
သြဂုတ်လကုန်မှစ၍ ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့သည့် ရန်ကုန်မြို့စွန် အောင်မင်္ဂလာအဝေးပြေးအနီး ဇေကမ္ဘာဝင်းအတွင်းရှိ မင်္ဂလာဒုံဥယျာဉ် အိမ်ရာဂိတ်ပေါက်အချို့ ပြန်ပွင့်နိုင်ရေးအတွက် ဒေသဆိုင်ရာ အစိုးရအရာရှိများနှင့် လွှတ်တော်အမတ်များက ကြိုးစားလျက်ရှိသည်။
အမျိုးသားလွှတ်တော် အမတ်ဟောင်း ဦးခင်ရွှေ တည်ထောင်ထားသည့် ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံဥယျာဉ်မြို့တော် နှင့် ရန်ကုန်စက်မှုဇုန်အတွင်းရှိ ဗိုလ်တေဇလမ်း (A1) ထိပ်ဂိတ် နှင့် ညောင်ရမ်းလမ်းထိပ်ဂိတ်များကို ပိတ်ထားခဲ့သည်။
အဆိုပါဂိတ်ပေါက်များသည် လူဦးရေ ၇၀,၀၀၀ နီးပါး နေထိုင်သည့် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် နှင့် ရန်ကုန်မြို့၏ အချက်အချာလမ်းမကြီးတစ်ခု ဖြစ်သည့် အမှတ် (၃) လမ်းမကြီးတို့ကို ဆက်သွယ်ပေးထားသည့် လမ်းမများပေါ်တွင် တည်ရှိပြီး ရွှေပေါက်ကံမြို့သစ်အတွက် အဓိကကျသည့် ဝင်ထွက်ပေါက်များလည်း ဖြစ်သည်။
ဗိုလ်တေဇလမ်း (A1) ထိပ်ဂိတ်ကို လုံးဝပိတ်ထားပြီး ညောင်ရမ်းဂိတ်ကိုမူ နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲအထိ နှင့် မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိသာ ဇေကမ္ဘာကုမ္ပဏီက အချိန်အကန့်အသတ်ဖြင့် အသုံးပြုခွင့်ပေးတော့ကြောင်း မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေက ပြောသည်။
ယင်းဂိတ်များ ပိတ်လိုက်သည့်အတွက် အောင်မင်္ဂလာအဝေးပြေးရှေ့ အမှတ် (၃) လမ်းမကြီးပေါ် ကားများ စုပြုံရောက်ရှိသွားပြီး အဝေးပြေးနှင့် မြောက်ဥက္ကလာ ခြောက်ကွေ့မှတ်တိုင်အကြား ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွား ကြုံနေရကြောင်း မြောက်ဥက္ကလာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်က ပြောသည်။
၀င်ထွက်ခွင့် ပိတ်ထားသည့် ဂိတ်ပေါက်များဆီသို့ ပြီးခဲ့သည့် သောကြာနေ့က Myanmar Now သတင်းထောက်က သွားရောက်ကြည့်ရှုရာ သံစည်ပိုင်းများ၊ စစ်ဆေးရေးဂိတ်များတွင် အသုံးပြုသည့် သံဂိတ်များဖြင့် လမ်းများကို ပိတ်ဆို့ထားပြီး မင်္ဂလာဒုံဥယျာဉ်မြို့တော် နှင့် ရန်ကုန်စက်မှုဇုန် ဝင်ထွက်ခွင့်ပါသည့် ယာဉ်များသာ သွားလာခွင့်ပြုမည်ဟု ဆိုင်းဘုတ်များ ကပ်ထားသည်။
“ပိတ်လိုက်တဲ့ဂိတ်တွေက မြောက်ဥက္ကလာ၊ ရွှေပေါက္ကံတို့ ဘက်ကို သွားတဲ့ ကုန်ကားတွေ အဓိကသုံးကြတာ။ အခုက ကုန်ကားတွေအကုန် အမှတ် (၃) လမ်းမကနေ ပတ်သွားနေရတာ။ ပတ်သွားရတာက နာရီဝက်လောက် ပိုကြာတာဆိုပေမဲ့ ကားတွေအကုန် ဒီလမ်းပေါ်မှာဆိုတော့ ပိတ်ဆို့သွားတာပေါ့” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
