အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
အတွေးအမြင်

ခွေးလေခွေးလွင့်တွေကို ရှင်းလင်းဖို့ ရန်ကုန်စည်ပင်မှာ တာဝန်အပြည့်ရှိတယ် (အတွေးအမြင်)

ကျမတို့ရဲ့နေ့စဉ်လူနေမှုဘဝမှာ “လုံခြုံမှု” ရှိဖို့ အထူးပဲ အရေးကြီးပါတယ်။ လူဦးရေ ထူထပ်များပြားတဲ့ ရန်ကုန်မြို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွက် လမ်းပေါ်မှာရော၊ လမ်းဘေးမှာရော၊ ရပ်ကွက်တွေမှာပါ တွေ့နေရတဲ့ ခွေးလေခွေးလွင့်တွေရဲ့ အန္တရာယ်ကို စိုးရိမ်နေရတာကြောင့် လုံခြုံမှု နည်းပါးနေသလို ခံစားရပါတယ်။

ခွေးလေခွေးလွင့်တွေ ရှိနေတာက ဟိုးအရင်နှစ်တွေကတည်းကဆိုပေမယ့် အခုအချိန်မှာ အရေအတွက်က သိသိသာသာ များလာနေတာက ပြဿနာပါ။ အဲဒီလို အရေအတွက် များလာတာနဲ့အမျှ ရန်ကုန်လိုမြို့ကြီးဟာ မြို့အင်္ဂါရပ်နဲ့ မညီညွတ်ဘဲ ခွေးချေးပုံတွေကိုပါ စိတ်ပျက်စရာ တွေ့မြင်နေရပါတယ်။ ပိုဆိုးတာက ခွေးလေခွေးလွင့်တွေ အကိုက်ခံရလို့ လူသေဆုံးရတဲ့အဖြစ်တွေပါ ဖြစ်လာနေတာပါပဲ။

သိပ်မကြာသေးမီကပဲ ခွေးလေခွေးလွင့် အကိုက်ခံရတာကြောင့် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ရပါတယ်။ တစ်ယောက်က သာကေတမြို့နယ်ကဖြစ်ပြီး၊ တစ်ယောက်က မင်္ဂလာဒုံမြို့နယ်ကပါ။ ဧပြီ ၂၃ ရက်နေ့က သာကေတမြို့နယ်က အသက် ၁၂ နှစ်အရွယ် မောင်ဝေယံမင်းအောင်ဟာ ခွေးရူးပြန်ရောဂါနဲ့ သေဆုံးခဲ့ရပါတယ်။ တစ်ခါ မေလထဲမှာတော့ မင်္ဂလာဒုံမြို့နယ်က အသက် ၁၂ နှစ်အရွယ် မောင်ဇော်မင်းနိုင် (အားပု) ဟာလည်း ခွေးသွားနဲ့ခြစ်မိရာကနေ ရောဂါပိုးဝင်ပြီး သေဆုံးခဲ့ရပါတယ်။

အခုလို ကလေးငယ် ၂ ယောက် သေဆုံးခဲ့ရပေမယ့် ရန်ကုန်စည်ပင်ရဲ့ ခွေးလေခွေးလွင့်ရှင်းလင်းရေး လုပ်ဆောင်မှုဟာ နှေးကွေးလွန်းတယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ရတာပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရန်ကုန်တမြို့လုံးမှာ ခွေးလေခွေးလွင့်အကောင်ရေဟာ နှစ်သိန်းခြောက်သောင်းကနေ နှစ်သိန်းရှစ်သောင်းအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ ၂၀၁၈ ခုနှစ်အတွင်း ခွေးကိုက်ခံရသူဦးရေဟာ တစ်သိန်းကိုးသောင်းအထိ ရှိခဲ့ပြီး သေဆုံးသူ ၆၉ ဦး အထိ ရှိခဲ့ပါတယ်။

