
တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ် AA တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း လက်နက်ကြီးကျည် ကျရောက်သဖြင့် ယမန်နေ့က သေဆုံးတစ်ဦး ထပ်တိုးခဲ့ပြီး ဒဏ်ရာရသူ သုံးဦးရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က Myanmar Now ကို ယနေ့နံနက်က ပြောသည်။
ရခိုင်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းမဲကျေးရွာသို့ ယမန်နေ့ (ဇွန် ၅) ညနေပိုင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၆ နှစ်အရွယ် ဦးစိန်ထွန်း သေဆုံးခဲ့ကာ အသက် ၄၈ နှစ် အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၂၇ နှစ်စီရှိသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရသူများအနက် အသက် ၄၈ နှစ်ရှိ ဒေါ်နွဲ့ရီဝင်းမှာ ဒဏ်ရာပြင်းထန်သဖြင့် ပုဏ္ဏားကျွန်းဆေးရုံမှ စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ကျန်ဒဏ်ရာရသူနှစ်ဦးမှာ ပုဏ္ဏားကျွန်းဆေးရုံတွင် အတွင်းလူနာအဖြစ် ဆက်လက်ကုသမှုခံယူနေကြောင်း ၎င်းက ပြောသည်။
ယခုဖြစ်ရပ်အတွက် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ မည်သည့်ဘက်တွင် တာဝန်ရှိသည်ကို မသိရသေးပါ။
“ဘယ်ကပစ်တာလဲတော့ ကျွန်တော်တို့ တပ်အပ်မပြောနိုင်ဘူး။ လက်နက်ကြီးတွေက နှစ်ဖက်ဖြစ်တဲ့ တိုက်ပွဲကြားမှာ ရွာထဲကို ကျလာတော့ ရွာကလူတွေ ကိုယ့်အိမ်မှာကိုယ် နေတုန်း ဖြစ်သွားတာ” ဟု ဦးရွှေဘော်စိန်က ဆက်ပြောသည်။
ပုဏ္ဏားကျွန်း ဖွံ့ဖြိုးရေး လူငယ်အဖွဲ့အစည်း (PDYO) အတွင်းရေးမှူး ကိုဝင်းချေခိုင် က ၎င်းတို့အနေဖြင့် သွားရောက်ကူညီလိုသော်လည်း အတားအဆီးများရှိကြောင်း၊ တစ်ရွာနှင့်တစ်ရွာ အလှမ်းဝေးနေပြီး တောတောင်ထူထပ်သောကြောင့် ရွာသားများအတွက် အခြားနေရာသို့ သွားလာရန် ခက်ခဲကြောင်း ပြောသည်။
- ရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့သည့် တပ်နှင့် AA ကြား စစ်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ခန့် တိုးလာ
- ရခိုင်ပြည်နယ် မင်းပြားတွင် တပ်နှင့် AA တို့တိုက်ပွဲဖြစ်၍ ရွာသား ၅ဦးသေဆုံး၊ ၆ဦး ဒဏ်ရာရ
အရပ်ဘက်ပြည်သူတွေ ထိခိုက်နစ်နာမှု မရှိအောင်၊ ပြည်သူများအနေဖြင့်လည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရန် အရေးကြီးသည်ဟု ၎င်းက ဆက်ပြောသည်။
“ပြည်သူတွေအပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းကနေပြီးတော့ ပစ်မှတ်မထားဖို့၊ အရပ်ဘက်နဲ့ ဝေးတဲ့နေရာတွေမှာ တိုက်ကြဖို့ တောင်းဆိုလိုပါတယ်” ဟု ကိုဝင်းချေခိုင် ပြောသည်။
ထိုနေ့နေ့လယ်ပိုင်းက မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာကိုလည်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ရာမှ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရသဖြင့် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသခံများကပြောသည်။
လတ်တလောတွင် မြန်မာ့တပ်မတော်နှင့် AA တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင်း အရပ်သားပြည်သူများ သေဆုံးသူ ရှစ်ဦး နှင့် ဒဏ်ရာရသူ ၁၃ ဦးခန့်အထိ ရှိပြီဖြစ်သည်။
ဆောင်းပါးဖတ်ရှုရန်