သတင်း

ဝေဖန်ခံနေရသည့် စည်ပင်လူကြီးများအတွက် ကားဝယ်ယူရေးအစီအစဉ်ကို ရန်ကုန်မြို့တော်ဝန်ကာကွယ်

ဝေဖန်ခံနေရသည့် ရန်ကုန် စည်ပင်ကော်မတီဝင်များအတွက် ကားအစီး ၈၀ တောင်းခံခြင်းမှာ လုပ်ငန်းခွင်လိုအပ်ချက်ကြောင့်ဟု ရန်ကုန်မြို့တော်ဝန်က ကာကွယ်ပြောကြားလိုက်သည်။

တစ်နှစ်သက်တမ်းမျှသာ ကျန်ရှိတော့သည့် ရွေးကောက်ခံ ရန်ကုန်စည်ပင်ကိုယ်စားလှယ်များ အသုံးပြုရန် တိုင်းပြည်၏ဘဏ္ဍာငွေဖြင့် မော်တော်ယာဉ်များ ဝယ်ယူမည့်အစီအစဉ်ကို ရန်ကုန်လွှတ်တော်အမတ်အချို့ကလည်း ဝေဖန်ခဲ့ကြသည်။

ထင်ရှားသည့် ရန်ကုန်လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ရန်ကုန်စည်ပင်၏ လုပ်ရပ်ကို “အံ့ဩလို့မဆုံး” ဟု သူ၏ Facebook မှတဆင့် ဝေဖန်ခဲ့သည်။

“…. အေးလေ ကိုယ့်ပိုက်ဆံမဟုတ် အများပြည်သူအခွန်ဆောင်ထားတဲ့ ပိုက်ဆံတွေနဲ့ သုံးနိုင်ကြပါစေ။ ယာဉ်မောင်းစရိတ်တွေ စက်သုံးဆီဖိုးတွေ ထပ်တောင်းကြအုန်းပေါ့…..” ဟု မော်တော်ယာဉ်များ ဝယ်ယူမည့်အစီအစဉ်နှင့်ပတ်သက်၍ ရန်ကုန်လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ၎င်း၏ Facebookစာမျက်နှာတွင် ဝေဖန်ရေးသားသည်။

သို့သော် ရန်ကုန်မြို့တော်ဝန်က အဆိုပါဝေဖန်ချက်များကို ပယ်ချလိုက်ပြီး မော်တော်ယာဉ်များသည် ဇိမ်ခံရန်အတွက်မဟုတ်ဘဲ လိုအပ်သောကြောင့်ဟု ဆိုသည်။

လမ်းပျက်တာပဲဖြစ်ဖြစ် တံတားကျိုးတာပဲဖြစ်ဖြစ် ကော်မတီဝင်တစ်ယောက်တည်းနဲ့ သွားလို့မရဘူး။ ဦးတဲ့လူက သွားရတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် စည်ပင်သည် စိမ်ပြေနပြေ ထိုင်ပြီးလုပ်ရတဲ့ အလုပ်ထဲမှာ မပါဘူး” ဟု

ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော်ဝန်က ပြောကြားလိုက်သည်။

ဒေါ်စန္ဒာမင်း၏ Facebook မှတစ်ဆင့် Myanmar Nowက ဖတ်ရှုရသည့် ရန်ကုန်စည်ပင်၏ မော်တော်ယာဉ်အဝယ်စာရင်းတွင် Pick-Up( Single Cab) () စီး၊ Suzuki Hi Jet (၄၆) စီး၊ Double cab(၁၄) စီး၊ Saloon (၁၅) စီး၊ Hi Ace(အန်စာတုံး) စီး၊ City Bus() စီးတို့ ပါဝင်သည်။

ကျပ်သန်းပေါင်း ၂၀၈၀ ကျော် တန်ဖိုးရှိသည့် အဆိုပါမော်တော်ယာဉ်များကို ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်မှ ရွေးကောက်ခံ စည်ပင်ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ လုပ်ငန်းတာဝန်ခံအဖွဲ့ အတွင်းရေးမှူးများ၊ အခြားအဆင့် အရာရှိအချို့နှင့် ဝန်ထမ်းများ၊ ဧည့်သည်ကြိုပို့ရန် စသဖြင့် အသုံးပြုမည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါအသုံးစရိတ်အတွက် ဘတ်ဂျက်ကို ပြီးခဲ့သည့် အောက်တိုဘာ လ ၄ ရက်နေ့က ရန်ကုန်လွှတ်တော်တွင်း ကန့်ကွက်သူမရှိ အတည်ပြုထားပြီးဖြစ်သည်။

သာကေတမြို့နယ် တိုင်းဒေသကြီးမဲဆနနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းကလည်း ရန်ကုန်အတွက် ရွေးကောက်ခံ စည်ပင်ကိုယ်စားလှယ်များ ကားစီးနိုင်ရေးထက် အမှိုက်သိမ်းကား နှင့် လုပ်ငန်းသုံးယာဉ်များ ရရှိရေးက လူထုအတွက် ပိုအရေးပါကြောင်း ထောက်ပြခဲ့သည်။

“စည်ပင်ကိုယ်စားလှယ်တွေကို ကားမစီးစေချင်လို့ မဟုတ်ပါဘူး။ ကားတွေဝယ်ပြီးနောက်ပိုင်းမှာ ဆီဖိုးနဲ့ ပြင်ဆင်စရိတ်တွေက ထပ်လာမှာလေ၊ တကယ်လိုအပ်တဲ့ အမှိုက်ကားတွေက ၃ မြို့နယ်မှာ ၁ စီးလောက်ပဲ ရှိနေတာ” ဟု ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button