ဒုတိယ မြို့တော်ဝန် ခန့်ထားနိုင်သည့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ယခုလကုန်တွင် ကျင်းပမည် ဖြစ်သော်လည်း ရွေးကောက်ပွဲအပေါ် မဲဆန္ဒရှင်များဘက်က စိတ်ဝင်စားမှုနည်းပါးနေကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ပြောသည်။
ရွေးကောက်ပွဲ မဲပေးနိုင်သူများစာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားသော်လည်း လာရောက်ကြည့်ရှုသူ နည်းပါးလွန်းကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲ လှုံ့ဆော်ရေးအစီအစဉ်များတွင်လည်း လူထုစိတ်ဝင်စားမှုနည်းပါးကြောင်း စည်ပင်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့ဖြစ်သည့် News Myanmar Foundation၏ ရွေးကောက်ပွဲဆိုင်ရာ အကြံပေး မမြနန္ဒာသင်းက ပြောသည်။
၂၀၁၈ စည်ပင်ဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ၁၁ ဦးပါဝင်မည်ဖြစ်ပြီး ၎င်းတို့ထဲမှ မြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးအပါအဝင် ၅ ဦးကို အစိုးရက တိုက်ရိုက်ခန့်မည်ဖြစ်သည်။
ကျန်နေရာ ၆ နေရာအတွက် ပြည်သူက မဲပေးခွင့်ရှိမည်ဖြစ်သည်။
ရွေးကောက်ခံ ကော်မတီဝင် ၆ ဦးထဲမှ ၁ ဦးသည် ကော်မတီတွင်း လျှို့ဝှက်မဲဖြင့် ဒုတိယမြို့တော်ဝန် ဖြစ်လာမည်ဖြစ်သည်။
ဒုမြို့တော်ဝန်၏ လုပ်ပိုင်ခွင့်သည့် အကန့်အသတ်အများအပြား ရှိသော်လည်း မြို့တော်ဝန်တာဝန် ထမ်းဆောင်နိုင်ခြင်းမရှိပါက ဒုမြို့တော်ဝန်သည် မြို့တော်ဝန်ဖြစ်လာမည်ဖြစ်သည်။
မဲပေးသူများသည် ရန်ကုန်မြို့တော်ကော်မတီဝင်အတွက် ၁ မဲ အပြင် မြို့နယ် စည်ပင်ဥက္ကဋ္ဌ ၁ နေရာ နှင့် အဖွဲ့ဝင် ၂ နေရာ၊ စုစုပေါင်း နေရာ ၄ နေရာအတွက် မဲ ၄ မဲထည့်ရမည် ဖြစ်သည်။
တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ ဦးဇော်မိုးက စည်ပင်ရွေးကောက်ပွဲတွင် မဲပေးရမည်ဟုသိခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပမည့်နေ့နှင့် မဲစာရင်းသွားကြည့်ရမည့် နေရာကို မသိကြောင်း Myanmar Now ကို ပြောသည်။
ရန်ကုန်လွှတ်တော် သင်္ဃန်းကျွန်းအမတ် ဦးနေဘုန်းလတ်က စည်ပင်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများက မဲဆွယ်သည့် ပိုစတာ ကပ်ခြင်းစသည့် လှုပ်ရှားမှုများကိုသာ မြင်နေရပြီး လူထုပါဝင်မှုကို အားမရဟု ဆိုသည်။
“မဲဆွယ်တဲ့ ကာလမှာ ကိုယ်စားလှယ်လောင်းတွေ အုန်းအုန်းကျွက်ကျွက် လုပ်လာမယ်ဆိုလို့ ရှိရင် နည်းနည်း လူ စိတ်ဝင်စားမှု များလာမယ် ထင်ပါတယ်။ လက်ရှိကတော့ သိပ်အားရစရာ မကောင်းသေးဘူး” ဟု ဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မဲဆန္ဒရှင်များကို အသိပညာပေးရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသော်လည်း လက်ရှိ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စည်ပင်သာယာရေးကော်မတီ၏ အသိပညာပေးမှုကို ထင်ထင်ရှားရှား မမြင်ရသေးကြောင်း ဦးနေဘုန်းလတ်က ဆက်လက်ပြောသည်။