မြို့နယ်စည်ပင်နှင့် အထွေထွေအုပ်ချုပ်ရေးမှူးတို့ထံ စာပို့တိုင်ကြားခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်သော မြတ်ကေသီကုမ္ပဏီ မန်နေဂျာ ဦးပြည့်ဖြိုးအောင်က နိုင်ငံတော်နှင့် ဇေကမ္ဘာကုမ္ပဏီတို့အကြား ချုပ်ဆိုထားသော စာချုပ်နှင့်ပတ်သက်၍ မသိသော်လည်း ကုန်စည်စီးဆင်းရေးအတွက် တံခါးပေါက်များ ဖွင့်ပေးရန် တောင်းဆိုသည်။
“ပိတ်ထားတဲ့လမ်းက ကျွန်တော်တို့ကုန်ကားတွေ သီလဝါကို ထွက်တဲ့အပေါက်က ဒီတစ်ပေါက်ပဲရှိတာ။ ဒီအပေါက် ပိတ်ထားတော့ သီလဝါကိုထွက်တဲ့ ကျွန်တော်တို့ကုန်ကားတွေ ဘယ်လိုလုပ်မှာလဲ။ ကွန်တိန်နာတွေက သွားလို့မရတာကတစ်ကြောင်း၊ Boxကားတွေသွားတဲ့ လမ်းကြောင်းကို သူတို့က ပိတ်ဆို့ထားတာကတစ်ကြောင်း၊ ကျွန်တော်တို့ကုန်တွေက ဘယ်လိုလုပ်မှာလဲ” ဟု ဦးပြည့်ဖြိုးအောင်က ပြောသည်။
ဇေကမ္ဘာဝင်းအတွင်းရှိ ကုမ္ပဏီများက လုံခြုံရေးအတွက် တစ်နှစ်လျှင် ၃၅သိန်း ပေးဆောင်ထားရကြောင်း၊ ယခုအခါ လုံခြုံရေးအကြောင်းပြ ပိတ်ဆို့လိုက်သောကြောင့် ၎င်းတို့ပေးဆောင်ထားရသော ငွေကြေးသည် ဘာအတွက်လဲဟု ဦးပြည့်ဖြိုးအောင်က မေးခွန်းထုတ်သည်။
“သူတို့က ညညဆို မျက်ရည်ကျတယ်။ ကျွန်တော်တို့က ညညဆို ရင်တွေပူနေတာ။ ကုန်တွေက အချိန်မီသွားရမှာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။
ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးကျော်လွင်က လမ်းများပိတ်လိုက်ရခြင်းသည် လုံခြုံရေးကြောင့် ဖြစ်သည်ဟု ပြောသည်။
“ကျွန်တော်တို့ဝင်းကြီးက သာလာယံဇရပ်လို ဖြစ်နေတာ။ ဝင်းကြီးက တအားကျယ်တဲ့အခါမှာ အပေါက်တွေကလည်း များတော့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နေကြတာ။ ဖြတ်လမ်းလို ဥဒဟို ဝင်ထွက်နေတဲ့အခါကျတော့ ကျွန်တော်တို့ဝင်းထဲမှာ လုံခြုံရေးအရ အားနည်းချက်တွေဖြစ်နေတာ။ အဲဒါကြောင့် ဒီလို ကန့်သတ်လိုက်ရတာပါ” ဟု ပြောသည်။
ရွှေပေါက်ကံစက်မှုဇုန်များတွင် အထည်ချုပ်စက်ရုံဝန်ထမ်းများ အိမ်ပြန်ချိန် ဆွဲကြိုးဖြတ်လုခံရခြင်း၊ ဖုန်း၊ ပိုက်ဆံအိတ်အပါအဝင် ဆိုင်ကယ်နှင့် မိုက်ကြေးခွဲ ပိုက်ဆံတောင်းသည်အထိ လုံခြုံရေးအားနည်းနေကြောင်း၊ ကုမ္ပဏီရှိ လုံခြုံရေးများအနေဖြင့် ဧက ၁၆၀၀ ခန့်ရှိသည့် ဝင်းကြီးကို စောင့်ကြပ်ရန် လိုအပ်ချက်အခက်အခဲ ရှိနေသေးကြောင်း ဦးကျော်လွင်က ပြောသည်။
သို့သော် ဇေကမ္ဘာဝင်းအတွင်းမှ အပေါက်များကို လုံးဝပိတ်ပစ်ခြင်းမဟုတ်ဘဲ ဇုန်ထဲမှ ကားများအတွက် ဝင်ထွက်ခွင့် ကတ်အစိမ်း လုပ်ပေးထားသလို ပြင်ပကားများအတွက် ယာယီကတ်အနီရောင် ထုတ်ပေးထားကြောင်း၊ ယင်းသို့လုပ်ဆောင်မည့်အခြေအနေကိုလည်း စည်ပင်ကိုလည်း တစ်လကြိုတင် အကြောင်းကြားခဲ့ကြောင်း ၎င်းက ပြောသည်။
“ပြင်ပက ကားတွေ စည်းနဲ့ကမ်းနဲ့ ဝင်ထွက်တဲ့ စနစ်တစ်ခု အောင်မြင်သွားရင် ဇုန်ထဲက ကားတွေလို အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ပါတယ်” ဟု ဦးကျော်လွင်က ပြောသည်။
အထက်အမိန့်ကို စောင့်နေပါတယ်
ရန်ကုန်မြို့တွင်း ခရီးတင်ကားများ၊ အောင်မင်္ဂလာအဝေးပြေးမှ နိုင်ငံအနှံ့သို့သွားမည့်သူများ နှင့် ကုန်တင်ကားများ လမ်းမထက် နာရီနှင့်ချီ ပိတ်ဆို့ စောင့်ဆိုင်းနေကြရသည့် အဆိုပါယာဉ်ကြောပိတ်ဆို့မှုကို ဒေသဆိုင်ရာ အစိုးရအရာရှိများက မရှင်းနိုင်ဘဲ အထက်ကို တင်ပြထားသည်ဟု ဆိုကြသည်။
မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ယင်းအဖြစ်အပျက်ကို ခရိုင်မှတဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ အကြောင်းကြားထားသည်ဟု ပြောသည်။
“ကျွန်တော်တို့က မြေပြင်အခြေအနေကို အထက်ကို တင်ပြတာပဲရှိသေးတယ်။ ညွှန်ကြားချက်တွေတော့ မရသေးဘူး” ဟု ၎င်းက ပြောသည်။
ဂိတ်ပေါက်များကို ပြန်ဖွင့်ပေးရန် စက်မှုဇုန်အတွင်းရှိ ကုမ္ပဏီ ၁၃ ခုထံမှ တောင်းဆိုစာများ လက်ခံရခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ်စည်ပင်ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေက ပြောသည်။
“လွန်ခဲ့တဲ့ တစ်ပတ်က သူတို့ကုမ္ပဏီကို ဂိတ်တွေဖွင့်ပေးဖို့ မေတ္တာရပ်ခံစာ ပို့သေးတယ်။ ဥက္ကဋ္ဌကြီး (ဦးခင်ရွှေ) ဆီကို တင်ပြပေးမယ်ဆိုပြီး ဒီနေ့အထိ မဖွင့်ဘူး။ အခုဆိုရင် အချိန်နဲ့ ညောင်ရမ်းဂိတ်ကို ဖွင့်တယ်။ နောက်ပြီးတော့ ဝင်ထွက်ခွင့် ဂိတ်တွေကို တစ်ကတ် ကျပ် ၁၅၀၀ နဲ့ ထုတ်ပေးနေတယ်။ သက်တမ်းက ခြောက်လလို့ ပြောတယ်။ ဒါကို ကုမ္ပဏီတွေက စာပို့ကြလို့ လမ်းတံတားဌာနမှူးဆီ စာပို့ထားတယ်” ဟု ၎င်းက သောကြာနေ့က ပြောသည်။
အဆိုပါဂိတ်များကို မပိတ်မီက မြို့တော်ဝန်ထံသို့ လမ်းပြုပြင်မည့်အကြောင်း စာပို့အကြောင်းကြားခဲ့သည်ဟု ၎င်းက ပြောပြသည်။ လမ်းပြင်မည်ဟု အကြောင်းပြပိတ်ထားသော ဇေကမ္ဘာဝင်းအတွင်းရှိ လမ်းများ ပျက်စီးမှုမရှိကြောင်း၊ အပေါက်ဖြစ်နေသည့် လမ်းပိုင်းများကိုလည်း ပြန်လည်ဖာထေးသည်ကို တွေ့ရှိရကြောင်း ဒေါ်ကြည်ကြည်ဝေက ပြောသည်။
“ဒီနေရာက ကုမ္ပဏီဘက်က ပိုင်တယ်ဆိုပေမယ့် စည်ပင်သာယာကော်မတီက စီမံခန့်ခွဲခွင့်ရှိတယ်။ ဒါကို ညစ်ညမ်းအောင် လုပ်တာ၊ ပိတ်ဆို့တာ၊ လမ်းကို ပိုင်းဖြတ်ပစ်တယ်ဆိုရင် စည်ပင်ဥပဒေအရ အရေးယူလို့ ရပါတယ်။ လောလောဆယ် ကျွန်မတို့က လမ်းတံတားဌာနမှူးဆီက အမိန့်ကို စောင့်နေပါတယ်” ဟု ၎င်းက ပြောသည်။
