း ၂၁၇ စောင်ကို ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့ရာတွင် ယင်းပြေစာများအနက် တစ်ဝက်ကျော်ဖြစ်သော ပြေစာပေါင်း ၁၂၇ စောင်သည် တံဆိပ်ခေါင်း ကပ်ထားခြင်းမရှိကြောင်း၊ ယင်းပြေစာပါ ကျသင့်ငွေပေါင်းသည် ကျပ် ၃၇ သိန်းခန့် ရှိကြောင်း SNLD ကိုယ်စားလှယ်လောင်းက ကန့်ကွက်ခဲ့သည်။
ယင်းအချက်သည် ရွေးကောက်ပွဲကုန်ကျစရိတ် ပုံစံ (၂၀) အပိုဒ် (၂) တွင် မှတ်ချက် (၁) နှင့် (၂) ဖော်ပြချက်၌ ပြေစာများတွင် တံဆိပ်ခေါင်းကပ်ရမည်ဟု ဖော်ပြထားသည့် အချက်ကို ဖောက်ဖျက်နေသည်ဟု SNLD ပါတီက ထောက်ပြဝေဖန်သည်။
ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေသည်ဟု ဦးစိုင်းကျော်ညွန့်က ပြောသည်။
“ကျွန်တော်တို့အမှုကို ဒီအတိုင်း ဆုံးဖြတ်ပြီးသွားပြီဆိုရင် ဟာ.. SNLD အမှုတုန်းက မကပ်ဘူးလေ။ ဒါ တရားမဲ့ပြုကျင့်မှု မဟုတ်ဘူးလား။ UEC က ပြထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေမှာကျတော့ အဲဒီလိုဖြစ်မနေဘူး။ UEC ရဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေကို ကျော်လွန်ပြီး ဆုံးဖြတ်ထားတဲ့အခါကျတော့ နောက်ပိုင်းကျရင် ဘယ်လိုပြောမလဲ။ နည်းဥပဒေကို ပြင်မှာလား။ ရွေးကောက်ပွဲအသုံးစရိတ်၊ ဝန်းရံသူတွေရဲ့ အသုံးစရိတ်တွေကအစ ပါတီတစ်ခုက ရွေးကောက်ပွဲဆိုင်ရာမဟာဗျူဟာဆိုပြီး ထုတ်လို့ရသလား” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲကုန်ကျစရိတ် ပုံစံ (၂၀) အပိုဒ် (၂) တွင် မှတ်ချက် (၁) ၌ ငွေကျပ် ၅၀၀ နှင့် ၅၀၀ ထက်ပိုသော ကုန်ကျစရိတ်များအတွက် ပြေစာတောင်းယူ၍ ရွေးကောက်ပွဲကုန်ကျစရိတ် ငွေစာရင်း၌ ပူးတွဲပါရှိရမည်ဖြစ်ကြောင်း၊ ပြေစာမရရှိနိုင်သော ကုန်ကျစရိတ်များကိုမူ သုံးစွဲသူက လက်မှတ်ထိုးတင်ပြရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
မှတ်ချက် (၂) တွင် အသုံးစရိတ်များအတွက် စရိတ်အခကြေးငွေ ပေးခြင်းခံရသော သူများ၏ အမည်နှင့် အကြောင်းအရာ၊ ဆောင်ရွက်ခဲ့သော လုပ်ငန်း၊ ဝယ်ယူခဲ့သော ကုန်ပစ္စည်းအမည်၊ အရေအတွက်နှင့် ကျသင့်ငွေများကို တစ်ခုချင်းစီ ဖော်ပြရမှာဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
ကိုယ်စားလှယ်လောင်း၏ အသုံးစရိတ်ကို သီးခြားစီ ခွဲခြားတင်ပြရမှာဖြစ်ပြီး စာပို့တံဆိပ်ခေါင်းဖိုးများနှင့် ကြေးနန်းခများကိုသာ တစ်ပေါင်းတည်း တင်ပြရမည်ဟု ရွေးကောက်ပွဲကုန်ကျစရိတ်ပုံစံတွင် ဖော်ပြထားသည်။
SNLD ၏ ကန့်ကွက်လွှာကို ခုံရုံးက ငြင်းပယ်လိုက်သော်လည်း အယူခံကာလ ရှိနေသေးသောကြောင့် မှတ်ချက်မပေးလိုကြောင်း ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က Myanmar Now ကို ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ ကိုယ်စားလှယ်လောင်းတစ်ဦး၏ အသုံးစရိတ် ဝန်ထုပ်ဝန်ပိုးမဖြစ်ရေး မူဝါဒနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မဖြေခဲ့ပါ။