စည်ပင်ရွေးကောက်ပွဲအပေါ် လူစိတ်ဝင်စားမှု တိုးလာရန် မြို့နယ် ၃၃ ခုတွင် လူအင်အား ၁၀၀၀ ခန့်ဖြင့် အသိပညာပေးလုပ်ငန်းကို ယနေ့ စတင်လုပ်ဆောင်နေသည်ဟု ရန်ကုန်စည်ပင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။
“ညတိုင်းညတိုင်း လော်စပီကာနဲ့ မဲစာရင်းလာကြည့်ကြပါဆိုပြီး အော်တာတောင် လာမကြည့်ကြတာ။ ရိုက်ပြီးတော့ မင်းတို့ သွားရမယ်ဆိုတဲ့ ဥပဒေတစ်ခုမှ လုပ်လို့မရတာ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ၎င်းတို့အနေဖြင့် အသိပညာပေးသည့် စာရွက်ရေ သုံးသိန်းကို သတင်းစာတွင် ထည့်သွင်းကြေညာသည်မှာ နှစ်ရက်ရှိပြီး အသိပညာပေးဗီဒီယိုများလည်း စတင်ရိုက်ကူးနေကြောင်း ရှင်းပြသည်။
ယမန်နှစ်က အတည်ပြုခဲ့သည့် စည်ပင်ဥပဒေသစ်အရ ယခုစည်ပင်ရွေးကောက်ပွဲသည် ယခင် ၂၀၁၄ခုနစ် က ကျင်းပခဲ့ဖူးသည့် ရွေးကောက်ပွဲနှင့် မတူညီသည့် ပြောင်းလဲမှုချို့ရှိခဲ့သည်။
ယခုနှစ် ရွေးကောက်ပွဲတွင် ပါတီဝင်များ ဝင်ရောက် ယှဉ်ပြိုင်ခွင့်နှင့် ကိုယ်စားပြု ပါတီလိုဂို အသုံးပြုနိုင်ခြင်း၊ လူဦးရေအချိုးကျအလိုက် သတ်မှတ်ထားသည့် မဲဆန္ဒနယ် ၆ ခုတွင် ယှဉ်ပြိုင်ရခြင်း၊ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးနိုင်ခြင်းဖြင့် ကျင်းပသည့် ပုံစံပြောင်းလဲမှုတို့ ရှိသည်။
မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များကို ပြည်သူများက ရွေးကောက်တင်မြှောက်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီး သက်ဆိုင်ရာမြို့နယ်တွင် တစ်ဆက်တည်း တစ်နှစ်နေထိုင်သူများ မဲပေးခွင့်ရှိခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်၍ မဲပေးကြရန် တက်ကြွလှုပ်ရှားသူများက လှုံ့ဆော်နေခြင်း ဖြစ်သည်။
လာမည့် မတ်လ ၃၁ ရက်တွင် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃.၅ သန်းခန့် ရှိကြောင်း စည်ပင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
၂၀၁၄ ခုနစ်တွင် ကောက်ယူသော စာရင်းအရ ရန်ကုန်တိုင်းတွင် နေထိုင်သူ လူဦးရေ ၇ သန်းကျော် ရှိသည်။
မတ်လ ၅ ရက်နေ့သည် မဲဆန္ဒရှင်များအနေဖြင့် မဲပေးနိုင်သည့် လူစာရင်းတွင် မိမိပါ မပါ စစ်ဆေးနိုင်မည့် နောက်ဆုံးနေ့ဖြစ်သည်။
၂၀၁၉ စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၀၅ နေရာအတွက် ကိုယ်စားလှယ်လောင်း ၂၇၂ ယောက်က ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်။