သတင်း

မန္တလေး မဟော်သဓာကျောင်း ခွင့်ပြုချက်မဲ့ တည်ဆောက်မှု ယနေ့စစစ်

ဦးဝီရသူ ဦးဆောင်ဖွင့်လှစ်ထားသည့် မန္တလေး မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်း၏ ကော်မတီဝင် ၇ ဦးကို ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားမှုကို ယနေ့ဇွန်လ ၂၄ရက်နေ့၌
စတင်စစ်ဆေးခဲ့သည်။

ယနေ့တွင် တရားလိုဖြစ်သူ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွန့်လင်းကိုစတင်စစ်ဆေးခြင်းဖြစ်သည်။

တရားခံဘက်မှ လိုက်ပါကူညီဆောင်ရွက်သည့် ရှေ့နေ ဦးဝင်းကြည်(စဉ့်ကိုင်)က “ခွင့်ပြုမိန့်မရဘဲနဲ့ ဒါကိုဆောင်ရွက်လို့ ဖျက်သိမ်းပေးဖို့ အကြောင်းကြားတယ်၊ နောက်ပိုင်းအရာရှိတွေက တာဝန်ပေးလို့ ဒီအမှုကို သူဆောင်ရွက်ရတယ်လို့ သူထွက်ဆိုသွားတယ်” ဟု ပြောသည်။

ရုံးတွင်းစစ်ဆေးမှုအပြီး မီဒီယာများက မေးမြန်းရာတွင်မူ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွန့်လင်းက ဖြေဆိုရန်ငြင်းဆိုခဲ့သည်။

“မဟော်သဓာဖြစ်လာဖို့ဆိုတာ လက်လွတ်စပယ်ဖြစ်လာတာ မဟုတ်ဘူး။ အဆင့်ဆင့်ဥပဒေနဲ့အညီ လုပ်ခဲ့ပြီးသားတွေကို မသိလို့လား။ သိရက်နဲ့အပြစ်ရစေချင်လို့ တမင်ထိမ်ချန်ပြီး
ထွက်တာလားတော့မသိဘူး၊ တရားမျှတမှုမရှိဘူးလို့ ပြောချင်တယ်”ဟု တရားစွဲဆိုခံရသည့် ကျောင်းကော်မတီအဖွဲ့ထဲတွင် ပါဝင်သည့် ရှေ့နေဦးဇော်ဝိတ်က ပြောဆိုသည်။ 

လာမည့်ရုံးချိန်းကို ဇူလိုင်လ ၃ ရက်နေ့ကို ချိန်းဆိုလိုက်ပြီး တရားလို အုပ်ချုပ်ရေးမှူးဦးညွန့်လင်းကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားရုံးထံမှသိရသည်။ 

မန္တလေး မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းကို ဦးဝီရသူက ဦးဆောင်ကာ အဖွဲ့ဝင် ၇၀ ခန့်နှင့် ကျောင်းဖြစ်မြောက်ရေး လုပ်ဆောင်နေခြင်းဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ကျောင်းဆောက်လုပ်ခြင်းကြောင့် အထက်မြန်မာပြည် မြေနှင့်အခွန်တော်ဥပဒေပုဒ်မ ၆၉ (၂) အရ တိုင်းအစိုးရက တရားစွဲထားခြင်းဖြစ်သည်။ 

အဆိုပါ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်း လေးထပ် ကျောင်းဆောင်သစ်ကို ပုသိမ် ကြီးမြို့နယ် ကျောက်ချောကျေးရွာတွင် ဆောက်လုပ်နေခြင်းဖြစ်သည်။

Related Articles

Back to top button