
ပြည်တွင်းလျှပ်စစ်ပေးဝေရေးကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းပေးသင့်ကြောင်း ယနေ့ ပြည်ထောင်စုလွှတ်တော် ၁၂ကြိမ်မြောက် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်အချို့က တိုက်တွန်းဆွေးနွေးခဲ့ကြသည်။
လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီမှ ယူရို ၃၅.၇ သန်း ချေးငွေရယူပြီး စီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတက ပေးပို့ထားသည့်အပေါ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ် အချို့က လျှပ်စစ်ကဏ္ဍကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲအပ်ရန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခွန်ဝင်းသောင်းက တစ်နိုင်ငံလုံး လိုအပ်သည့် လျှပ်စစ် စွမ်းအင်များ လိုသလောက် ရရှိနိုင်ရန်အတွက် ဆက်သွယ်ရေးကဏ္ဍတွင် ပုဂ္ဂလိကပြိုင်ဆိုင်ခွင့် ပေးခဲ့သကဲ့သို့ပင် လျှပ်စစ်ကဏ္ဍကိုလည်း ပုဂ္ဂလိက ပေးသင့်ကြောင်း ပြောဆိုသည်။
“အချို့သော လျှပ်စစ်ကဏ္ဍကို ပြည်တွင်းပြည်ပက လုပ်နိုင်စွမ်းလည်းရှိ၊ စေတနာထားပြီးလုပ်လိုတဲ့ ကော်ပိုရေးရှင်းမျိုးတွေကိုသာ ဖြေလျှော့ခွင့်ပြုပေးကြည့်လိုက်ပါ မီးပျက်တယ်ဆိုတာ အိပ်မက်တစ်ခု ပုံပြင်တစ်ပုဒ်လို ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
လျှပ်စစ်၊စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက လျှပ်စစ်ကဏ္ဍတွင် အစိုးရက နှစ်စဉ် ၅၀၀ ဘီလျံ အရှုံးပေါ်နေပြီး လျှပ်စစ်လိုအပ်ချက် တိုးလာပါက ပိုမို အရှုံးပေါ်မည်ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။
၎င်းက တစ်နိုင်ငံလုံး အတိုင်းအတာ ၄၄ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ပေးဝေနိုင်ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ၅၀ ရာခိုင်နှုန်း၊၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာ လျှပ်စစ်ဓာတ်အား ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက လျှပ်စစ်၊စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ယခုနှစ် မတ်လ ၃၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၂၆၀.၇၆၄ ပေးချေရန် ကျန်ရှိနေပြီး အခြား နိုင်ငံခြားချေးငွေများလည်း ထပ်မံ ချေးငှားရန် ရှိနေကြောင်း ပြောသည်။
ထို့ပြင် လျှပ်စစ်၊စွမ်းအင်ကဏ္ဍတွင် နှစ်စဉ် ကျပ်သန်းပေါင်းများစွာ အရှုံးပေါ်နေသည့်အတွက် ထိုချေးငွေများကို ပေးဆပ်ရန် အခက်အခဲရှိနေကြောင်း၊ ဝန်ကြီးဌာန၏ ချေးငွေကို ဝန်ကြီးဌာနက ပြန်လည် ပေးဆပ်နိုင်မည့် နည်းလမ်းကို ရှာဖွေသင့်ကြောင်း ပြောသည်။
လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှုမှာ မဂ္ဂါဝပ် ၃၉၀၀ ရှိပြီး တစ်နှစ်လျှင် ၁၅ ရာခိုင်နှုန်း တိုးတက်လျက်ရှိကြောင်း ယခုနှစ်တွင် ၁၇ ရာခိုင်နှုန်း တိုးလာသဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ၁၈၀၀ မဂ္ဂါဝပ် ဖြစ်ကြောင်း ပြောသည်။
လျှပ်စစ်ဓာတ်အား တစ်မဂ္ဂါဝပ် ထုတ်လုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံရန် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ တစ်သန်းဖြစ်ပြီး မဂ္ဂါဝပ် ၁၈၀၀ ထုတ်လုပ်ရန်အတွက် အမေရိကန် ဒေါ်လာ ၁.၈ ဘီလျံကို ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကြောင်း ထို့ကြောင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများခေါ်ယူပြီး ဆောင်ရွက်သင့်ကြောင်းပြောသည်။
“နိုင်ငံတော်ကလည်း နိုင်ငံတော် ဘဏ္ဍာတွေကို နှစ်စဉ် အရှုံးခံပြီး သုံးစွဲနေရတယ်။ ပြည်သူလူထုကလည်း လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို လုံလုံလောက်လောက် မရရှိပါဘူး” ဟု ၎င်းက ပြောသည်။