
ရန်ကုန်မြို့ရှိ လူဦးရေအထူထပ်ဆုံးမြို့နယ်များတွင် တစ်ခုပါဝင်သော သာကေတမြို့နယ်တွင် လမ်းဘေးခွေးများ လျော့နည်းစေရန် သုတ်သင်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန် ယနေ့နံနက်က သာကေတ၌ ပြုလုပ်သော အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ခဲ့ကြသည်။
သာကေတမြို့နယ်ရှိ ခွေးလေခွေးလွင့် ၂၅၀၀ ကျော်ကို လျော့နည်းစေရေးနှင့် ပတ်သက်၍ သာကေတရပ်ကွက် ၁၉ ခုမှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ယနေ့အစည်းအဝေးပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ လေလွင့်ခွေးများ သုတ်သင်ရှင်းလင်းရန် သဘောထားရရှိပြီဖြစ်၍ ရန်ကုန်ဒုတိယမြို့တော်ဝန်ထံ တင်ပြမည်ဟု သာကေတမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ငြိမ်းကျော်က ပြောသည်။
ရပ်ကွက် ၁၉ ခုလုံးမှ အုပ်ချုပ်ရေးမှူးများက သုတ်သင်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန် ဆွေးနွေးကြောင်း ၎င်းက ဆိုသည်။
“ အဓိက ရပ်ကွက်နေ ပြည်သူတွေက ခွေးနဲ့ ပတ်သက်ရင် သူတို့ကိုပဲ တိုင်ကြားမှုပြုတော့ အုပ်ချုပ်ရေးပိုင်းကို ဖိတ်ကြားပါတယ်။ ပါတီတွေကို တိုင်ကြားတော့ ပါတီတွေကို ဖိတ်ကြားပါတယ်။ သူတို့ရဲ့ ထွက်လာတဲ့ အသံအားလုံးက ပြည်သူတွေရဲ့ အသံလို့ပဲ ခံယူပါတယ်။ သူတို့ အားလုံးက ခွေးတွေကို အရင် နှိမ်နင်းခဲ့ပုံနည်းနဲ့ နှိမ်နင်းဖို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လေလွင့်ခွေးများကင်းစင်ပပျောက်ရေးအဖွဲ့မှ ကိုအောင်နိုင်ထွန်းက ၎င်းတို့အနေဖြင့် ခွေးများကို သားဆက်ခြားသည့် နည်းလမ်းဖြင့် လေလွင့်ခွေးလျော့နည်းမည်ဟု မယုံကြည်ကြောင်း၊ ၎င်းတို့အနေဖြင့် မြေနေရာတစ်ခုသတ်မှတ်၍ ခွေးများကို အထီးအမခွဲခြား၍ ထားရန် အစိုးရထံ အကြံပေးသော်လည်း ယင်းအတွက် ဘတ်ဂျက်မရှိဟု ပြန်လည်သိရှိရ၍ သုတ်သင်သည့် နည်းလမ်းသာရှိကြောင်း ပြောဆိုသည်။
ယခုနှစ်အတွင်း ကျင်းပခဲ့သည့် ရန်ကုန်မြို့စည်ပင်ယာသာရွေးကောက်ပွဲမှ တင်မြှောက်သည့် ဒုမြို့တော်ဝန် ဦးစိုးလွင်က ၎င်းထံ တိုင်ကြားမှုအများဆုံးမှာ ခွေးလေခွေးလွင့်ပြဿနာဖြစ်ပြီး ခွေးလေခွေးလွင့်များကို အဆိပ်ချ သုတ်သင်ခြင်းမျိုး မဖြစ်ပွားရန် ကြပ်မတ်မည်ဖြစ်ကြောင်း ဆိုထားသည်။
နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးဆန်းနိုင်က နေပြည်တော်တွင်တော့ ကျပ် သန်းတစ်ထောင်ခန့် အသုံးပြု၍ ခွေးလေခွေးလွင့် ထိန်းသိမ်းမည့် ဂေဟာတည်ဆောက်မည်ဟု ပြောကြားထားသည်။
မတ်လ ၁၁ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ခွေးရူးပြန်ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းရေးအတွက် ဆွေးနွေးရာတွင် ယခု ဘဏ္ဍာနှစ်အတွင်း နိုင်ငံအဝန်းရှိ ခွေးကောင်ရေ တစ်သန်းကို ကာကွယ်ဆေးထိုးနိုင်ရေး အပြည်ပြည်ဆိုင်ရာအဖွဲ့များနှင့် စီစဉ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရှင်းလင်းခဲ့သည်။
မြန်မာနိုင်ငံတွင် လေလွင့်ခွေးကောင်ရေ လေးသန်းခန့် ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါကြောင့် နှစ်စဉ် လူတစ်ထောင်ခန့် သေဆုံးနေကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အခြေအနေကို ထုတ်ပြန်ထားသည်။
ဆက်စပ်သတင်း