အဆိုးဆုံးကတော့ ပျော်ဘွယ်မြို့နယ်မှာ ခွေးအုပ်က လိုက်ကိုက်လို့ လေးနှစ်အရွယ် သမီးငယ်လေးတစ်ယောက် သေဆုံးခဲ့ရတဲ့ ကိစ္စပါ။ ၂၀၁၈ ခုနှစ်သြဂုတ် ၁၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ဒီးဒုတ်ကုန်းကျေးရွာမှာ “မဝေဖူးအောင်” ကို ခွေးလေခွေးလွင့် ငါးကောင်ထက်မနည်းက ဝိုင်းကိုက်ခဲ့တာပါ။

၂၀၁၉ ခုနှစ်ဇန်နဝါရီလမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကနေ ကောက်ယူရရှိခဲ့တဲ့ တိရစ္ဆာန်စာရင်းအရ တစ်နိုင်ငံလုံးမှာ ခွေးကောင်ရေ ၃ ဒသမ ၈ သန်း ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်လိုမြို့ပြမှာ ခွေးကောင်ရေ များပြားလာနေလို့ ခွေးလေခွေးလွင့်တွေကို လမ်းပေါ်ကနေ ဖယ်ရှားပေးမှသာ အများပြည်သူ စိတ်ချလက်ချ သွားလာနိုင်မယ်လို့ ပြည်သူတွေက ယူဆလာကြပါတယ်။ တစ်ဖက်ကလည်း ခွေးတွေကို စည်းကမ်းမဲ့ ခွေးစာကျွေးတာ၊ ခွေးတွေကိုရှင်းလင်းတော့ မယ်ဆိုရင် ခွေးချစ်သူဟုဆိုသူတွေရဲ့ ကန့်ကွက်တာတွေနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ အခန်း ၅၊ ကော်မတီ၏လုပ်ငန်းတာဝန်များဆိုတဲ့အပိုင်းမှာ “အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်များကို ဖမ်းဆီး၊ ထိန်းသိမ်း၊ သုတ်သင်ရှင်းလင်းခြင်း၊ တိရစ္ဆာန်ထိန်းသိမ်းရေးရုံများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် တည်ထောင်ခွင့်ပြုခြင်း၊ လေလွင့်တိရစ္ဆာန်များကို ဖမ်းဆီးထိန်းသိမ်းခြင်း” လို့ ဖော်ပြထားပါတယ်။

ရန်ကုန်စည်ပင်ကနေ ကျောက်တံတားမြို့နယ်ထဲက လမ်းဘေးခွေးတချို့ကို ခွေးဂေဟာကို ပို့ဆောင်ဖို့ ဖမ်းဆီးနေစဉ်မှာ လူတစ်စုက ဟန့်တားနှောင့်ယှက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု မေ၂၀ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ခွေးချစ်သူလို့ဆိုတဲ့ လူတစ်စုက ခွေးတွေကို လုယူဖို့ပါ ကြိုးစားတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်ကိုပါ ပြစ်တင်ပြောဆိုခဲ့တာပါ။

အဲဒီလိုလုပ်ရပ်ဟာ အများပြည်သူအတွက် တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းကို နှောင့်ယှက်တာဖြစ်လို့ ဝတ္တရားနှောင့်ယှက်မှုနဲ့အရေးယူဖို့ စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အရာရှိတစ်ဦးက ပြောကြားခဲ့ပေမယ့် အခုထိ ထိရောက်တဲ့ ဆောင်ရွက်ချက် ဘာမှမတွေ့ရသေးပါဘူး။

ခွေးချစ်သူတွေဘက်က ခွေးတွေမှာလည်း အသက်ရှိလို့ သုတ်သင်ရှင်းလင်းဖို့ ကန့်ကွက်နေတာလို့ အကြောင်းပြပါတယ်။ ဒါပေမယ့် ကျမတို့ မမေ့မလျော့ ထည့်သွင်းစဉ်းစားရမှာက ရန်ကုန်မြို့ကလမ်းဘေးခွေးအားလုံးကို ခွေးချစ်သူတွေက တာဝန်ယူနိုင်မှာလားဆိုတဲ့အချက်ပါပဲ။ တစ်ယောက်ယောက် ခွေးကိုက်ခံရရင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးပေးဖို့တောင် တာဝန်ယူသူ မရှိတာပါ။ ခွေးရူးပြန်ရောဂါကာကွယ်ဆေးဟာ တစ်လုံးကို ကျပ် ၁၅,၀၀၀ အထိ ရှိတာမို့ အခြေခံလူတန်းစားများအတွက် အဆင်မပြေနိုင်ပါဘူး။

လမ်းဘေးခွေးတွေကို ကုသိုလ်လုပ်တယ်ဆိုပြီး အစာလိုက်ကျွေးနေသူတွေကြောင့် ခွေးကောင်ရေ များလာရတာလည်း ဖြစ်ပါတယ်။ အရင်တုန်းကထက်ပိုပြီး မြို့ကိုလှည့်ပတ်ပြီး ခွေးကျွေးသူတွေ များလာတာ၊ တားမြစ်သူကို ရန်ရှာတာလည်း အံ့သြစရာကောင်းပါတယ်။ တကယ်တော့ အများပြည်သူပိုင်နေရာတွေမှာ ခွေးစာကျွေးရင် ခွေးစာကျွေးသူကို စည်ပင်ဥပဒေအရ အရေးယူလို့ရပါတယ်။

စည်ပင်ဥပဒေ ပုဒ်မ ၃၂၂(မ) မှာ “အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် တိရစ္ဆာန်များအား အစားအစာကျွေးမွေးခြင်းကို ကျူးလွန်ရင် ဒဏ်ငွေ ၅၀,၀၀၀ ကျပ်ကနေ တသိန်းကျပ်အထိ ဖြစ်စေ၊ ထောင်ဒဏ် ၃ လအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” လို့ ဖော်ပြထားပါတယ်။

ဧရာဝတီသတင်းဌာနနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ်ရုံများဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလွင်မင်းစိုးနှင့် အင်တာဗျူးမှာလည်း “Environmental Control မှာ အစာကို အလွယ်တကူ မရနိုင်အောင် ထိန်းချုပ်ထားမယ်ဆိုရင် လေလွင့်ခွေးတွေ ရှင်သန်ပေါက်ပွားမှုနှုန်း လျော့ကျလာမယ်၊ ဒီနေရာမှာမှီတင်းနေထိုင်မှုနှုန်း လျော့ကျလာမယ်၊ ဧရိယာတစ်ခုနဲ့ ကြည့်မယ်ဆိုရင် ဒီဧရိယာမှာ လေလွင့်ခွေးသည် အစာမရရင် စွန့်လွှတ်သွားမှာ” လို့ ထည့်သွင်းဖြေကြားသွားပါတယ်။

ဒါပေမယ့် စည်ပင်မှာ အဓိကတာဝန်ရှိတဲ့ မကြာသေးမီကမှ လောလောလတ်လတ် ဒုတိယမြို့တော်ဝန် ဖြစ်လာတဲ့ ဦးစိုးလွင်က ဧရာဝတီသတင်းဌာနနဲ့အင်တာဗျူးမှာပဲ သေသွားတဲ့ ကလေးတွေနဲ့ပတ်သက်လို့ “ခွေးရူးပြန်ရောဂါနဲ့ သေတယ်ဆိုတာ ဘယ်သူကပြောတာလဲ၊ တိရစ္ဆာန်တွေကိုလည်း မေတ္တာတရားထားရမယ်” လို့ ပြောဆိုခဲ့တဲ့အတွက် ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

ပြည်သူတွေက ခွေးတွေကို မေတ္တာမထားနိုင်လို့မဟုတ်ဘဲ ခွေးကိုက်ခံရရင် ခွေးရူးပြန်ရောဂါ ကူးစက်ခံရနိုင်တဲ့အန္တရာယ်ကို တွေးပူနေကြတာပဲ ဖြစ်ပါတယ်။

