ရွေးကောက်ပွဲသတင်း

စစ်တပ်များပြားတဲ့ ပြင်ဦးလွင်မှာ အနိုင်ရဖို့ NLD မျှော်လင့်

ပြင်ဦးလွင် – နိုဝင်ဘာ ၈ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံက စစ်တက္ကသိုလ်တည်ရှိရာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မဲဆန္ဒနယ် အတိုက်အခံပါတီ အမတ်လောင်းတွေက အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ လွှမ်းမိုးမှုကို အနိုင်ရရှိရေးဟာ အခက်အခဲကြီးတစ်ခု ဖြစ်နေပါတယ်။

ဒါ့အပြင် ဒီမြို့မှာရှိတဲ့ ထောင်သောင်းချီတဲ့ တပ်မတော်သားတွေ လွတ်လပ်စွာ မဲပေးခွင့်ရမလားဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်မှုတွေ ရှိနေကြနေပါတယ်။

တိုင်းဒေသကြီးလွှတ်တော်အတွက် ဝန်ကြီးချုပ်ဦးရဲမြင့်နဲ့ ယှဉ်ပြိုင်ရမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်လောင်း ဒေါက်တာခင်မောင်ဌေးက ပြင်ဦးလွင်မှာ မဲဆန္ဒရှင် ၁၅ဝ,ဝဝဝ နီးပါးအနက် ၁၃,ဝဝဝ ဟာ တပ်မတော်သားတွေဖြစ်ကြောင်း ရှင်းပြပါတယ်။

“ဒီတပ်မတော်သားတွေအနက်က ၃,ဝဝဝ လောက်ကတော့ NLD ကို မဲပေးနိုင်ပါတယ်” လို့ သူက ခန့်မှန်းထားပါတယ်။

ဒါပေမယ့် ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့ တပ်ရင်းမှူးတွေက သူတို့ရဲ့ တပ်မတော်သားတွေနဲ့ မိသားစုတွေကို ဖိအားပေးမှု ရှိ၊ မရှိဆိုတာကိုတော့ သူမသိရဘူးလို့လည်း ဆိုပါတယ်။

တပ်ရင်းတပ်ဖွဲ့တွေရှိတဲ့ အခြားမဲဆန္ဒနယ်တွေမှာလည်း ဒီလိုအခြေအနေမျိုးဖြစ်မှာကို NLD က သတိထားနေပါတယ်။ ကိုလိုနီခေတ်က ဗြိတိသျှအရာရှိတွေ နေထိုင်ခဲ့ရာ ပြင်ဦးလွင်မြို့မှာ စစ်တက္ကသိုလ်အပါအဝင် တပ်ရင်းတပ်ဖွဲ့တွေ အများအပြားရှိနေပါတယ်။

ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ဦးရဲမြင့်ကို ယှဉ်ပြိုင်ဖို့ NLD မှာ အဘက်ဘက်က လိုအပ်ချက်တွေရှိနေတယ်လို့ ဆိုပါတယ်။

“သူနဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရပါလိမ့်မယ်။ သူ့မှာ ငွေနဲ့ အာဏာရှိနေတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိမယ်ဆိုရင် ကျွန်တော် အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်” လို့ ဦးခင်မောင်ဌေးက ပြောပါတယ်။

“ကျွန်တော်တို့ ရွာတွေဘက်ကို ရောက်တိုင်း သူတို့က NLD ကို ကြိုက်ကြပါတယ်၊ ဒီလိုကြိုက်တာကို သူတို့ရဲ့ ဆန္ဒမဲနဲ့ ဘယ်လို ဖော်ပြကြမလဲဆိုတာတော့ မေးခွန်းတစ်ခုပါပဲ” လို့ သူက ပြောပါတယ်။

နိုဝင်ဘာ ၇ ရက် ညနေပိုင်းက ပြင်ဦးလွင်မှာ NLD က ရွေးကောက်ပွဲကို ဘယ်လိုစောင့်ကြည့်ဖို့နဲ့ မသမာမှုတွေကို ဘယ်လို မှတ်တမ်းယူထားရမယ်ဆိုတာ သူတို့ပါတီဝင်တွေကို သင်ကြားပေးတာ တွေ့ရပါတယ်။

ပြည်ခိုင်ဖြိုးပါတီရုံးက တာဝန်ရှိသူတွေကတော့ သူတို့ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့ဆုံမေးမြန်းဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

မေမြို့ကို အမည်ပြောင်းထားတဲ့ ပြင်ဦးလွင်မြို့က ဟိုတယ်ပိုင်ရှင်တစ်ယောက်ကတော့ ဒေသခံတွေဟာ NLD ကို နိုင်စေချင်ကြတယ်၊ ဒါပေမယ့် မဲစာရင်းနဲ့ ပတ်သက်လို့ စိုးရိမ်စရာ ရှိနေတယ်လို့ ဆိုပါတယ်။

