သတင်း

NLD အမတ်က သတ္တုတွင်းအရာရှိကို တရားစွဲ

မိုးထိမိုးမိဒေသတွင် အစိုးရက ရွှေတူးဖော်ခွင့် ရုပ်သိမ်းလိုက်သည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ “လက်ကိုင်တုတ်” ဟု ဝေဖန်မှုအတွက် ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်က အမှတ် (၂) သတ္တုတွင်းဌာန အရာရှိကြီးတစ်ဦးကို အသရေဖျက်မှုဖြင့် ပြီးခဲ့သည့်လအတွင်းက နေပြည်တော်တွင် တရားစွဲထားသည်။

အမှတ် (၂) သတ္တုတွင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးအေးဇော်သည် ဇန်နဝါရီလ အစောပိုင်း RFA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းအတွင်း NLD အမတ်သည် နိုင်ငံတော်အကျိုးစီးပွားကို မကြည့်ဘဲ ကုမ္ပဏီဘက်က ရပ်တည်နေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီးနောက် အဆိုပါအမှုအခင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သို့ ပေးသွင်းရန် ရွှေကြွေးကျန် ပိဿာ ၁,၃၀၀ နီးပါး ရှိနေသည် ဆိုသည့် စွပ်စွဲချက်ဖြင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို အစိုးရက ပြီးခဲ့သည့်နှစ် မေလအတွင်းက မိုးထိမိုးမိဒေသတွင် ရွှေတူးဖော်ခွင့် ရုပ်သိမ်းခဲ့သည်။ 

တူးဖော်ခွင့် ပိတ်ပင်ခဲ့သော်လည်း ရွှေခိုးတူးနေသည်ဆိုသည့် သတင်းများကို ရရှိခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် ရဲနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိများနှင့် ပူးပေါင်းပြီး အဆိုပါဒေသသို့ သွားရောက်ဖမ်းဆီးခဲ့သည်ဟု NLD အမတ် ဦးထွန်းထွန်းဝင်းက ပြောသည်။ ယင်းဖမ်းဆီးမှုအတွင်း ရွှေခိုးတူးကြောင်း သတင်းရရှိထားသည့် နေရာသို့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ တာဝန်ခံများက သွားရောက်ကြည့်ရှုခွင့် ပိတ်ပင်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

နှစ်ဖက်အကြား ထိပ်တိုက်တွေ့ဆုံခဲ့သည့် အခြေအနေကို RFA သတင်းဌာန၏ မေးမြန်းခန်းတွင် အမှတ် (၂) သတ္တုတွင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးအေးဇော်ဖြေကြားမှုကို NLD အမတ်က မကျေမနပ်ဖြစ်နေခဲ့သည်။

ဦးထွန်းထွန်းဝင်းက ကုမ္ပဏီရဲ့..ဟိုးအရင်ကတည်းက သူက အကျိုးစီးပွားလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်ပေါ့နော်။ ရှင်းရှင်းပြောရရင် ကုမ္ပဏီရဲ့လက်ကိုင်တုတ် သဘောမျိုးပေါ့။ ကုမ္ပဏီရဲ့အကျိုးစီးပွားကိုပဲ လုပ်တာ။ နိုင်ငံတော်အပေါ်ကိုမကြည့်ဘူး” ဟု RFA ကို အထွေထွေမန်နေဂျာက ပြောကြားခဲ့သည်။

ယင်းဝေဖန်မှုအတွက် လွှတ်တော် (သို့မဟုတ်) သတင်းမီဒီယာများတွင် လူသိရှင်ကြား ပြန်တောင်းပန်ရန် တောင်းဆိုခဲ့သော်လည်း ပျက်ကွက်ခဲ့သဖြင့် အထွေထွေမန်နေဂျာကို အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် နေပြည်တော် ဇဗ္မူသီရိမြို့နယ် တရားရုံးတွင် တရားစွဲခဲ့သည်ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။

“သူပြောလိုက်တဲ့ကိစ္စက တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး သိတယ်၊ မြန်မာစကားနားလည်တဲ့သူမှန်သမျှ။ ဒါဟာ ကျွန်တော့အပေါ်ကို ပြည်သူတွေက သံသယဖြစ်သွားနိုင်တယ်၊ အထင်လွဲမှားသွားနိုင်တယ်” ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။

ရမည်းသင်းမြို့နယ်၏ NLD ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်း (ဓာတ်ပုံ – ကေဇွန်နွေး/Myanmar Now)

အသရေဖျက်မှု ရာဇသတ်ကြီးပုဒ်မသည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး အလုပ်မဲ့ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။ တရားရုံးက ရဲစခန်းကို အမှု စုံစမ်းစစ်ဆေးရန် ပြန်လည် လွှဲပြောင်းထားကြောင်း ဦးထွန်းထွန်းဝင်းက ပြောသည်။

တရားလို ဦးထွန်းထွန်းဝင်း တင်ပြသည့် သက်သေများကို စစ်ဆေးထားပြီး တိုင်ကြားခံရသည့် အစိုးရ အရာရှိကို စစ်ဆေးနိုင်ရန် အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၏ မိခင် ဝန်ကြီးဌာနဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနထံ စစ်ဆေးခွင့် တင်ထားကြောင်း နေပြည်တော် အမှတ် (၅) ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်မင်းက ပြောသည်။

လွှတ်တော်အမတ်နှင့် ထိပ်တိုက်တွေ့ဆုံနေသည့် အခြေအနေကို ဖြေရှင်းနိုင်ရန်အတွက် လွှတ်တော်ပြန်စချိန်တွင် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဝင်များရှေ့တွင် ဆွေးနွေး အဖြေရှာရန် ပြင်ဆင်နေကြောင်း၊ အပြန်အလှန် အလျှော့ပေး ညှိနှိုင်းရန် လွှတ်တော်အမတ်နှင့် ဖုန်းဖြင့် သဘောတူညီချက်ရထားကြောင်း အမှတ် (၂) သတ္တုတွင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးအေးဇော်က ပြောသည်။

 “တစ်ယောက်နဲ့တစ်ယောက် ညှိညှိနှိုင်းနှိုင်းနဲ့ ဆက်ပြီးလုပ်သွားဖို့ စီစဉ်ထားပါတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားဖို့ပဲ ရှိပါတော့တယ်” ဟု ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button