
သင်္ကြန်ကာလအတွင်းက မြို့နယ်အချို့တွင် တပ်မတော်နှင့် ပတ်သက်သည့် အငြင်းပွားစရာအချို့ကို သံချပ်ထိုးခဲ့သည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မဆုရတနာမြင့် နှင့် ကိုချစ်ယုံတို့ကို ဗိုလ်တထောင်တရားရုံးတွင် ယနေ့ ရုံးထုတ်စစ်ဆေးခဲ့ပြီး ပုဒ်မ ၅၀၅(က) အရ အာမခံမပေးသဖြင့် အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်သည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးမျိုးမင်းဦးက တရားလိုလုပ်ကာ တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) တို့ဖြင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၇ဦးကို ဗိုလ်တထောင်တရားရုံးတွင် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၇ ဦးထဲမှ ကိုဇေယျာလွင်ပါဝင်သည့် ၅ ဦးမှာ မရမ်းကုန်းမြို့နယ်တရားရုံးတွင်လည်း တရားစွဲခံထားရပြီး ယခု ဗိုလ်တထောင်တွင်ပါ ထပ်မံတရားစွဲခံရခြင်းဖြစ်သည်။
သို့သော် မရမ်းကုန်းမြို့နယ်တရားရုံးက အာမခံမပေးသဖြင့် အင်းစိန်ထောင်တွင် အချုပ်ကျခံနေရသော ၎င်းတို့ ၅ ဦးမှာ ယနေ့ဗိုလ်တထောင်ရုံးထုတ်တွင် ပါဝင်လာခြင်း မရှိဘဲ မဆုရတနာမြင့် နှင့် ကိုချစ်ယုံတို့ကိုသာ တရားခွင်တွင် စစ်ဆေးပြီး အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသား နှင့် မကေခိုင်ထွန်းတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးသန်းထွန်းမြင့် က ပုဒ်မ ၅၀၅(က) ဖြင့် ဧပြီလ ၂၂ ရက်နေ့ က မရမ်းကုန်းတရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီး အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။
၎င်းတို့ ၅ဦးမှာ ယခုတစ်ကြိမ် ဗိုလ်တထောင်တရားရုံးတွင် ပုဒ်မ ၅၀၅(က) ဖြင့် ထပ်မံတရားစွဲဆိုခြင်းကြောင့် ကိုဇေယျာလွင်အပါ ၅ ဦးမှာ ပုဒ်မတစ်ခုတည်းကို နှစ်နေရာခွဲ၍ တရားစွဲဆိုခံထားရခြင်းဖြစ်ကြောင်း အဆိုပါအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။
“ ဟိုခေတ်တုန်းကထက်စာရင်တော့ ဒီအမှုတွေအပေါ်မှာ တင်းတင်းကျပ် မဟုတ်ဘဲနဲ့ ဥပဒေနဲ့အညီဘဲ သွားကြမယ်လို့ မျှော်လင့်ပါတယ် ” ဟု ၎င်းက ပြောသည်။
နောက်တစ်ကြိမ်ရုံးချိန်းကို မေလ ၂၀ ရက်နေ့သို့ ချိန်းဆိုလိုက်သော်လည်း ထိုရက်တွင် အမှုစစ်ဆေးမှုများ လုပ်နိုင်ဦးမည်မဟုတ်ဟု အဆိုပါအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။
ယနေ့တရားစွဲဆိုမှုပြုလုပ်သည့် ဗိုလ်တထောင်မြို့နယ်တရားရုံးသို့ အရပ်ဘက်အဖွဲ့အစည်းများမှ လူအင်အား ၅၀ ခန့် လာရောက်ခဲ့ပြီး “ တပ်မတော်မှ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ ” စာတန်းရိုက်နှိပ်ထားသည့် အပြာရောင်အင်္ကျီ ဆင်တူဝတ်ကာ တရားရုံးရှေ့တွင် စုဝေးခဲ့ကြသည်။
“ မတရားစွပ်စွဲဖမ်းဆီးခံထားရတဲ့ ကျွန်တော်တို့ရဲဘော်တွေနဲ့ တစ်သားတည်းရှိကြောင်း ပြသလိုတာပါ ” ဟု ၎င်းက ပြောသည်။
အဆိုပါဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ သံချပ်အဖွဲ့ဝင် ၂၅ ယောက်ကိုလည်း သင်္ကြန်ကာလအတွင်း မအူပင်မြို့တွင် တပ်မတော်နှင့် ပတ်သက်သည့် အငြင်းပွားစရာအချို့ကို သံချပ်ထိုးမှုကြောင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သက်နိုင်ဝင်းမှ ၆၆(ဃ) ဖြင့် ပုသိမ်မြို့မရဲစခန်းတွင် ဧပြီ ၂၁ ရက်နေ့က တရားစွဲဆိုထားသေးသည်။