ဇေကမ္ဘာကုမ္ပဏီက နှစ်ရှည် လုပ်ပိုင်ခွင့်ရခဲ့သော ရန်ကုန်မြို့၊ ကန်တော်ကြီး ကရဝိက်ဥယျာဉ်ကမ္ဘာအတွင်းရှိ မြေနေရာအချို့ကို ရန်ကုန်တိုင်း၊ စည်ပင်သာယာရေးကော်မတီက ပြန်လည်တောင်းယူနေသည်။
၁၉ ဒသမ ၁၁ ဧက ကျယ်သော ကရဝိက်ဥယျာဉ်အပါအဝင် သုည ဒသမ ၈ ဧက ကျယ်သော ကရဝိက်နန်းတော်ဟိုတယ်တို့ကို လုပ်ငန်းရှင် ဦးခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီက စစ်အစိုးရလက်ထက်တွင် ၁၉၉၉၊ မေ ၁ မှစ၍ နှစ် ၃၀ ကြာ ငှားရမ်းလုပ်ပိုင်ခွင့်ရခဲ့သည်။
၎င်းလုပ်ပိုင်ခွင့်တွင် အစိုးရပိုင်ဟိုတယ်သာ ပါဝင်ပြီး ကရဝိက်ဥယျာဉ်မြေအတွက်မူ နှုတ်မိန့်ဖြင့် ၂၀၁၀ အထိ ဆယ်နှစ်ကြာ လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း ဇေကမ္ဘာကုမ္ပဏီ (ကန်တော်ကြီး)ဘက်က ဆိုသည်။
နှုတ်မိန့်ဖြင့် လုပ်ကိုင်နေရာမှ စစ်အစိုးရ ဆင်းခါနီးအချိန်တွင် ကရဝိက်ဥယျာဉ်မြေလုပ်ပိုင်ခွင့်အတွက်၂၀၁၀ စက်တင်ဘာမှ ၂၀၄၀ ထိ စာချုပ် ချုပ်ဆိုပေးခဲ့သောကြောင့် ကုမ္ပဏီက ကာလရှည် လုပ်ကိုင်ခွင့်ရခဲ့သည်။
ကရဝိက်ဥယျာဉ်မြေသည် မြို့တော်စည်ပင်ပိုင်ဖြစ်သော်လည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ဇေကမ္ဘာကုမ္ပဏီထံ အငှားချခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့၊ ဒုမြို့တော်ဝန် ဦးစိုးလွင်က Myanmar Now ကို ပြောသည်။
ထိုသို့ ဝန်ကြီးဌာနက နှစ်ရှည်အငှားချလိုက်သောမြေတွင် စည်ပင်ပိုင်မြေအချို့ ပါဝင်နေ၍ ထိုမြေကို ခွဲထုတ်ပေးရန် ပြန်လည်တောင်းယူနေခြင်းဖြစ်သည်။
စည်ပင်ဌာနက တောင်းဆိုနေသောမြေသည် ကရဝိက်နန်းတော်ဟိုတယ်အနီးရှိသည့် ဇေကမ္ဘာကုမ္ပဏီရုံးခန်းအဆောက်အအုံများ၊ ဟောပြောပွဲများပြုလုပ်လေ့ရှိသည့် မြေနေရာနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်နှစ်ဆိုင် တည်ဆောက်ထားသည့်မြေနေရာ ဖြစ်သည်။
ထို့ကြောင့် စည်ပင်ပိုင်မြေအဖြစ် ပြန်ရယူနိုင်ရန် လတ်တလောတွင် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေနှင့် ညှိနှိုင်းနေကြောင်း ဒုမြို့တော်ဝန်က ဆိုသည်။
“ကျွန်တော်တို့ အခု ဦးခင်ရွှေနဲ့ စကားပြောနေတယ်။ စကားပြောတဲ့အဆင့်နဲ့ မရဘူးဆိုရင် အမှုလုပ်တာတွေ၊ ဘာတွေ ဖြစ်လာမှာ” ဟု ဒုမြို့တော်ဝန် ဦးစိုးလွင်က Myanmar Now ကို ပြောသည်။
ကရဝိက်နန်းတော်အနီး မြေကွက်လပ်တွင် ဇေကမ္ဘာကုမ္ပဏီရုံးခန်းဆောက်အဦအချို့နှင့် ဆိုင်ခန်းအချို့ပါဝင်နေသည်ကို တွေ့ရပြီး အဆိုပါမြေ ပြန်လည်ရရှိပါက စည်ပင်က မည်သို့ ဆက်လက်စီမံမည်ကို လတ်တလော မသိရသေးပေ။
ဇေကမ္ဘာကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးမင်းမောင်မောင်စိုးက ၎င်းတို့တွင် လုပ်ပိုင်ခွင့်စာချုပ်စာတမ်း ရှိနေသဖြင့် ဆက်လက်လုပ်ကိုင်ခွင့် ရလိမ့်မည်ဟု ယူဆနေသည်။
“စည်ပင်က တရားစွဲလာတယ်ဆိုရင်လည်း ကျွန်တော်တို့ကို ဘာနဲ့စွဲမှာလဲ၊ ဘယ်လိုစွဲမှာလဲပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ရပိုင်ခွင့် ခိုင်မာတယ်လို့ ယုံကြည်နေတယ်။ နိုင်ငံတော်ရဲ့ဥပဒေတွေက ဒီအချိန်မှာ ဘယ်လောက်ထိအောင် အားကောင်းနေသလဲပေါ့။ အဲ့ဒါကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်”ဟု ၎င်းက ပြောသည်။
