
ရွှေဘိုထောင်တွင် မေလ၈ရက်နေ့က ဖြစ်ပွားခဲ့သော ထောင်ဆူပူမှုကို ပစ်ခတ်နှိမ်နင်းရာတွင် မျက်စိထိခိုက်သွားသည့် ကိုဌေးလွင်အောင်မှာ ဆေးကုသခွင့်မရဘဲ ယနေ့မေလ ၁၃ရက်နေ့မှသာ ဆေးရုံပို့ဆေးကုသခွင့်ရကြောင်း မိသားစုဝင်များနှင့် ထောင်တာဝန်ရှိသူများထံမှ သိရသည်။
“ကျွန်တော့်ညီသာ ဆူပူမှုမှာပါရင် ကျွန်တော်တို့က သေသေပစ်ထားမှာ၊ ခုက မဆိုင်ဘဲ အပစ်ခံရလို့၊ ဆေးကုသမှုလည်း မပေးဘူး၊ ဖြစ်စက မျက်လုံးဒဏ်ရာရတယ်ပေါ့၊ မနေ့ကတော့ ဘာမှ မမြင်ရတော့ဘူး၊ အဖြူကြီးပဲဆိုပြီး ထောင်ဝင်စာသွားတွေ့လို့ သိရတာ”ဟု ဒဏ်ရာရအကျဉ်းသား၏ မိသားစုဝင် ကိုကျော်သူအောင်က ပြောသည်။
ဆေးမှုဖြင့် အကျဉ်းကျနေသော သူ့ညီ၏ မျက်လုံးဒဏ်ရာအား သက်ဆိုင်ရာ ထောင်အာဏာပိုင်များက ဆေးကုသခွင့် မပေးသည်ကို ထောင်ဝင်စာသွားတွေ့စဉ် သိရှိခဲ့ရပြီးနောက် ထောင်အာဏာပိုင်များနှင့် ဝန်ကြီးချုပ်ထံ ယမန်နေ့ညနေက သွားရောက် တောင်းဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ရွှေဘိုအကျဉ်းထောင်မှ ထောင်မှူးဦးဇော်ထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ယနေ့မနက် ရွှေဘိုဆေးရုံကြီးကို သွားရောက်ပြသခဲ့ပြီး ယင်းဆေးရုံကြီးမှတစ်ဆင့် မန္တလေး မျက်စိအထူးကု ဆေးရုံကြီးတွင် ဆက်လက်ကုသနိုင်ရန် သွားရောက်နေပြီဖြစ်ကြောင်း ရှင်းပြသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အား ဖုန်းဆက်မေးမြန်းရာ ဆေးကုသမှုပေးရန် ညွှန်ကြားထားပြီဖြစ်ကြောင်း ပြောသည်။
“မနေ့ကပြောတော့ အစစအရာရာ ဆေးကုသမှုလုပ်ပေးဖို့ ပြောထားတယ်၊ သေဆုံးအကျဉ်းသားတွေနဲ့ ပတ်သက်လို့တော့ သူတို့စစ်ဆေးနေပါသေးတယ်”ဟု ၎င်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအကျဉ်းထောင်တွင် မေလ ၈ရက်နေ့က ထောင်ဆူပူမှုကို ပစ်ခတ်နှိမ်နင်းရာမှ ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ပြီး ၎င်း၂ဦးကို မန္တလေးဆေးရုံကြီးသို့ တင်ပို့ ကုသပေးနေသော်လည်း ယခု မျက်စိ ထိခိုက်သွားသူမှာမူ ယနေ့မှသာ ဆေးကုသခွင့် ရခဲ့ခြင်းဖြစ်သည်။