သတင်း

လွှတ်တော်ဂုဏ်သိက္ခာကို ထိန်းကြရန် ဒီချုပ်အမတ်တချို့ ပန်ကြား

ပြည်ခိုင်ဖြိုးပါတီက တင်သွင်းခဲ့သည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေကြမ်း လေ့လာစိစစ်ရေးကော်မတီအစီရင်ခံစာအပေါ် ကိုယ်စားလှယ်အချို့၏ ဆွေးနွေးမှုများမှာ လွှတ်တော်ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ထောက်ပြကြသည်။

ရန်ကုန်တိုင်းဒေသကြီး တွံတေးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီသည် ပြည်ထောင်စုလွှတ်တော်နည်းဥပဒေ ပုဒ်မ-၈(ပ)အရ  လွှတ်တော်နာယက၏ လုပ်ပိုင်ခွင့်အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ ဥပဒေနှင့်ညီညွတ်မှုရှိကြောင်း၊ သို့သော်လည်း ကိုယ်စားလှယ်တချို့က ထိုကော်မတီဖျက်သိမ်းပေးရေးအထိ တင်ပြဆွေးနွေးလာကြောင်း ၎င်းကဆိုသည်။

“ဒါဟာလည်း နည်းဥပဒေပုဒ်မ ၁၉(ည)မှာ ဆွေးနွေးပြီးပြတ်ပြီးသားကိစ္စကို ထပ်မံတင်ပြခြင်းမပြုရဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်” ဟု NLD အမတ်က ဆိုသည်။

မတ်လ(၁၂)ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြည်ထောင်စုလွှတ်တော်က အတည်ပြုဖွဲ့စည်းခဲ့သည့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ဥပဒေနှင့် မညီညွတ်၍ ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ-၁၉ “လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတွင် လိုက်နာရမည့် စည်းကမ်းချက်များ” ပုဒ်မခွဲ (ည)တွင် “ဆွေးနွေးပြီးပြတ်ပြီးဖြစ်သော ကိစ္စရပ်တစ်ခုကို ထပ်မံတင်ပြခြင်း မပြုရ” ဟု ပါရှိသည်။

လွှတ်တော်ကိုယ်စားလှယ်များလိုက်နာရမည့် စည်းကမ်းချက်များကို ဖောက်ဖျက်သည့် လွှတ်တော်ကိုယ်စားလှယ်ကို ပြည်ထောင်စုလွှတ်တော်နာယကသည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ-၂၀ အရ အရေးယူရမည်ဖြစ်သည်။

ပူးပေါင်းကော်မတီဖွဲ့ရန် လွှတ်တော်တွင်း လုပ်ဆောင်မှုများမှာ ဥပဒေနှင့် မညီညွတ်ကြောင်း တပ်မတော်သားကိုယ်စားလှယ်တို့ကလည်း မကြာခဏဆိုသလိုပင် ထည့်သွင်းဆွေးနွေးခဲ့သည်။

မတ်လ(၅)ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးတွင်လည်း ဗိုလ်မှူးချုပ်မောင်မောင်က အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီသည် ဥပဒေနှင့် မညီညွတ်သဖြင့် ၎င်းတို့ တပ်မတော်သားအစုအဖွဲ့က အစဉ်တစိုက် ကန့်ကွက်လာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပူးပေါင်းကော်မတီဖွဲ့စည်းရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုလွှတ်တော်၏ ဇန်နဝါရီ ၂၉ ရက်နေ့  အစည်းအဝေးတွင် အရေးကြီးအဆိုတင်သွင်းခဲ့စဉ်ကပင် တပ်မတော်နှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့ရေးကို ဒီချုပ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်တချို့က တစ်ဖက်၊ တပ်နှင့် ပြည်ခိုင်ဖြိုးတို့က တစ်ဖက် ပြင်းပြင်းထန်ထန်ဆွေးနွေးခဲ့ကြပြီး နောက်တစ်ရက်အကြာ ဖေဖော်ဝါရီလ ၆ရက်နေ့ တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ လေးရာကျော် ရရှိခဲ့ပြီး ကော်မတီကို ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်နာယကက အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး ဝေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးကလည်း ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးစဉ် ကိုယ်စားလှယ်တချို့၏ စကားရပ်များမှာ လွှတ်တော်၏ဂုဏ်သိက္ခာ၊ ဆောင်ရွက်ချက်များအပေါ် အထင်အမြင်လွဲမှားစေသည့် ပြောဆိုဆွေးနွေးမှုများ ပါဝင်နေသည်ဟု ဝေဖန်သည်။

 “ဒါကြောင့် ဒီလိုပြောဆိုမှုများဟာ မရှိသင့်၊ မပြောသင့်တဲ့ ပြောဆိုမှုများ ဖြစ်တဲ့အတွက်  ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ပုဒ်မ-၈၊ပုဒ်မခွဲ (န)အရ ဆောင်ရွက်သင့်ပါကြောင်း” ဟု ၎င်းက ပြည်ထောင်စုလွှတ်တော်နာယကကို တိုက်တွန်းခဲ့သည်။

လွှတ်တော်ဂုဏ်သိက္ခာကို ထိပါးစေသော ရေးသားပြောဆိုမှုများ၊ လွှတ်တော်တွင်းဆောင်ရွက်ချက်များကို အထင်အမြင်မှားစေသည့် ရေးသားပြောဆိုမှုများနှင့် စပ်လျဉ်း၍ မည်သို့မည်ပုံအရေးယူရမည်ကို နာယကဖြစ်သူက ဆုံးဖြတ်ရမည်ဟု ပြည်ထောင်စုလွှတ်တော်နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုဖွဲ့စည်းထားသည့် အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ၄၅ ဦးကော်မတီဟုလည်း တချို့က အလွယ်ခေါ်ဆိုကြသည်။

ပြည်ခိုင်ဖြိုးပါတီက တင်သွင်းထားသည့် အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်  ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် ၃ဝ ရှိသည်။ ထိုကော်မတီအစီရင်ခံစာကို မတ်လ ၁၅ ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။

ထိုအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ ဆွေးနွေးနေချိန်မှာပင် ၄၅ ဦး ကော်မတီ၏ ၆ကြိမ်မြောက်အစည်းအဝေးလည်း ရှိနေသည်။ ထိုအစည်းအဝေးတွင် ၂၀၀၈ အခြေခံဥပဒေ အခန်း(၃)ကို ဆွေးနွေးသည်ဟု သိရသည်။

Show More

Related Articles

Back to top button