မတ်လကုန်တွင် ကျင်းပမည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲတွင် လမ်းမတော် မြို့နယ်မှ မြို့တော်ကော်မတီဝင်နေရာအတွက် ဝင်ရောက်အရွေးခံမည့် ဦးလပ်သင်းသည် လူထုယုံကြည်စွာ အပ်နှင်းမည့် တာဝန်နှင့်မထိုက်တန်ဟု အမေရိကန်နိုင်ငံရှိ မြန်မာတစ်ဦးက ယနေ့မနက်ပိုင်းက ရေးသားထားသည်။
လူမှုကွန်ရက် facebook တွင် Than Lwin Htun အမည်ဖြင့် သုံးစွဲသူတစ်ဦးက ရေးသားခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် ကန်ထရိုက်လုပ်ငန်းလုပ်ကိုင်သူ ဦးလပ်သင်း၏ South Asia Green Field Co.,Ltd. (တောင်အာရှစိမ်းလန်းမြေကုမ္ပဏီ ) သို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် အိမ်ဟောင်းတစ်လုံးပြုပြင် ရန်လုပ်ငန်းအပ်ခဲ့ရာ ပိုက်ဆံယူပြီးသောအခါ လုပ်ငန်းပြီးဆုံး အောင် မဆောင်ရွက်ခြင်း၊ အိမ်သော့နှင့် အိမ်ဂရမ် မိတ္တူများကိုပြန်မအပ်ခြင်း၊ နည်းမျိုးစုံဖြင့် ဆက်သွယ်သော်လည်း ရှောင်နေခြင်းများနှင့် အိမ်ရှိအမှတ်တရ ပစ္စည်းအချို့ပင် ပျောက်ဆုံး ခဲ့ခြင်းများရှိသည်ဟု ရေးသားထားသည်။
“ကိုယ်တိုင်တွေ့ကြုံသိရှိခဲ့ရတဲ့ ညီလေးရဲ့ အကျင့်စာရိတ္တနဲ့ အပြုအမူတွေအရ ဒီစကားကို အစ်ကိုသိက္ခာရှိရှိ ပွင့်ပွင့်လင်းလင်းပြောတာပါ။ ကြားစကား ဘေးစကားတွေမပါပါဘူး။ ညီလေး ဟာ အစ်ကို့ရဲ့ ပုဂ္ဂိုလ်ရေး ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခဲ့တယ်။ ဆောက်လုပ်ရေးကန်ထရိုက်တာ တစ်ယောက်အနေနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေကိုချိုးဖောက်ခဲ့တယ်။ ဒီလိုလူမျိုးဟာ လူထုက ယုံကြည်စွာခန့်အပ်မယ့် အရွေးကောက်ခံရာထူးနဲ့ မတန်ဘူးလို့ အစ်ကို အခိုင်အမာယူဆတယ်” ဟု Than Lwin Htun လိပ်စာတွင် ဖော်ပြထားသည်။
ထိုသို့ ရေးသားသူသည် ဝါရှင်တန်မြို့ ဗီအိုအေ မြန်မာပိုင်းဌာန၏ ဌာနမှူး ဦးသန်းလွင်ထွန်း ဖြစ်သည်ဟု ကနဦးသိထားရသည်။ ဦးသန်းလွင်ထွန်းနှင့် ယခု သတင်းရေးသားချိန်အထိ အဆက်အသွယ် မရသေးပါ။
စွပ်စွဲခံရသူ ကိုယ်စားလှယ်လောင်း ဦးလပ်သင်းကမူ စွပ်စွဲ ချက်များကို ငြင်းဆိုလိုက်ပြီး အဆိုပါ ပို့စ်တွင် ပါသည့် အိမ်ကိစ္စသည် စီးပွားရေးလုပ်ငန်းအနေဖြင့် လုပ်ကိုင်ခဲ့ခြင်းမဟုတ်ဘဲ လူမှုရေးအရ ကူညီပေးခဲ့ခြင်း သာဖြစ်ပြီး လုပ်ငန်းအဆင်မပြေမှုများအတွက် ယခုကဲ့သို့ မိမိရွေးကောက်ပွဲဝင်ရန် နီးကပ်ချိန်မှ ယခုကဲ့သို့ဖြန့်ဝေခြင်းသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုသာမက ရည်ရွယ်ချက်တစ်ခုခုပါဝင်သည်ဟု သံသယဝင်နေကြောင်းနှင့် ယင်းအိတ်ဖွင့် ပေးစာရေးသားသူ Than Lwin Htun အား တရားစွဲဆိုရန် သင့်မသင့် ချင့်ချိန်နေကြောင်း Myanmar Now ကို ပြောသည်။