“UEC က ထုတ်ထားတဲ့ ညွှန်ကြားချက်တွေ ရှိပါတယ်ဗျ။ ကျွန်တော်တို့ဘက်ကလည်း မှန်ကန်ကြောင်း ပြန်ပြောရမှာပေါ့။ UEC ရဲ့ ထုတ်ပြန်ညွှန်ကြားချက်တွေနဲ့ အညီပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က သီးခြားထုတ်ပြန်ချက် မရှိပါဘူး” ဟု ၎င်းက ယမန်နေ့ ညနေပိုင်းက ပြောသည်။
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) နေရာအတွက် NDF ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဦးခိုင်မောင်ရည်က ၎င်း၏ ကိစ္စအဝဝအတွက် ဝန်းရံသူများသုံးစွဲသည့် မော်တော်ကားစရိတ်၊ ကျွေးမွေးစရိတ်များအားလုံး၊ တယ်လီဖုန်းသုံးစွဲမှု ကုန်ကျစရိတ်၊ တံဆိပ်ခေါင်းဖိုးများအပြင် မဲဆွယ်ကာလတစ်လျှောက် သုံးစွဲမှုကုန်ကျစရိတ်များကို မခြွင်းမချန် ဖော်ပြခဲ့ရသည်ဟု ပြောသည်။
“တစ်စုံတစ်ရာ ခြွင်းချန်ခဲ့သည်ရှိသော်၊ အသုံးစရိတ်ကို ထိမ်ချန်ခဲ့သည်ရှိသော် အဲဒီလွှတ်တော်ကိုယ်စားလှယ်ဟာ အရည်အချင်းပျက်ယွင်းတယ်လို့ ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ယခုအငြင်းပွားမှုသည် ရွေးကောက်ပွဲဆိုင်ရာဥပဒေ လုပ်ထုံးလုပ်နည်းများ၏ မတိကျမှုကြောင့်ဖြစ်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အကောင်းဆုံးဥပမာဖြစ်သည်ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သော ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က သုံးသပ်သည်။
“၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် လုပ်ထုံးလုပ်နည်းတွေက ဒီထက်ပိုပြီး တိကျဖို့ လိုအပ်တယ်။ လုပ်ထုံးလုပ်နည်းတွေက မတိကျတဲ့အတွက်ကြောင့် အဓိပ္ပာယ်ဖွင့်တဲ့ဟာက အမျိုးမျိုးဖြစ်နေတယ်။ အဓိပ္ပာယ်ဖွင့်ချင်ရင် ဖွင့်ချင်သလို ဖွင့်လို့ရတယ်။ မဲဆွယ်စည်းရုံးရေးအသုံးစရိတ်ဆိုတာ ဘယ်လိုဟာမျိုးလဲ၊ ဘယ်သူတွေရဲ့ အသုံးစရိတ်လဲ ဆိုတာမျိုး အဓိပ္ပာယ်အတိအကျ ဖွင့်ဖို့လိုလာပြီ” ဟု ၎င်းက ပြောသည်။
ခေတ်စနစ်ပြောင်းလာသည်နှင့်အမျှ ရွေးကောက်ပွဲအသုံးစရိတ်များသည် ယခင်ကနှင့် မတူတော့သည့်အတွက် လက်ရှိဥပဒေကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။
“ဝန်းရံတဲ့သူတွေနဲ့ ပတ်သက်ပြီး အသုံးစရိတ်ကို တိတိကျကျ ဖွင့်ဆိုထားတာ မရှိဘူး။ ဥပဒေမှာတော့ မဲဆွယ်စည်းရုံးတဲ့နေရာ ကိုယ်စားလှယ်လောင်းကနေပြီး ဘယ်သူတွေက မဲဆွယ်စည်းရုံးခွင့် ရှိပါတယ်ဆိုပြီး ပြောရတယ်။ အဲဒီလိုမှမဟုတ်ရင် သူ့အတွက် မဲဆွယ်ပေးလို့ မရဘူး။ ဆိုလိုတာက ပါတီ(က)က ကိုယ်စားလှယ် ဦးဖြူကို သဘောကျတယ်။ သူ့အစား မဲဆွယ်လို့ မရဘူး။ သူ့ကို ကြည်ညိုတိုင်း၊ ထောက်ခံတိုင်း ကျွန်တော် လုပ်လို့မရဘူး” ဟု ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။
လက်ရှိ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာသည့်အလျောက် အာဏာရှိနေသူများက ထိန်းချုပ်ခွင့်ရရှိနေကြောင်း၊ ဒီမိုကရေစီနည်းလမ်းကျချင်ပါက မဖြစ်မနေပြင်ရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။
ဒီတိုင်းဆက်သွားနေမယ်ဆိုရင် အာဏာရတဲ့ပါတီက ဒီဥပဒေကို သုံးပြီး အသာရအောင် အမြဲတမ်းလုပ်နေမှာပဲ။ ဒီဥပဒေမူဘောင်တွေက ပြင်ကိုပြင်ဖို့ လိုပါတယ်” ဟု ၎င်းက အကြံပြုသည်။