ဓာတ်ပုံအက်ဆေး

နတ်သစ်ရွက် မွေးဖွားရာဒေသ (ဓာတ်ပုံအက်ဆေး)

လူအများ နှစ်သက်စွာ သုံးဆောင်ကြသော လက်ဖက်စို၊ လက်ဖက်ခြောက်တို့ကို ရှမ်းပြည်နယ်တွင် အဓိက ထုတ်လုပ်ကြသည်။

လက်ဖက်ခူးစဉ်ကတည်းက အရည်အသွေးထိန်းသိမ်းသည့်အနေဖြင့် တစ်ဖူး နှစ်ရွက်နှုန်း ခူးဆွတ်ခြင်းက ပိုမို သင့်လျော်သည်။

လက်ဖက်လှော်နေသည့် လွယ်ပျားရွာသားများ။ လက်ဖက်လှော်ရာတွင် မိရိုးဖလာနည်းအတိုင်း ဒယ်အိုးကိုအသုံးပြုကြရာမှ အလုံပိတ်သံအိုးများကိုလည်း အသုံးပြုလာကြသည်။ အလုံပိတ်အိုးသည် ဒယ်အိုးထက် အားသာချက် အများအပြား ရှိနေသည်။

အလုံပိတ်လှော်အိုး ဘေးဖုံးဖွင့်ပြီး လှည့်လိုက်လျှင် အိုးထဲမှ ပူပူနွေးနွေးလက်ဖက်ရွက်များက အောက်ခံဖျာပေါ်သို့ ကျလာသည်။ လက်ဖက်လှန်း၊ လက်ဖက်အခြောက်ခံရာတွင် အသုံးပြုကြသည့် ဖျာကို သန့်ရှင်းစွာထားရန် ပညာပေးကြသော်လည်း မလိုက်နာသူများလည်း ရှိနေသည်။

လက်ဖက်ခူးရာမှ ပြန်လာသည့် ဒေသခံ ပအိုဝ်းတိုင်းရင်းသူ နှစ်ဦး။ လက်ဖက်ခူးစဉ် ပလိုင်းထဲသို့ အလွယ်တကူ ထည့်သော်လည်း သယ်ယူပို့ဆောင်ရာတွင်မူ လေအဝင်အထွက်ရှိသည့် ဆန်ခါပေါက်အိတ်ကို သုံးခြင်းဖြင့် လက်ဖက်အရည်အသွေးကို ထိန်းသိမ်းကြသည်။

လက်ဖက်ရွက် လှော်ရာတွင် မိရိုးဖလာနည်းအသုံးပြုနေသော ပင်လောင်းဒေသခံတစ်ဦး။ လက်ဖက်လှော်စဉ် လက်ဖက်တွင် မီးခိုးနံ့ မစွဲစေရန် ခေါင်းတိုင်ပါသည့် မီးဖိုကိုသာ အသုံးပြုရန် ပညာပေးအဖွဲ့များက တိုက်တွန်းထားသည်။ လက်ဖက်ရွက်ကို မိနစ်အနည်းငယ်ခန့် လှော်ပြီးပါက အခြောက်လှန်းရန် အသင့်ဖြစ်ပြီဖြစ်သည်။

ပင်လောင်းမြို့ ကျားကမ္ဘာလက်ဖက်ခြောက်ဒိုင်တွင် လက်ဖက်ခြောက် အချော၊ အကြမ်း ရွေးနေသူများ

သင်းပျံ့မွှေးလက်ဖက်စက်ရုံမှ လက်ဖက်အစို၊ အခြောက် ထုတ်လုပ်နေသည့် လုပ်သားများ။

လဲလှောင်းရွာမှ လက်ဖက်လှမ်းနေသည့် ဒေသခံအမျိုးသမီးတစ်ဦး။ အရည်အသွေး၊ ပိုမိုသန့်ရှင်းရေး ရည်ရွယ်ချက်ဖြင့် လက်ဖက်လှန်းလျှင် စင်အသုံးပြုရန် ပညာပေးအဖွဲ့များက တိုက်တွန်းထားသော်လည်း တောင်သူအများစုက စင်ဆောက်ရန် စိတ်အားထက်သန်မှု နည်းသောကြောင့် နည်းလမ်းဟောင်းအတိုင်း မြေပြင်တွင်သာ ချလှန်းနေကြသေးသည်။

သက်တမ်းရင့် လက်ဖက်ပင်ကြီးအောက်တွင် တွေ့ရသည့် လဲလှောင်းရွာသား ဦးတီးဝင်း။ ထိုအပင်၏ သက်တမ်းမှာ အနှစ် ၅ဝဝ ဝန်းကျင်ခန့် ရှိပြီဟု သိရသည်။

လက်ဖက်ကို အခြောက်ခံစက်ထဲမထည့်မီ အသွေ့ခံစက်ထဲတွင် အပူပေးကြသည်။ အစိုဓာတ် လျော့ပါးစေရန် ရည်ရွယ်သည်။

နေရောင်လုံလောက်စွာမရသည့် မိုးရာသီတွင် ပြန့်ကျယ်သော အုတ်ခုံပေါ်တွင် လက်ဖက်ရွက် ဖြန့်ခင်းပြီး အပူပေး အခြောက်ခံကြသည်။ အုတ်ခုံအောက်တွင် လောင်စာအတွက် ထင်းကို သုံးကြသည်။ လက်ဖက်တွင် မီးခိုးနံ့ မစွဲကျန်စေရန်လည်း အခြောက်လှန်းဖိုတွင် မီးခိုးခေါင်းတိုင် တပ်ထားကြသည်။

ဓာတ်ပုံ – အောင်ငြိမ်း / Myanmar Now

Show More

Related Articles

Back to top button