“အခုချိန်ထိတော့ဘာမှ မတုံ့ပြန်သေးဘူး။ လုပ်ချင်ရင်တော့ ဆက်သွယ်ရေး (ဥပဒေ) ပုဒ်မ (၆၆-ဃ) နဲ့ လုပ်မယ်။ အခုစောင့် ကြည့်နေတယ်။ ဘယ်လောက် ပိုဆိုးလာမလဲဆိုတာကို ကြည့်နေတာ။ ကိုယ်တိုင်လည်း ဥပဒေနဲ့ ကျောင်းပြီးထားတာဖြစ်လို့ ဘာလုပ်လို့ရမလဲဆိုတာ သိတယ်။ ချိန်နေတယ်။ ချိန်နေတယ်ဆိုတာ တန်ဖိုးကကြီးလွန်း လို့။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံး ကျင့်ဝတ်အရထိန်းပါတယ်။ သူဘယ်လောက်အထိ ထပ်လုပ်အုံးမလဲ စောင့်ကြည့်နေတယ်။
အသက် ၄၄ နှစ်အရွယ်ရှိ ကိုယ်စားလှယ်လောင်း ဦးလပ်သင်းသည် ၁၉၉၇ ခုနှစ်မှစ၍ ဆောက်လုပ်ရေးလောကသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တောင်အာရှစိမ်းလန်းမြေကုမ္ပဏီ (South Asia Green Field Co.,Ltd.) ကို တည်ထောင်ခဲ့ကြောင်း ပြောသည်။
ဦးလပ်သင်းအနေဖြင့် ယခုကဲ့သို့ လူမှုကွန်ရက်ပေါ်တွင် စွပ်စွဲခံခဲ့ရခြင်းကြောင့် ရွေးကောက်ပွဲယှဉ်ပြိုင်ရာတွင် မစိုးရိမ်ကြောင်း၊ ပြည်သူများ၏ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို ယုံကြည်ကြောင်းနှင့် အရည်အချင်းပြည့်စုံသည့် ပြိုင်ဘက်များနှင့် ပြိုင်ဆိုင်ရမည်ဖြစ်သောကြောင့် လာမည့်စည်ပင်ရွေးကောက်ပွဲအတွက် အကောင်းဆုံးဖြစ်ရန် ပြင်ဆင်နေကြောင်း Myanmar Nowကို ပြောသည်။
“နှစ်ပေါင်း ၂ဝ ကျော် လုပ်သက် … တစ်လျှောက်လုံးမှာ အခုလိုမျိုး စွပ်စွဲခံရတာ မျိုးတစ်ခါမှ မကြုံခဲ့ ဖူးဘူး။ သူပါပြန်ထိခိုက်လိမ့်မယ်။ သူ တောင်တရားပြန်အစွဲခံရပါလိမ့်မယ်။ မဲပေးတဲ့ပြည်သူတွေကတော့ ဉာဏ်ရှိ တာဖြစ်လို့ဒါကဖြစ်နိုင်လား၊ မဖြစ်နိုင်လား ချင့်ချိန်ပါလိမ့်မယ်။ ကိုယ်သာတကယ်မှားရင် သူတရားစွဲလို့ ရပါတယ်။ ဘာလို့မစွဲလဲ။ ပုဂ္ဂိုလ်ရေး ရှိတယ်။ မတုံ့ပြန်တာက မှားလို့မဟုတ်ဘူး။ တန်ဖိုးကြီးလို့ပါ။ ကိုယ်ဆုံးရှုံးတာထက် သူက ပိုဆုံးရှုံးပါလိမ့်မယ်”ဟု ၎င်း ကပြောသည်။
မူဝါဒအသစ်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ယခုနှစ်မတ်လ ၃၁ ရက်တွင် ကျင်းပမည်ဖြစ် သည်။ မဲဆွယ်စည်းရုံးကာလ ကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂၉ ရက်အထိ ခွင့်ပြုထားသည်။
၂၀၁၄ ရွေးကောက်ပွဲက ရွေးချယ်ခဲ့သည့် ရွေးကောက်ခံကိုယ် စားလှယ်များသည် အစိုးရသစ် တက်ချိန်တွင် တာဝန်ပြီးဆုံးခဲ့ပြီး လက်ရှိ၌ မြို့တော်စည်ပင် ကော်မတီဝင်လေးဦး၊ ခရိုင်လေး ခရိုင်မှ ကော်မတီဝင် ၁၂ ဦး၊ မြို့ နယ် ၃၃ မြို့နယ်မှ ကိုယ်စားလှယ် ၉၉ ဦး စုစုပေါင်း စည်ပင်ရွေး ကောက်ခံကိုယ်စားလှယ် ၁၀၅ ဦး လစ်လပ်နေသည်။