ကရဝိက်ဥယျာဉ်မြေအတွက် နှစ် ၃၀ စာချုပ်ကို ယခု ၂၀၂၁ တွင် မြေငှားသက်တမ်းတိုးစာချုပ် ချုပ်ဆိုရာ၌ စည်းကမ်းချက် ၆၀ ပါဝင်လာပြီး မြေနေရာအချို့ကို ပြန်အပ်ရန် တောင်းခံလာကြောင်း၊ ပန်းခြံအတွင်းရှိ ကုမ္ပဏီအုပ်ချုပ်ရေးရုံး၊ ဟောပြောပွဲများ ပြုလုပ်လေ့ရှိသည့်မြေနေရာ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်နှစ်ဆိုင်ကို ကုမ္ပဏီက လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အဖွဲ့၏ အစီရင်ခံစာတွင် ကရဝိက်ဥယျာဉ်မြေ ၁၉ ဒသမ ၁၁ ဧကကို ဇေကမ္ဘာကုမ္ပဏီ က ၂၀၁၀ မှ ၂၀၄၀ အထိ နှစ် ၃၀ လုပ်ပိုင်ခွင့်ရထားသည်ဟု ၂ နှစ်ဆက်တိုက် ဖော်ပြထားသည်။
၎င်းအစီရင်ခံစာတွင် ကရဝိက်ဥယျာဉ်မြေငှားရမ်းမှု၌ မြို့တော်စည်ပင်၏ အစည်းအဝေးဆုံးဖြတ် ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနက အစီရင်ခံထားသည်။
လက်ရှိတွင် ‘ကရဝိက်ဥယျာဉ်ကမ္ဘာ’ ဟု အမည်တပ်ကာ အဆိုပါ ၁၉ ဒသမ ၁၁ ဧက အား ကုမ္ပဏီအုပ်ချုပ်မှု အဆောက်အအုံနှင့် ဆိုင်ခန်း ၃၃ ခန်းအပါ လုပ်ငန်း ၁၀ ခု ဖော်ဆောင်ထားသည်။
အဆိုပါဆိုင်ခန်းများသည် ရန်ကုန်တွင် ဆိုင်ခန်းခများပြားသော ဆိုင်များဖြစ်သည်ဟု သိရသည်။
စတင်ငှားရမ်းစဉ်ကတည်းက ကရဝိက်ဉယျာဉ်ကမ္ဘာအတွက် မြေ ၃ ဧကသာ ငှားရမ်းခရကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ ၂၀၁၇-၁၈ အစီရင်ခံစာတွင် ဖော်ပြထားသောကြောင့် ပြည်တွင်းအခွန်ဌာနက သတ်မှတ်ထားသော မြေငှားရမ်းခ တစ်စတုရန်းပေလျှင် ကျပ် ၂,၀၀၀ နှုန်းဖြင့် တွက်ပါက အစိုးရသည် ကျန်မြေ ၁၆ ဧကကျော်အတွက် ငှားရမ်းခ ကျပ် ၁၆ ဘီလျံကျော် နှစ်စဉ်ဆုံးရှုံးလျက် ရှိသည်။
ကုမ္ပဏီဘက်ကမူ ၂၀၁၉ ခုနှစ်အတွက် မြေငှားခ (၃ ဧက) ကို ကျပ်သိန်း ၄,၀၀၀ ကျော် စည်ပင်ဌာနထံ ပေးသွင်းခဲ့သည်ဟု ဆိုသည်။
ကရဝိက်နန်းတော်ဟိုတယ်ကို ဇေကမ္ဘာကုမ္ပဏီထံ နှစ်ရှည်အငှားချထားသော်လည်း ထပ်မံ သက်တမ်းတိုးခွင့် မပြုတော့ဘဲ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ၂၀၂၀ တွင် ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ခဲ့သည်။
ထိုသို့ တင်ဒါခေါ်သောကြောင့် ၎င်းတို့တင်ဒါ ပြန်မရပါက နစ်နာကြေးအဖြစ် သက်ဆိုင်ရာဝန်ကြီးဌာနထံ အမေရိကန်ဒေါ်လာ သန်း ၃၀ (ကျပ် ၄၀ ဘီလျံနီးပါး) လျော်ကြေးတောင်းမည်ဟု ဇေကမ္ဘာကုမ္ပဏီဘက်က DVB သတင်းဌာနကို၂၀၂၀ ဇူလိုင်အတွင်း ဖြေကြားထားသည်။
လျော်ကြေးတောင်းရခြင်းမှာ ကရဝိက်နှင့် ဥယျာဉ်မြေများ ခေတ်မီတိုးတက်လာစေရန် ကျပ်သိန်းပေါင်း ၂၀,၀၀၀ ခန့် ရင်းနှီးပြီး ဓားမဦးချလုပ်ကိုင်ခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု ဇေကမ္ဘာကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးမင်းမောင်မောင်စိုးက ပြောသည်။
ကရဝိက်ဥယျာဉ်မြေနေရာအတွက် ကုမ္ပဏီတင်ဒါများကို မြို့တော်စည်ပင်ဘက်က ကန့်ကွက်ထားသဖြင့် မဖွင့်ဖောက်သေးဘဲ လတ်တလောတွင် ဆိုင်းငံ့ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူး ဦးမျိုးမြင့်က ၂၀၂၁ ဇန်နဝါရီ ၆ တွင် Myanmar Now ကို ပြောသည်။