ဗင်နီဇွဲလား မြို့တော် ကရာကတ်စ် လမ်းမများပေါ်တွင် ဆန္ဒပြပွဲကြီးများ ဖြစ်ပွားရာ အတိုက်အခံအင်အားစုကို ထောက်ခံသူများနှင့် အစိုးရကို သစ္စာခံသော တပ်ဖွဲ့များ ထိပ်တိုက်တိုးကြရင်း အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကာ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိသွားခဲ့သည်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ၊ တန်ပြန်ဆန္ဒပြပွဲများ နှင့် အုတ်အော်သောင်းတင်းဖြစ်နေစဉ် မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များသုံးကာ ဆန္ဒပြပွဲများကို စစ်တပ်က နှိမ်နင်းနေသည်။
အသက် ၂၇နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည့် ကိစ္စနှင့် ပတ်သက်ပြီး အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါဒိုက တာဝန်ရှိသူများ တာဝန်ခံရန် ဆော်သြလိုက်သည်။
လက်ရှိသမ္မတ နီကိုလက်စ်မာဒူရို ရာထူးမှ ပြုတ်ကျသည်အထိ ဆန္ဒပြသပိတ်မှောက်ကြရန် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါဒိုက ဆက်လက်ဆော်သြလျက်ရှိသည်။
အစိုးရဝန်ထမ်းများကိုပါ သပိတ်မှောက်ရန် တိုက်တွန်းလိုက်ပြီး ယင်းသို့ သပိတ်မှောက်ခြင်းဖြင့် အထွေထွေသပိတ် ပေါ်ပေါက်လာမည်ဟု ၎င်းက ပြောကြားသည်။
ဟွမ်ဂွါဒိုသည် ဗင်နီဇွဲလား၏ ကြားဖြတ်အစိုးရခေါင်းဆောင်အဖြစ် သူ့ကိုယ်သူ ကြေညာထားပြီး အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ လက်တင်အမေရိက နိုင်ငံအများစု အပါအဝင် နိုင်ငံ ၅၀ ကျော်က ၎င်းကို တရားဝင်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားသည်။
သို့သော် ရုရှား၊ တရုတ်နှင့် ဗင်နီဇွဲလားစစ်ခေါင်းဆောင်များက ထောက်ခံပေးထားသော မာဒူရိုက ရာထူးဆင်းပေးရန် ငြင်းဆန်ထားသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အစိုးရကိုလိုလားသော၊ အစိုးရကို မလိုလားသော အုပ်စုများ ဆန္ဒပြကြရာ အစပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။
မြို့တော်တွင် သေနတ်သံများ ကြားရပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဆန္ဒပြပွဲအတွင်း သေနတ်မှန်၍ သေဆုံးသွားခဲ့ရသည်ဟု ပြည်တွင်း NGO တစ်ခုဖြစ်သော ဗင်နီဇွဲလားလူမှုပဋိပက္ခစောင့်ကြည့်ရေး Venezuelan Observatory of Social Conflict က ထုတ်ပြန်ထားသည်။
အတိုက်အခံကို ထောက်ခံသော ဆန္ဒပြသူများနှင့် အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက် ပြဿနာဖြစ်ပွားရာမှ အနည်းဆုံး လူ ၄၆ ဦး ဒဏ်ရာရထားသည်။
Credit- BBC