မြန်မာ-တရုတ် နယ်စပ် ရှမ်းပြည်နယ် မူဆယ်မြို့တွင် အစိုးရငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ အကြား ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြရာ တိကျသည့် သဘောတူညီချက် တစ်စုံတစ်ခု မရခဲ့သော်လည်း အပြုသဘောဆောင်သည့် ဆွေးနွေးပွဲဖြစ်ကြောင်း ဆွေးနွေးပွဲအပေါ် နှစ်ဖက်စလုံးက အကောင်းမြင်ခဲ့ကြသည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA၊ တအာင်းလက်နက်ကိုင်အဖွဲ့ PSLF/TNLA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDJP/MNDAA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA တို့သည် အစိုးငြိမ်းချမ်းရေးကော်မရှင်နှင့် တိုက်ပွဲများကို ရပ်တန့်ရန်အတွက် အဓိကထား ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
“တိကျတဲ့အဖြေဆိုတာက တပ်ဘက်ကလည်း မပါဘူးဆိုတော့ တပ်နဲ့ အကျေအလည် ညှိနှိုင်းဖို့တော့လိုမယ်။ အခုကတော့ ပဏာမဆွေးနွေးတာဖြစ်တာပေါ့ ” ဟု PSLF/TNLA မှ ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။
နောက်တစ်ကြိမ် အစည်းအဝေးကို မေလတွင် ပြန်လည်စတင်ရန် ခန့်မှန်းထားသော်လည်း အချိန်နှင့်နေရာကို ညှိနှိုင်းနေဆဲဖြစ်သည်။
ယနေ့အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ တင်ပြလာသည့် အဆိုပြုချက်များကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန( NRPC) နှင့် တပ်မတော်တို့ ပြန်လည်ညှိုနှိုင်းသွားမည်ဖြစ်ပြီး ယင်းရလဒ်ကို မေလအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်များထံ ပြန်လည် အသိပေးမည်ဟု အစည်းအဝေးတွင်ပါဝင်ခဲ့သည့် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒေသခံမီဒီယာများကို ပြောသည်။
အခြားတစ်ဖက်တွင်လည်း ယနေ့သည် တပ်မတော်ဘက်က တစ်ဖက်သတ်အပစ်ရပ်ကြေညာထားသည့် သက်တမ်းကုန်ဆုံးသည့်နေ့လည်း ဖြစ်သည်။ ၂၀၁၈ ဒီဇင်ဘာလက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခုတွင် ဧပြီ ၃၀ အထိ ၄ လကျော်ကြာ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားမည်ဟု တပ်က ကြေညာခဲ့သည်။
အပစ်ရပ်ကာလ သက်တမ်း တိုးမည် မတိုးမည်မှာ တိုင်းရင်းသားလက်နက်ကိုင်များအပေါ်တွင် မူတည်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက Myanmar Now ကို ယနေ့ ပြောသည်။
အပစ်ရပ် ၄ လကျော်ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သလို၊ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြားတွင်လည်း တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည်။