အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရသေ့တောင် အရပ်သား ၄၈ ဦးကို တပ်က လွှတ်ပေး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ထိန်းသိမ်းထားသည့် အရပ်သားများထဲမှ  ၄၈ ဦးကို လွှတ်ပေးလိုက်သည်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက မေ ၆ ရက်နေ့တွင် ပြောသည်။ 

ရက္ခိုင့်တပ်မတော် AA နှင့် ဆက်သွယ်သည်ဟု ယူဆပြီး  ဆက်ဖမ်းထားသူအရေအတွက် ၈၇ ဦး ရှိသည်ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

 “အမြန်ဆုံးတော့ စစ်နေပါတယ်။ ပြီးသွားလို့ (AA နဲ့) ဆက်နွှယ်မှု၊ ပါဝင်ပတ်သက်မှု မရှိဘူး ဆိုရင် အရင်လူတွေလိုပဲ ပြန်လွှတ်မှာပါဟု ၎င်းက Myanmar Now ကို ပြောသည်။ 

လွတ်မြောက်လာသူများ နေအိမ်သို့ ပြန်ရောက်သွားပြီဖြစ်ကြောင်း ကျောက်တန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးလှထွန်းက အတည်ပြုသည်။

ဧပြီ ၃၀ ရက်မှစ၍ ကျောက်တန်းကျေးရွာမှ ၂၇၅ ဦးကို ရက္ခိုင့်တပ်တော် AA နှင့် ဆက်နွှယ်မှုသံသယဖြင့် ကျေးရွာစာသင်ကျောင်းအတွင်း ထိန်းသိမ်းထားခြင်းဖြစ်ပြီး မေ ၃ ရက်နေ့တွင် အရပ်သား ၁၀၀ ကျော်ကို ပြန်လွှတ်ခဲ့ပြီး ဖြစ်သည်။

စစ်ဆေးနေစဉ် တပ်မတော်၏ ပစ်ခတ်မှုကြောင့် ရွာသား ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရပြီး နောက်တစ်နေ့တွင် ထိုသို့ လွှတ်ပေးခြင်း ဖြစ်သည်။

ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးသွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားသည်။

AA နှင့် ဆက်နွှယ်မှုရှိသည့် အရပ်သားတို့ကို တရားစွဲမည်ဟုလည်း တပ်မတော်က ပြောသည်။

AA ၏ ပြောခွင့်ရ ခိုင်သုခက ကျောက်တန်းကျေးရွာအနီး ၄င်တို့တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာခြင်းမရှိကြောင်း ပြောဆိုထားသည်။

ပြည်နယ်တွင်း အထင်ကရ ဆရာတော်အများအပြားက ကျောက်တန်းကျေးရွာဖြစ်ရပ်မျိုး နောက်တစ်ကြိမ် မဖြစ်ပွားစေရန် တပ်မတော်ကို တောင်းဆိုထားသကဲ့သို့ စစ်တွေအခြေစိုက် ရခိုင်အမျိုးသားပါတီကလည်း ပစ်ခတ်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကာကွယ်ဦးစီးချုပ်တို့ထံ တောင်းဆိုထားသည်။

AA ကလည်း ၎င်းတို့၏ လှုပ်ရှားရာ နယ်မြေတချို့တွင် အရပ်သားများကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းတလင်းရွာမှ အရပ်သား ၅၀ ကျော်ကို ပြန်လွှတ်ရန် တောင်းဆိုကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ဧပြီ ၂၉ တွင် ကြေညာချက်ထုတ်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button