ဇေကမ္ဘာကုမ္ပဏီက လမ်းများပိတ်ဆို့လိုက်ခြင်းအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေ ပုဒ်မ ၃၁၅ ပုဒ်မခွဲ (ဇ)အရ အရေးယူခွင့်ရှိကြောင်း ဒေါ်ကြည်ကြည်ဝေက ပြောသည်။
ယင်းဥပဒေ ပုဒ်မ ၃၁၅ ပုဒ်မခွဲ (ဇ)တွင် မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်းများ၊ စင်္ကြံများ၊ တံတားများနှင့် လမ်းတံတားဆိုင်ရာ အတားအဆီးများကို ဖယ်ရှားခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပိတ်ဆို့ခြင်း၊ ဖျက်ဆီးခြင်း၊ ဖြိုဖျက်ခြင်း၊ ပိုင်းဖြတ်ခြင်း၊ ညစ်ညမ်းစေခြင်း မပြုရဟု တားမြစ်ထားသည်။ ဖောက်ဖျက်ပါက ငွေဒဏ် ကျပ်တစ်သိန်းမှ ငါးသိန်းအထိ ချမှတ်နိုင်သည်။
လွှတ်တော်ထဲရောက်ဂိတ်ပေါက်
ဇေကမ္ဘာဝင်းအတွင်းရှိ ဂိတ်ပေါက်ပြဿနာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်လွှတ်တော်ထဲ ရောက်ခဲ့ပြီး မေးခွန်းထုတ်ခံခဲ့ရဖူးသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ရန်ကုန်လွှတ်တော်အစည်းအဝေးတွင် မြောက်ဥက္ကလာပအမတ် ဦးဇော်လွင်က “ရွှေပေါက်ကံ မြို့သစ်ရပ်ကွက်၏ အဓိက ဝင်/ထွက်ပေါက်များ ဖြစ်သော ဗိုလ်တေဇလမ်း (A1) ထိပ်ဂိတ်၊ မင်္ဂလာဒုံဥယျာဉ်အိမ်ရာဂိတ်၊ အိုးအိမ်ဂိတ်နှင့် ညောင်ရမ်းလမ်းထိပ်ဂိတ်များတွင် ကားဖြတ်သန်းခ ငွေကြေးကောက်ခံနေမှုကို စစ်ဆေးတားမြစ်ရန် ရှိ၊ မရှိ” သိလိုကြောင်း မြို့တော်ဝန်ထံ မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
“ယာဉ်တစ်စီးကို အနည်းဆုံး (ကျပ်) ၂၀၀ နဲ့ ၅၀၀ ကြား ကောက်တယ်။ ဘောက်ချာစာရွက်လည်း မပေးဘူး။ စည်းကမ်းမဲ့ ကောက်နေတာ” ဟု ဦးဇော်လွင်၏ လွှတ်တော်တွင်းပြောကြားချက်ကို The Voice သတင်းစာက ကိုးကားပြီး ရေးသားခဲ့သည်။
မော်တော်ယာဉ်ဖြတ်သန်းခ ကောက်နေသည့် ဇေကမ္ဘာကုမ္ပဏီ၏လုပ်ရပ်ကို ကုမ္ပဏီဥက္ကဋ္ဌထံ သတိပေးတားမြစ်စာ ပို့ထားပြီးဖြစ်၍ မလိုက်နာပါက စည်ပင်သာယာဥပဒေဖြင့် တရားစွဲမည်ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ကတိပေးခဲ့သည်။
“ဇေကမ္ဘာဝင်းက ယာဉ်ဖြတ်သန်းခ ကောက်ခံမှုက လွဲချော်နေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကပဲ နို့တစ်စာ ထုတ်ပေးပြီးပါပြီ။ နို့တစ်ရဲ့ပြန်ကြားစာကို စောင့်နေပါတယ်။ ပြန်ကြားစာလာလို့ ဆက်ပြီးကောက်မယ်ဆိုရင် စည်ပင်ဥပဒေနဲ့အညီ တရားစွဲပါမယ်” ဟု မြို့တော်ဝန်ပြောစကားကို ကိုးကားပြီး The Voice က ရေးသားခဲ့သည်။
၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ (၃၁၄) အရ အခွန်အခများ စည်းကြပ်ကောက်ခံခြင်းဆိုင်ရာ တားမြစ်ချက် ပုဒ်မခွဲ (က) တွင် မည်သူမျှ ကော်မတီက တာဝန်ပေးအပ်ခြင်းမရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း တရားမဝင် စည်ပင်သာယာဆိုင်ရာ အခွန်၊ အခများ ကောက်ခံခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။ မလိုက်နာပါက ‘ငွေဒဏ်ကျပ် တစ်သိန်းမှ ငါးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်’ ဟု ပြဋ္ဌာန်းထားသည်။
သို့သော် လွှတ်တော်တွင်း ဆွေးနွေးပြီး လေးရက်အကြာ ၂၀၁၉ ဖေဖော်ဝါရီ ၂၂ တွင် ဇေကမ္ဘာဘက်က ၎င်းတို့ဂိတ်များ မပိတ်ထားကြောင်း ငြင်းချက်ထုတ်ခဲ့သည်။
‘အထူးကြေညာချက်’ ဟု Facebook မှတစ်ဆင့် ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ရွှေပေါက်ကံ အိမ်ရာဂိတ် မှ ရန်ကုန်စက်မှုဇုန်သို့ ဖြတ်သန်းသွားနိုင်သော ဂိတ်တစ်ခုသာ ခေတ္တ လမ်းလွှဲ ပိတ်ထားခြင်းသာဖြစ်ပြီး အခြားဂိတ်များကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားသည်ဟု ရေးသားထားသည်။
ပိတ်ထားသည့် ဂိတ်ကလည်း စက်မှုဇုန်ကြားလမ်းဖြစ်ခြင်း၊ အဓိက ဝင်ထွက်လမ်းမကြီးများတွင် ယာဉ်များ ပိုမိုဖြတ်သန်းလာသဖြင့် ဥယျာဉ်မြို့တော်နှင့် ရန်ကုန်စက်မှုဇုန်အတွင်း နေထိုင်ကြသော ပြည်သူများ စိတ်အနှောင့်အယှက် မဖြစ်စေရန်နှင့် လုံခြုံမှု ပိုမိုရရှိရန်အတွက်ဟု ဆိုသည်။
ဂိတ်အားလုံးပိတ်ထားသယောင် ရေးသူများနှင့် သတင်းဌာနများကို တရားစွဲမည်ဟုလည်း ထိုစဉ်က ထုတ်ပြန်ချက်က ဆိုသည်။
ရန်ကုန်လွှတ်တော်တွင်း ဆွေးနွေးပြီး ခြောက်လအကြာတွင် အသစ်တစ်ဖန်ပြန်ဖြစ်လာခဲ့သည့် ဇေကမ္ဘာဂိတ်ပေါက်များအရေး ဖြေရှင်းပေးရန် လွှတ်တော်အမတ်များက အစိုးရနှင့် စည်ပင်တို့ထံ တိုင်ကြားရန် ပြင်ဆင်နေကြသည်။
လမ်းတံတား၊ စည်ပင်နှင့် တိုင်းဒေသကြီးအစိုးရတို့ထံ စာတင်ထားပြီး ယင်းကိစ္စနှင့်ပတ်သက်၍ စနေနေ့က မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးတွင် ကျင်းပသည့် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်ဟု မင်္ဂလာဒုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ဆိုသည်။
ရန်ကုန်တိုင်းလွှတ်တော်တွင်း မေးခွန်းထုတ်ခဲ့ဖူးသည့် မြောက်ဥက္ကလာပမဲဆန္ဒနယ် လွှတ်တော်အမတ် ဦးဇော်လွင်ကလည်း နောက်တစ်ကြိမ် ထပ်မံအရေးဆိုမည်ဟု ဆိုသည်။ ဒီတစ်ကြိမ်တွင်တော့ လူပြောင်းတိုင်တော့မည်ဟု သူကဆိုသည်။
“ဝန်ကြီး (စည်ပင်ဝန်ကြီး/ရန်ကုန်မြို့တော်ဝန်) ကိုပြောတာ မရတော့ ဝန်ကြီးချုပ်ပဲ တိုက်ရိုက်ပြောတော့မယ်” ဟု ဦးဇော်လွင်က ပြောသည်။