သတင်း

ဦးဝီရသူ ဆုတောင်းပွဲတွင် ဖမ်းဝရမ်းထုတ်ခံထားရသူ ဦးပညာဝံသကို ဖမ်းဆီး

အစိုးရနုတ်ထွက်ပေးရေး အတွက် လွန်ခဲ့သည့် ၂နှစ်က ရန်ကုန်မြို့၌ သပိတ်စခန်းဖွင့် ဆန္ဒပြမှုကြောင့် ဖမ်းဝရမ်းထုတ်ခံရသူ ဦးပညာဝံသကို ယနေ့ (ဇွန်လ ၁၀ရက်)တွင် ဖမ်းဆီးလိုက်သည်ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း 7 Day သတင်းဌာနက ရေးသားဖော်ပြသည်။

ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် ဦးဝီရသူအရေး ဆုတောင်းဆန္ဒပြပွဲတွင် ပါဝင်လာသည့် ဦးပညာဝံသကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ဦးပညာဝံသ ဦးဆောင်သည့် အမျိုးသားရေးလှုပ်ရှားသူဆိုသူများက လက်ရှိအစိုးရ နုတ်ထွက်ပေးရန် ရန်ကုန်မြို့ ကြေးသွန်းဘုရားရှေ့တွင် ၂၀၁၇ ဩဂုတ်လ ၂ ရက်မှ ၅ ရက်အထိ လေးရက်ကြာ သပိတ်စခန်းဖွင့်တောင်း ဆိုခဲ့ကြခြင်းဖြစ်သည်။

ဦးဝီရသူ ထောက်ခံသူများသည်  ယနေ့ နေ့လယ် ၂ နာရီခန့်တွင် ဗဟန်းမြို့နယ် ကြေးသွန်းဘုရား စုရပ်မှ နေ၍ မြို့တော်ခန်းမရှေ့သို့ ချီတက်ကာ ဆူးလေဘုရားဘက် ဦးတည်၍ ဦးဝီရသူ အချုပ်အနှောင်ကင်းရေး၊ ဘေးကင်းရေး သပြေခက်များဖြင့် ဆုတောင်းပွဲ ကျင်းပခဲ့ကြခြင်းဖြစ်သည်။

မေတ္တာပို့ပွဲကို ဦးဆောင်သူ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ အရှင်တေဇဝံသက အစိုးရလေသံအတိုင်း လိုက်ကြသည့် ပြည်သူများသည်

အစိုးရကို ထောက်ခံသည့် သံဃာကို  “ဘုန်းဘုန်း” မထောက်ခံပါက “ကတုံး၊ သင်္ကန်းအရေခြုံ၊ သံဃာ အတု” ဟု ဖေ့ဘုတ်လူမှုကွန်ရက်၌ ဝေဖန်နေကြကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် ဦးဝီရသူ ဟောကြားချက်များတွင် မှန်ကန်သော အချက်များ ပါဝင်ပါက လက်ခံရန် ၎င်းက ဆက်လက်တိုက်တွန်းသည်။

ဦးဝီရသူသည် အမျိုးဘာသာ သာသနာ စောင့်ရှောက်သူ ဖြစ်ပြီး ၎င်းအား အာဏာပိုင်များက စွဲဆိုသည့် ရာဇဝတ်မှု ပုဒ်မ ၁၂၄ – က ကို မကျူးလွန်ကြောင်း ပြောဆိုသည်။

“သံဃာတော်တွေဟာ နိုင်ငံအတွက် အမျိုးဘာသာ သာသနာအတွက် မရပ်တည်ရဲလောက်အောင် ဖြစ်နေတယ်။ အခုပဲ ဆရာတော်ဦးဝီရသူကို ကြည့်မလား။ သူက နိုင်ငံတော်မှာ ရှိတဲ့ မဏ္ဍိုင်ကြီး လေးရပ်၊တစ်ခုနဲ့တစ်ခု ကင်းကင်းရှင်းရှင်းနေကြဖို့၊ ဒီမိုကရေစီစနစ်နဲ့အညီ နေကြဖို့ ထောက်ပြပြောဆိုတာကို နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဦးဝီရသူ ထောက်ခံသူ နည်းသည်ဟု ဝေဖန်ပြောဆိုချက်များနှင့် ပတ်သက်၍လည်း မဲပုံးထောင်သင့်ကြောင်းလည်း ပြောဆိုကြသည်။

ဦးဝီရသူသည် မေလ ၅ ရက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထောက်ခံကြောင်း မဟာဗန္ဒုလပန်းခြံရှေ့ ဟောပြောချက်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်အပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်ကို စော်ကားဆဲဆိုသည်ဆိုကာ အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် အနောက်ပိုင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ  အနောက်ပိုင်းခရိုင် တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆိုပြီး ဝရမ်းထုတ်ခံထားရသည်။

ဦးဝီရသူမှာ ထွက်ပြေးတိမ်းရှောင်နေသော်လည်း VK ရုရှလူမှုကွန်ရက်တွင် ဗီဒီယိုဖိုင်များတင်ကာ ဟောပြောလျက်ရှိပြီး ၎င်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။ ၎င်းအား စွပ်စွဲထားသော ပုဒ်မသည် ပြစ်မှု ထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်နှစ် ၂၀ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။
 
 

Show More

Related Articles

Back to top button