အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရာဘာခြံလုပ်ငန်းရှင် ဦးစိုးလွင် ရန်ကုန်၏ ပထမဆုံး ဒုမြို့တော်ဝန် ဖြစ်လာ

အသက် ၆၅ နှစ် အရွယ် ရာဘာခြံလုပ်ငန်းရှင် ဦးစိုးလွင်ကို ရန်ကုန်မြို့တော်၏ ပထမဆုံးသော ဒုတိယမြို့တော်ဝန်အဖြစ် ယနေ့ မဲပေးရွေးချယ်လိုက်သည်။

အစိုးရက ခန့်အပ်ထားသည့် ကော်မတီဝင် ၅ဦး နှင့် ရွေးကောက်ခံကော်မတီဝင် ၆ဦး တို့ ယနေ့နံနက်က ရန်ကုန်မြို့တော်ခန်းမတွင် လျှို့ဝှက်မဲပေးခဲ့ကြပြီးနောက် ဦးစိုးလွင် ဒုမြို့တော်ဝန် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အမှတ်(၃)မှ အနိုင်ရရှိခဲ့သည့် သူသည် မဲပေးခွင့်ရှိသည့် ကော်မတီဝင် ၁၁ ဦး ထဲမှ ၆ဦး၏ ထောက်ခံမဲ ရခဲ့သည်။

အစိုးရခန့် ရန်ကုန်စည်ပင်ကော်မတီဝင် ၅ ဦးထဲတွင် ပါဝင်သူ ဒေါ်သန်းမြင့်အောင်က ဦးစိုးလွင်သည် ရန်ကုန်မြို့၏ ပထမဆုံး ဒုမြို့တော်ဝန်ဖြစ်ပြီး မြို့တော်ဝန်၏ တာဝန်များကို ကူညီပေးရမည်ဟု ဆိုသည်။ သူ၏သက်တမ်းသည် ရန်ကုန်အစိုးရသက်တမ်းအတိုင်းဖြစ်ပြီး ၂၀၂၁ မတ်လအထိ ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရန်ကုန်၊ ဒဂုံမြို့နယ်တွင် နေထိုင်သည့် BE (Mining) ဘွဲ့ရဦးစိုးလွင်သည် ၂၀၁၉ ရန်ကုန်စည်ပင် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ဒုတိယမြို့တော်ဝန် တစ်ဦးအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအတွက် ကော်မတီ ဥပဒေပါ အတိုင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း သူ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ကိုညီညီလွင်က ပြောသည်။

သို့သော် လူသိများသည့်  ရန်ကုန်လွှတ်တော် အမတ်ဟောင်း ဒေါ်ညိုညိုသင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တာဝန်ခံမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုတို့ အားနည်းနေပြီး၊ ကော်မတီ၏ ဥပဒေ၊ နည်းဥပဒေများမှာလည်း ထူးခြားမှု မရှိသေးကြောင်း ပြောသည်။

အခြားတစ်ဖက်တွင် ရန်ကုန်မြို့တော် အရေးကိစ္စများကို အစိုးရက ခန့်အပ်ထားသည့် မြို့တော်ဝန်အပါအဝင် ၅ဦးက ဆုံးဖြတ်နေခြင်းထက် ရွေးကောက်ခံကိုယ်စားလှယ်များက ဝင်ရောက် ဆုံးဖြတ်ခွင့် ရခြင်းကြောင့် ရလဒ်များ ပိုမိုကောင်းမွန်လာမည်ဟု ယူဆကြောင်း ဒေါ်ညိုညိုသင်းက ပြောသည်။

၂၀၁၈ ဇူလိုင်လက ရန်ကုန်တိုင်း လွှတ်တော်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ဥပဒေကြမ်းတွင် ဒုတိယမြို့တော်ဝန် ခန့်ထားနိုင်ရေး ထည့်သွင်းဆွေးနွေးခဲ့သည်။

၎င်းက ဒုတိယမြို့တော်ဝန် ခန့်ထားရခြင်းမှာ မြို့တော်ကို အထောက်အကူ ပြုရန်အတွက် ရည်ရွယ်ပြီး မြို့တော်ဝန် တာဝန်မထမ်းဆောင်နိုင်သည့်ကာလတွင် ဖြစ်စေ၊ မြို့တော်ဝန်က တာဝန်ပေးလိုသည့် အခါတွင်ဖြစ်စေ မြို့တော်ဝန် ကိုယ်စား ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်သည်ဟု ထည့်သွင်း ဆွေးနွေးခဲ့သည်။ 

 ပြီးခဲ့သည့်လ ၃၁ ရက်နေ့က ကျင်းပခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အမှတ်(၁) ဦးဝင်းမြင့်သန်း၊ မဲဆန္ဒနယ် အမှတ်(၂) ဦးသူရအောင်၊ မဲဆန္ဒနယ် အမှတ်(၃) ဦးစိုးလွင်၊ မဲဆန္ဒနယ်အမှတ်(၄) ဦးစိန်အုန်း၊ မဲဆန္ဒနယ် အမှတ်(၅) နန့်စုရွှေစင်၊ မဲဆန္ဒနယ် အမှတ်(၆)တွင် ဦးမင်းဟန် တို့ အနိုင်ရရှိခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles