သတင်း

ပြည်ခိုင်ဖြိုးနှင့် ကျောက်ဆည်ဒေသခံတို့ မြေနေရာ အငြင်းပွား

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ မြေဧက ၁၀၀ ကျော်၏ ပိုင်ဆိုင်မှုအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) နှင့် ဒေသခံ တောင်သူအချို့ အငြင်းပွားနေကြသည်။

မြို့တောင်ဘက် ၇ မိုင် ခန့်အကွာ ဆူးလေကုန်းအုပ်စုရှိ မြေဧက ၂၂၀ ကျော်ကို ကျောက်ဆည်မြို့နယ်နှင့် ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန နှင့် ပြည်ခိုင်ဖြိုးတို့က လွန်ခဲ့သည့် နှစ်၂၀ ခန့်က သိမ်းယူထားကြောင်း ဒေသခံတို့က ထုတ်ဖော် ပြောကြားထားပြီး ပြီးခဲ့သည့် စနေနေ့က လယ်မြေများ ပြန်ရရေးအတွက် ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ကြသည်။

ထွေအုပ်က၂၅ ဧက၊ ခရိုင်ထွေအုပ်မှ ၂၅ ဧက၊ တိမွေးကုက ၂၂ ဧက၊ ပြည်ခိုင်ဖြိုးက ဧက ၁၅၀ ခွဲတမ်းချကာ စီမံကိန်းကျက်စားမြေဟု ဆိုကာ သိမ်းဆည်းခဲ့ခြင်းကြောင်း ထွန်တုံးတိုက်ပွဲ ဆင်နွှဲသူများက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ၏ မန္တလေးတိုင်းဒေသကြီး ပြောခွင့်ရပုဂ္ဂိုလ် ဦးထင်မင်းမြတ်ဦးက ထိုစွပ်စွဲချက်ကို ငြင်းဆိုပြီး ယင်းမြေနေရာကို လိုအပ်ချက်အရ စည်းမျဉ်းစည်းကမ်း၊ ဥပဒေနှင့်အညီ ရယူထားခြင်းဖြစ်ကြောင်း  ပြောသည်။

 “ဟိုးအရင်က ဘယ်သူမှ ပိုင်ရှင် မရှိတဲ့ မြေလွတ် မြေရိုင်း ကန္တာရ တောကြီးတွေ။ ဒီကန္တာရတောကို မြေကောင်းမြေသန့် ဖြစ်အောင် ပြုပြင်ရတာ တော်တော်ကြီးကို လုပ်ယူရပါတယ်။ အဲ့ဒါကို တိုင်းပြည်ရဲ့ လိုအပ်ချက်အရ ကြံ့ခိုင်ရေးက ဘယ်လောက်၊ ထွေအုပ်က ဘယ်လောက်၊ တိမွေးကုက ဘယ်လောက် ဒါလေးတွေကို နအဖအစိုးရ လက်ထက်က ချထားပေးတယ်လို့ သမိုင်းကြောင်း ရှိပါတယ်” ဟု  ၎င်းက ပြောသည်။

ထွန်တုံးတိုက်ပွဲတွင် စွပ်စွဲသကဲ့သို့ ပြည်ခိုင်ဖြိုး ရယူထားသည့် မြေဧရိယာမှာ ဧက ၁၅၀ မဟုတ်ဘဲ ဧက ၁၀၀ သာ ဖြစ်ကြောင်း၊  အမှန်တကယ်အသုံးပြုနိုင်သည်မှာ ဧက ၈၀ ခန့်သာ ရှိကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဧက ၈၀ ထဲမှ ဧက ၅၀ ကို ပါတီရန်ပုံငွေအတွက် ကျောက်ဆည်နယ်သား လုပ်ငန်းရှင်တစ်ဦးကို ငှက်ပျော၊ ဖရဲ ၊ သခွား စိုက်ပျိုးရန် ငှားရမ်းထားကြောင်း၊ ပါတီက မြေနေရာအတွက် အစိုးရကို အခွန်  ပေးသွင်းနေကြောင်းလည်း ၎င်းက ပြောသည်။

ထွန်တုံးတိုက်ပွဲဆင်နွှဲပြီး ယင်းမြေနေရာကို ပိုင်ဆိုင်ကြောင်း ပြောဆိုနေသူများသည် ပိုင်ဆိုင်မှုအတွက် သက်သေအထောက်အထား မရှိဘဲ ပြောဆိုနေကြခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“(တခြားသူတွေဆီကပြန်မတောင်းဘဲ) ဘာလို့ ကြံ့ခိုင်ရေးပါတီ တစ်ခုတည်းပဲ လုပ်လဲ။ ကျွန်တော်တို့ပါတီကိုမှ လူထု အမြင် မရှင်းအောင် ပြည်သူနဲ့ ကျွန်တော်တို့အကြား နိုင်ငံရေးအရ အမြတ်ထုတ်တယ်လို့ပဲ မြင်ပါတယ်” ဟု ဦးထင်မင်းမြတ်ဦးက Myanmar Now သို့ ဧပြီ ၈ ရက်နေ့က ပြောသည်။

လယ်မြေပြန်ရရေးတောင်းဆိုသည့် တောင်သူများအနက် တစ်ဦးဖြစ်သည့် ဒေါ်တုတ်က ယင်းမြေပိုင်ဆိုင်မှုအတွက် အထောက်အထား အပြည့်အစုံရှိသည်ဟု Myanmar Now ကို ဧပြီ ၆ တွင် ပြောသည်။

“ဘိုးဘွားပိုင်မြေတွေပါ၊ အထောက်အထားတွေ အကုန်ရှိပါတယ်။ သိမ်းဆည်းခံရကတည်းက သားသမီးတွေလည်း အခြား အငှားထွက်လုပ်နေရပါတယ်” ဟု မြေ ၁၂ ဧက သိမ်းဆည်းခံရသည်ဆိုသည့် ဒေါ်တုတ်က ပြောသည်။

ဦးထင်မင်းမြတ်ဦးက နှစ်ဖက်အကြား အငြင်းပွားနေသည့် အခြေအနေကို နေပြည်တော်ရှိ ပါတီဗဟိုဌာနချုပ်သို့ အကြောင်းကြားမည်ဖြစ်ပြီး ဗဟိုမှ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု  ပြောသည်။

တပ်မတော်အစိုးရလက်ထက် ၁၉၉၃တွင် တည်ထောင်ထားခဲ့ပြီး ၂၀၁၀ တွင် ပါတီအသွင်ပြောင်းခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် ၎င်းတို့ပိုင်ဆိုင်ထားသည့် မြေနေရာများနှင့် ပတ်သက်ပြီး မကြာခဏ မေးခွန်းထုတ်ခံရလေ့ရှိသည်။ ၂၀၁၅ တွင် ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အများပြည်သူပိုင် ပန်းခြံကို ပြည်ခိုင်ဖြိုးက သိမ်းဆည်းသည်ဟုဆိုကာ ထင်ရှားသည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဦးဆောင်ပြီး ဆန္ဒပြခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပဲခူးတိုင်း ပြည်ခိုင်ဖြိုးပါတီရုံးနေရာနှင့် ပတ်သက်ပြီး ပြန်လည်စိစစ်ရန် ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီက ပြင်ဆင်လျက်ရှိသည်။

Show More

Related Articles

Back to top button