လမ်းဘေးခွေးတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်မှာ ခွေးရူးပြန်ရောဂါပိုး ရှိနိုင်တယ်ဆိုတဲ့အချက်က ထိတ်လန့်စရာကောင်းပါတယ်။ ဒါကြောင့် ခွေးတွေကို ဂေဟာပို့တာ၊ ခွေးထီးတွေကို သင်းကွပ်တာ၊ ခွေးမတွေကို သားကြောဖြတ်တာ၊ သားအိမ်ထုတ်တာ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးတာ၊ သုတ်သင်ရှင်းလင်းတာ စတဲ့ နည်းလမ်းတွေထဲက အဆင်ပြေတဲ့နည်းလမ်းတွေကို ရွေးချယ်စေလိုကြတာပါ။

လက်တွေ့ကျကျ ပြန်စဉ်းစားကြည့်ရင် ခွေးထီးတစ်ကောင်ကို သင်းကွပ်တာက ကျပ် ၁၀,၀၀၀ အထိ ကုန်ကျပြီး၊ ခွေးမတစ်ကောင်ကို သားကြောဖြတ်တာ၊ သားအိမ်ထုတ်တာက ကျပ်၂၅,၀၀၀ ကနေ ၃၀,၀၀၀ အထိ ကုန်ကျနိုင်လို့ နည်းနည်းနောနော မဟုတ်ပါဘူး။

ရန်ကုန်မြို့ရဲ့ခွေးကောင်ရေ နှစ်သိန်းခြောက်သောင်းကို တစ်ကောင် ပျမ်းမျှကုန်ကျစရိတ် ကျပ်နှစ်သောင်းနဲ့ တွက်ရင်တောင် စုစုပေါင်းကုန်ကျစရိတ် ကျပ် ၅ ဒသမ ၂ ဘီလျံအထိ ရှိနေပါတယ်။ ဒီလောက်များပြားတဲ့ ငွေကြေးပမာဏကို အစိုးရဘက်က ကျခံနိုင်ဖို့ မလွယ်သလို ခွေးချစ်သူတွေဘက်ကလည်း ကျခံမှာမဟုတ်ပါဘူး။

ရန်ကုန်စည်ပင်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ့်အချိန် ရောက်နေပါပြီ။ လမ်းဘေးခွေးလေခွေးလွင့်တွေကို တကယ်ချစ်ရင် တရားဝင်မှတ်ပုံတင်ပြီး မွေးဖို့၊ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းသင့်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ လမ်းပေါ်ခွေးစာကျွေးသူတွေကို ဒဏ်ရိုက် အရေးယူရပါမယ်၊ ပညာပေးမှုတွေ ပြုလုပ်ရပါမယ်၊ တရားဝင်ခွေးဂေဟာ တည်ထောင်မှုတွေကို ခွင့်ပြုပေးပြီး ခွေးချစ်သူတွေကို တာဝန်ယူတာဝန်ခံမှု ရှိလာအောင် တွန်းအားပေးရမှာပါ။

ထုတ်ပြန်ထားတဲ့ဥပဒေ ရှိပါလျက်နဲ့ ခွေးချစ်သူလူတစ်စုရဲ့ဝေဖန်မှု၊ ကန့်ကွက်မှုကြောင့် အများပြည်သူကို အန္တရာယ်ပေးနေတဲ့ ခွေးလေခွေးလွင့်ကိစ္စကို မရှင်းနိုင်ရင် ပြည်သူရဲ့ယုံကြည်မှု ကင်းမဲ့သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်အနေနဲ့ အများပြည်သူအကျိုးအတွက် ခွေးလေခွေးလွင့်တွေကို သင့်တော်တဲ့နည်းလမ်းနဲ့ ရှင်းလင်းသွားဖို့ တာဝန်အပြည့်အဝရှိကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။  ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles