
ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား အမတ်တစ်ဦး အခြေခံဥပဒေ အရေး ဆွေးနွေးနေစဉ် ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မှု ပြတ်တောက်ခဲ့ခြင်းမှာ ဖိုင်ဘာလိုင်းကြောင့် မဟုတ်ဟု ပြန်ကြားရေး ဝန်ကြီးက ဝန်ခံလိုက်ပြီး မှားယွင်းအကြောင်းပြမှုအတွက် ဌာနတွင်း အရေးယူမှုများ လုပ်နေကြောင်း ယနေ့ ပြောကြားလိုက်သည်။
လွှတ်တော်၏ ဇန်နဝါရီ ၂၉ အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ် ဦးအောင်ကြည်ညွန့်၏ ၂၀၀၈ အခြေခံဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရန် ပူးပေါင်းကော်မတီ ဖွဲ့စည်းရေး အရေးကြီးအဆိုကို တပ်မတော်သားအမတ်က အပြင်းအထန် ကန့်ကွက်နေစဉ် မြန်မာ့ရုပ်မြင်သံကြား၏ တိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
နေ့လယ် ၂း၂၀ တွင် တပ်မတော်သားအမတ် ဆွေးနွေးစဉ် တိုက်ရိုက်ထုတ်လွှင့်ချက် ၅ မိနစ်ခန့် ပြတ်တောက်သွားစဉ် အဆိုတော် ဟေမာနေဝင်း သီချင်းတစ်ပုဒ်ကို အစားထိုး ထုတ်လွှင့်ခဲ့သည်။
အဆိုပါ ပြတ်တောက်မှုသည် ဖိုင်ဘာ ဆက်ကြောင်း ပြတ်တောက်မှုကြောင့် ဖြစ်သည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အရာရှိများကို ကိုးကားပြီး အစိုးရသတင်းဌာနများက ဖေဖော်ဝါရီ ၁ တွင် ရေးသားကြသည်။
တပ်မတော်ကမူ ယင်းနေ့တွင် ဖိုက်ဘာလိုင်း အသုံးပြုမှု လုံးဝ မရှိသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်ခဲ့ခြင်းမှာ ဖိုင်ဘာလိုင်းနှင့် မဆိုင်ဟု ဖေဖော်ဝါရီ ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ပြန်လည်ချေပခဲ့သည်။

ပြန်ကြားရေး နှင့် တပ်မတော်တို့၏ ကွဲလွဲနေသည့် သတင်းထုတ်ပြန်ချက် နှစ်ခုအနက် မည်သည့်ထုတ်ပြန်ချက်က မှန်ကန်ကြောင်း နေပြည်တော်တွင် ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့်က ဝန်ခံခဲ့သည်။
“သူတို့ထုတ်ပြန်တာ မှန်ပါတယ်။ ကျွန်တော်တို့ ဒီဘက်ကနေပြီး စောစောပိုင်းက ထွက်ပေါ်တဲ့ သတင်းသည် မမှန်ပါဘူး” ဟု ဝန်ကြီးက ပြောသည်။
မှားယွင်းအကြောင်းပြချက် ပေးခဲ့သည့်အတွက် ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ လုပ်နေပြီး တာဝန်ရှိသူတို့ကို အရေးယူသွားမည်ဟုလည်း ဝန်ကြီးက ဆိုသည်။
ဌာနတွင်း စုံစမ်းစစ်ဆေးမှုသည် တစ်စိတ်တစ်ပိုင်း ပြီးစီးသွားပြီဖြစ်ကြောင်း၊ စုံစမ်းခံရသူများထဲတွင် အရာရှိအချို့လည်း ပါဝင်ကြောင်း၊ ၎င်းတို့အား အရေးယူခဲ့ပါက ဖုံးဖိထားရန် မဖြစ်နိုင်သောကြောင့် အသိပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးက ဆက်ပြောသည်။