သတင်း

ဇေကမ္ဘာစက်ရုံဝင်းတွင် အလုပ်သမားထောင်ချီ ဆန္ဒပြ

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်ရုံဝင်းရှိ ADK အထည်ချုပ်စက်ရုံ၌ ထောင်နှင့်ချီသော အလုပ်သမားများက ရက်မှန်ကြေး၊ လူမှုဖူလုံရေး၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ လုပ်သက်ခွင့်များရရှိရေးအတွက် ယနေ့ (ဇူလိုင် ၇) နံနက်ပိုင်းတွင် ဆန္ဒပြတောင်းဆိုလျက်ရှိသည်။

နံနက် ၈ နာရီမှ စတင်ဆန္ဒပြခဲ့ကြပြီး “လုပ်သက်ခွင့်များ တိုးပေးရေး”၊ “အလုပ်သမားအခွင့်အရေး ရရှိရေး”၊ “ရက်မှန်ကြေး တိုးပေးရေး” စသည်ဖြင့် ထောင်နှင့်ချီသည့် အလုပ်သမားများက ကြွေးကြော်ခဲ့ကြသည်။  

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ADK စက်ရုံအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများမှာ ပိုမို ဆိုးရွားလာပြီး ရက်သတ္တပတ်တစ်ပတ်လျှင် ၆ ရက်၊ နံနက် ၇ နာရီမှ ည ၇ နာရီအထိ လုပ်ကိုင်ကြရကြောင်း၊ တနင်္ဂနွေနေ့ပါ အချိန်ပို လုပ်ကိုင်ပေးရကြောင်း အသက် ၂၂ နှစ်အရွယ် အထည်ချုပ်အလုပ်သမတစ်ဦးက Myanmar Now ကို ပြောသည်။ 

“အလုပ်သမားရုံးကနေပြီးတော့ လာညှိတယ်။ ဒါပေမဲ့ အလုပ်သမားရုံးဆိုတာကလည်း သူတို့ဘက်က လူတွေ ရှိတာများတယ်။ အခုက ကျွန်မတို့ဆီမှာ မတရားမှုတွေ အရမ်းကိုဖြစ်နေတယ်။ အလုပ်သမားခံစားခွင့်တွေ ဘာတစ်ခုမှကို မပေးဘူး” ဟု ဆိုသည်။ 

လက်ရှိတွင် တစ်နာရီလျှင် အထည် ၆၀ ကျော်အထိ ရရှိနိုင်ရန် အလုပ်ရှင်ဘက်က တောင်းဆိုလာခဲ့၍ ထမင်းစားချိန် မိနစ် ၃၀ နှင့် အိမ်သာသွားခွင့်ရရှိရန်ကိုပင် အပြင်းအထန်တိုက်ပွဲဝင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။ 

“အခုက ခေတ်ပြောင်းသွားပြီ။ တစ်နာရီကို ၄၅ ထည် တောင်းတယ်ဆိုတာတောင်မှ မတတ်နိုင်တဲ့အဆုံးမို့လို့ တောင်းတာ။ ခု ကျွန်မတို့ကိုတောင်းနေတာက တစ်နာရီကို ၆၂ ထည် တောင်းတာပါ။ ကျွန်မတို့ဘက်က ၄၅ ထည်ရဖို့ကိုတောင်မှ သေအောင်ချုပ်ရတာပါ” ဟု ၎င်းက ပြောသည်။ 

ကိုဗစ်နိုင်တင်းကပ်ရောဂါ (Covid-19) ဖြစ်ပွားချိန်တွင် စားဝတ်နေရေးအခက်အခဲကြောင့် တစ်ရက်လျှင် ကျပ် ၄၈၀၀ နှုန်း၊ အချိန်ပိုကြေး တစ်နာရီလျှင် ၁၂၀၀ နှုန်းတို့ဖြင့် ADK အထည်ချုပ်စက်ရုံတွင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒဂုံတက္ကသိုလ် အဝေးသင် နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးလည်းဖြစ်သည့် ထိုအမျိုးသမီးက ပြောသည်။

အထည်ချုပ်စက်ရုံတွင် စတင်လုပ်ကိုင်ချိန်က တစ်လလျှင် ကျပ် ၃ သိန်းမှ ၂ သိန်း ၈ သောင်းကြား ရရှိမည်ဟု သိရှိထားသော်လည်း လက်တွေ့တွင်မှု ၂ သိန်း ၇ သောင်းသာ ရရှိကြောင်း၊ အချိန်ပို နာရီပေါင်း ၁၀၀ ကျော် လုပ်ကိုင်နေရ၍ အလုပ်သမားအခွင့်အရေးများ ရရှိရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း ပဲခူးတိုင်းမှ လာရောက် အလုပ်လုပ်ကိုင်နေသူ အသက် ၂၁ နှစ်အရွယ် ဆန္ဒပြအလုပ်သမနောက်တစ်ဦးက ပြောသည်။ 

“ကျွန်မတို့ တစ်လကို အချိန်ပိုနာရီ တစ်ရာကျော် လုပ်နေရတယ်။ လစာကလည်း နည်းနည်းလေးကို ဟိုကဖြတ်၊ ဒီကဖြတ်နဲ့ ဖြစ်နေတယ်။ ဆုပေး၊ ဒဏ်ပေးမှာလည်း ဆုပေးထက် ဒဏ်ပေးက ပိုများနေတယ်” ဟု ၎င်းက ပြောသည်။ 

ADK အထည်ချုပ်စက်ရုံတွင် အထည်ချုပ်အလုပ်သမား ၇၀၀၀ နီးပါး လုပ်ကိုင်နေပြီး နိုင်ငံတကာအားကစားအမှတ်တံဆိပ်တစ်ခုဖြစ်သည့် CRIVIT တံဆိပ်နှင့် သားမွေးအနွေးထည်များ၊ အနွေးထည်များကို အဓိကချုပ်လုပ်နေကြောင်း အထည်ချုပ်အလုပ်သမားများထံမှ သိရသည်။ 

အလုပ်သမား ထောင်ချီဆန္ဒပြနေသော ADK အထည်ချုပ်စက်ရုံသို့ နံနက် ၁၁ နာရီခန့်တွင် ရဲနှင့် စစ်သား ၂၀ ရောက်ရှိလာပြီး အလုပ်ရှင်နှင့် ဆွေးနွေးပြောဆိုနေသည်ဟု ဆန္ဒပြသူများထံမှ သိရသည်။

ရန်ကုန်ရှိ စက်ရုံ၊ အလုပ်ရုံအများစုရှိ မြို့နယ်များမှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရာနှင့်ချီသော စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းခဲ့ရပြီး အလုပ်သမားတစ်သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။ 

စက်ရုံအလုပ်ရုံ ပိတ်သိမ်းမှုများနှင့်အတူ အလုပ်သမားအခွင့်အရေး အကြီးအကျယ်ချိုးဖောက်ခံနေရကြောင်း ရန်ကုန်ရှိ အထည်ချုပ်လုပ်သားများနှင့် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများက ထုတ်ဖော်ပြောဆိုထားသည်။

ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် အလုပ်သမဂ္ဂခေါင်းဆောင်များ တရားစွဲခံရခြင်းများလည်းရှိပြီး အလုပ်သမားရေးရာအဖွဲ့ ၁၆ ဖွဲ့ကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက တရားမဝင်ကြောင်း ကြေညာခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button