အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို မနက်ဖြန် အပြီးသတ်အမိန့်ချမည်

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းခံကာ စွဲချက်တင်ခံထားရသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် ရခိုင်စာရေးဆရာ ဝေဟင်အောင်တို့အမှုကို စစ်တွေခရိုင်တရားရုံးက မနက်ဖြန် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်၌ ကျင်းပသည့် “ရခိုင် ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာ ကျဆုံးခြင်း ၂၃၃ နှစ်မြောက် အထိမ်းအမှတ်” စာပေဟောပြောပွဲတွင် ဟောပြောခဲ့သည်များနှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၁၂၂၊ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုအခမ်းအနားတွင် ဒေါက်တာအေးမောင် ပြောခဲ့သည်ဟုဆိုသော စကားများအနက်ဗမာများအနေနဲ့ ရခိုင်လူမျိုးများအပေါ် ဗမာကျွန်အဖြစ် သဘောထားတယ်” ဆိုသော စကားအပေါ် အစိုးရက တရားစွဲခဲ့ခြင်း ဖြစ်သည်။

မူလက ၎င်းတို့နှစ်ဦးအား မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)(၂) ကိုပါ ထည့်သွင်းခဲ့သော်လည်း သက်သေခိုင်လုံမှုမရှိ၍ စွဲချက်တင်သည့်အခါတွင် ထိုပုဒ်မကို ချန်ထားခဲ့သည်။

နိုင်ငံတော်ပုန်ကန်မှုဆိုတာက ဥပဒေအရပြဋ္ဌာန်းချက်က အင်္ဂါရပ်နဲ့မညီဘူးပေါ့။ နိုင်ငံတော်ပုန်ကန်မှုဆိုတာက နိုင်ငံတော်ကို စစ်မက်ဖက်ပြိုင် ပုန်ကန်ရမယ်ဆိုတာပါတယ်လေ။ စစ်မက်ဖက်ပြိုင်ပုန်ကန်ဖို့ဆိုတဲ့ အင်္ဂါရပ်နဲ့ အကျုံးမဝင်ဘူးပေါ့။ ကျွန်တော်တို့ကလည်း ဒါကိုပဲ အဓိကထားပြီး လျှောက်လဲထားပါတယ်။ ပြီးတော့ မြန်မာပြည်မှာ ပါးစပ်နဲ့ ဟောပြောလို့ နိုင်ငံတော်ပုန်ကန်မှုနှင့် တရားစွဲခံရတာက ဒီတစ်မှုပဲ ရှိသေးတယ်။ ဒါကို လျှောက်လဲချက်မှာလည်းတင်ခဲ့ကြတယ်” ဟု ဒေါက်တာအေးမောင်၏ ရှေ့နေ ဦးခင်နုက ပြောသည်။

စာရေးဆရာ ဝေဟင်အောင်၏ ရှေ့နေ ဒေါ်အေးနုစိန်ကလည်း ၎င်း၏အမှုသည်သည် ဟောပြောပွဲ အကြောင်းအရာနှင့် လိုက်ဖက်အောင်သာ နှုတ်ဖြင့်ဟောပြောခဲ့ခြင်းဖြစ်သဖြင့် နိုင်ငံတော်ပုန်ကန်မှု မမြောက်ဟု ယူဆကြောင်း ပြောသည်။

“ဘာလို့ဆိုတော့ ဒီဟောပြောပွဲနောက်ပိုင်းမှာ ပြည်သူတွေက ထကြွတယ်ဆိုတဲ့ သက်သေလည်း မပြနိုင်ဘူး။ AA (ရက္ခိုင့်တပ်မတော်) ဆိုတာက အရင်ကလည်းရှိတယ်။ ကြိုဆိုကြတာလည်းရှိတယ်။ ငြိမ်းချမ်းရေး ညီလာခံကို လာတာတွေလည်းရှိတယ်။ ခုလည်း AA နဲ့ဖြစ်ကြတယ်။ ပြည်သူလူထုက သေတယ်၊ နာကျင်တယ်ဆိုတာပဲ ရှိတယ်။ ဒါကြောင့် ဒီဟောပြောပွဲကြောင့် နိုင်ငံတော်ပုန်ကန်မှု ဖြစ်တယ်ဆိုတဲ့သက်သေကမရှိဘူးဟု ၎င်းက ပြောသည်။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည် ရခိုင်များအကြား လူကြိုက်များသော နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်စာတင်ထားသော်လည်း ပါတီက ခွင့်မပြုသေးဘဲ ယခုအမှုကို စောင့်ကြည့်လျက်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button