
ရဲတပ်ဖွဲ့က မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၌ ဖမ်းမိထားသော မိုက်ကယ်ကျော်မြင့်ကို ယနေ့(ဇွန်လ ၁၁) ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် တရားရုံးတွင် ရုံးထုတ်ကာ ချုပ်နှောင်ခွင့်ရယူပြီး အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်သည်။
မေလ ၁၅ ရက် ညက တောင်ဒဂုံ ဘာသာရေး အကြောင်းပြု ဆူပူမှုတွင် ဦးဆောင်ပါဝင်သည့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးကို လာမည့် ဇွန်လ ၁၄ ရက်တွင် တောင်ဒဂုံမြို့နယ်တရားရုံး၌ ထပ်မံ ရုံးထုတ်ပြီး တရားလိုကို စစ်ဆေးမည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
၎င်းတို့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ) ဖြင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းပုဒ်မမှာ ပြစ်မှုထင်ရှားပါက နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ယနေ့ မိုက်ကယ်ကျော်မြင့်ကို ရုံးထုတ် ရမန်ယူရာတွင် မျိုးချစ် ဝန်းရံသူများ မရှိခဲ့ပေ။
ယင်းအပြင် တရားခံပြေးအဖြစ် ကြေညာခံထားရသော မိုက်ကယ်ကျော်မြင့်ကို လက်ခံထားသော ကုန်းကံကျေးရွာနေ အသက် ၈၀ အရွယ်ရှိ ယောက္ခမဖြစ်သူကိုလည်း ဇွန်လ (၁၀) ရက်နေ့ ညပိုင်းတွင် အမှုဖွင့် ဖမ်းဆီးလိုက်ကြောင်း နယ်မြေခံ ပင်းတလဲ ရဲစခန်းမှ စုံစမ်းသိရှိရသည်ဟု The Voice Daily က ဖော်ပြသည်။
မိုက်ကယ်ကျော်မြင့်ကို ဇွန်လ (၁၀) ရက် မွန်းလွဲပိုင်းက ဝမ်းတွင်းမြို့နယ် တောင်စွယ်ကျေးရွာအုပ်စု၊ ကုန်းကန်ကျေးရွာရှိ ယောက္ခမဖြစ်သူ၏နေအိမ်တွင် ရောက်ရှိနေစဉ် မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
- စိုးထွန်းရှိန် ၊ မိုက်ကယ်ကျော်မြင့် တို့အား အလိုရှိကြောင်း ရဲက ကြေညာ
- မိုက်ကယ်ကျော်မြင့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုထံတွင် တိမ်းရှောင်နေဟု ရဲတပ်ဖွဲ့ဆို
- တောင်ဒဂုံ ဘာသာရေး အဓိကရုဏ်းခေါင်းဆောင် မိုက်ကယ်ကျော်မြင့်ကို ဝမ်းတွင်းမြို့၌ဖမ်းမိ
ယင်းကိစ္စနှင့်ပတ်သက်၍ တောင်ဒဂုံတရားရုံး ရာကြီးမှုအမှတ် ၈၂၆/၂၀၁၉၊ ရာဇသတ်ကြီးအမှု ၅၀၅ (ခ) အမှုနှင့် ဖမ်းဝရမ်း ထုတ်ဆင့်ထားသည့် ကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့်ကို သိလျက်နှင့်လက်ခံထားသော ကုန်းကန်ကျေးရွာနေ တောင်သူ ဦးကျော်မောင် (၈၀ နှစ်)ကို ဥပဒေအရ အရေးယူပေးရန် ပင်းတလဲနယ်မြေ ရဲကင်းစခန်းမှူးက တရားလိုပြု တိုင်တန်းသဖြင့် ဇွန်လ ၁၀ ရက် ညနေက ပင်းတလဲ ရဲစခန်းက (ပ) ၂၂/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၁၆ အရ အမှုဖွင့် အရေးယူထားကြောင်း မှုခင်းမှတ်တမ်းများကို ကိုးကား၍ The Voice Daily က ဖော်ပြထားသည်။
ဆူပူမှုတွင် ပါဝင်ခဲ့သူ မိုက်ကယ်ကျော်မြင့်နှင့် တွဲဖက် သီဟမျိုးနိုင်မှာ ဝရမ်းထုတ်ထားသည့် နောက်ဆုံးရက်ဖြစ်သော ဇွန်လ ၆ ရက်တွင် ၎င်းကိုယ်တိုင် တရားရုံးသို့ လာရောက် အဖမ်းခံခဲ့ပြီး ၎င်းမှာ ထွက်ပြေးနေခြင်း မဟုတ်ကြောင်း အမျိုးဘာသာ၊ သာသနာ အရေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ယင်းနေ့က တရားရုံးရှေ့တွင် ပန်းကုံးစွပ်ပေးကာ ဝန်းရံခဲ့ကြသည့် မျိုးချစ်ဟုဆိုသူများကို ပြောကြားခဲ့သည်။
သီဟမျိုးနိုင်(နိုင်ဒဂုံ)မှာ တရားခံပြေးအဖြစ် ရဲက အလိုရှိနေသည့် မိုက်ကယ်ကျော်မြင့်၏ ညွှန်ကြားမှုဖြင့် တည်ထောင်ထားသည့် အခြေခံလူတန်းစားဘဝ တိုးတက်မြင့်မားရေးပါတီ၏ တောင်ဒဂုံမြို့နယ်ဥက္ကဋ္ဌ ဖြစ်သည်။
- အစ္စလာမ်ဥပုသ်ဝတ်ပြုမှုများကို မျိုးချစ်ဆိုသူများက တုတ်ဓားများဖြင့် လာရောက် တားဆီး
- တောင်ဒဂုံ ဘာသာရေးဆူပူမှု ကြိုတင်ကြံစည်ခြင်းဖြစ်
အသက် ၄၃နှစ် အရွယ်ရှိ မိုက်ကယ်ကျော်မြင့်မှာ ၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ကိုယ်ရေးအရာရှိတို့ မြေကိစ္စတွင် လာဘ်စားခဲ့သည်ဟု စွပ်စွဲမှု၊ ဆန္ဒပြမှုတို့ကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ခြောက်လ ၊ မမှန်မကန် စွပ်စွဲမှုကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ ဖြင့် ထောင်ဒဏ် သုံးလ၊ ယင်းအပြင် ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ဖြင့် ထောင်ဒဏ် တစ်လ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) (အစိုးရကို ထိခိုက်စေသည့် သတင်းဖြန့်ချိမှုကြောင့် အများပြည်သူအကျိုးကို ပျက်စီးစေမှု) ဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရသူလည်း ဖြစ်သည်။
၎င်းတို့ နှစ်ဦးသည် တောင်ဒဂုံမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ ရာမဇန် ဥပုသ်လ တစ်လတာ ကာလအတွင်း ယာယီဝတ်ပြုရန် ခွင့်ပြုထားသော မြို့နယ်တွင်းရပ်ကွက်သုံးခုမှ ဝတ်ပြုဆောင် ၃ ဆောင်ကို ဖျက်သိမ်းရန် လူအင်အား ၁၀ဝခန့်ဖြင့် ဆူပူလှုံ့ဆော်ခဲ့ပြီး အချို့က တုတ်၊ ဓားများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။