“ဒီနေ့ပဲ မဲစာရင်းမှာ ကျွန်တော့်နာမည်သွားကြည့်ခဲ့တယ်။ ကျွန်တော်ရော ကျွန်တော့်မိန်းမရော စာရင်းမှာ မှားနေတယ်။ ကျွန်တော်ရဲ့ မှတ်ပုံတင်ကတ်ပြားပြပြီး ပြင်ပေးဖို့ ပြောတော့ သူတို့ပြင်ပေးပါတယ်။ ဒါပေမယ့် မဲရုံတာဝန်ရှိသူတွေနဲ့ တော်တော် အကျောက်အကန်ပြောလိုက်ရတယ်” လို့ အမည်မဖော်ပြလိုတဲ့ ဒီဟိုတယ်ပိုင်ရှင်က ပြောပါတယ်။

ပြင်ဦးလွင်မှာ တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာစာ၊ ပြည်သူ့လွှတ်တော်တစ်နေရာစာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ NLD က ပြည်သူ့လွှတ်တော်အတွက် အနိုင်ရခဲ့ပါတယ်။ ဒီမြို့ဟာ မန္တလေးတိုင်းဒေသကြီးအရှေ့ဘက်အခြမ်းက အမျိုးသားလွှတ်တော်မဲနယ်ဆန္ဒနယ်မှာ ပါဝင်တဲ့ မြို့ငါးမြို့အနက်က တစ်မြို့ဖြစ်ပါတယ်။

မိုးကုတ်မြို့ ၈၈ မျိုးဆက်သစ် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးအောင်သူကတော့ သူ့ကို NLD က ကိုယ်စားလှယ်လောင်းအဖြစ် လက်မခံခဲ့တဲ့အတွက် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့သူပါ။ သူ့ရဲ့ မဲဆွယ်စည်းရုံးရေး မန်နေဂျာတစ်ဦး ဖြစ်သူ မိုက်ကယ်ထွန်းကတော့ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က ထောက်ခံမဲ ၅၃,ဝဝဝ နဲ့ ပြည်ခိုင်ဖြိုးက ၃၂,ဝဝဝ ရခဲ့တယ်လို့ ဆိုပါတယ်။

ဦးအောင်သူဟာ အဲဒီဒေသအတွင်းက မြေယာသိမ်းမှုတွေခံခဲ့ရတဲ့ ပြည်သူတွေကို ကူညီပေးမှုကြောင့် လူသိများသူတစ်ဦးဖြစ်ပါတယ်။ စစ်တပ်နဲ့ စိုက်ပျိုးမြေတိုးချဲ့တဲ့ စီမံကိန်းလုပ်ငန်းတွေက နှစ်ပေါင်းများစွာအတွင်း လယ်ဧက ထောင်ပေါင်းများစွာကို သိမ်းယူခဲ့ကြတာပါ။

“ပြင်ဦးလွင်မြို့မှာ လယ်အသိမ်းမခံရဖူးတဲ့ ရွာရယ်လို့ မရှိပါဘူး။ သူတို့လယ်တွေကို ခရိုနီလုပ်ငန်းရှင်တွေနဲ့ စစ်တပ်က သိမ်းတယ်လို့ သတ်မှတ်ထားပြီး ဘယ်သူမှ ပြည်ခိုင်ဖြိုးကို မဲပေးမှာမဟုတ်ပါဘူး” လို့ မိုက်ကယ်ထွန်းက ဆိုပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်က မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်ဟာ မြေယာအငြင်းပွားမှုဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေကို ရောက်ခဲ့ပြီး မြေတွေကို ပြန်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အခုအချိန်ထိလည်း လယ်ဧက ရာနဲ့ချီပြီး ပိုင်ရှင်တွေဆီကို ပြန်ပေးအောင်ကူညီခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။

ရှမ်းရိုးမ အနောက်ဘက်အစွန်ပိုင်းမှာရှိတဲ့ ဇီးပင်ကြီးရွာကို ဦးရဲမြင့် လွန်ခဲ့တဲ့လအစောပိုင်းက လာခဲ့ပါတယ်လို့ အဲဒီရွာက အသက် ၇၈ နှစ်အရွယ် ဦးဆုံက ပြောပါတယ်။ သူတို့ရွာမှာ ရဲသင်တန်းကျောင်းနဲ့ မီးသတ်သင်တန်းကျောင်းဆောက်ဖို့ မြေဧက ၃ဝဝဝ ကို အာဏာပိုင်တွေက ၁၉၈၄ ခုနှစ်မှာ သိမ်းယူချိန်တုန်းက သူ့လယ် ဧက ၃ဝဝ ပါသွားတယ်လို့ ဆိုပါတယ်။

အုန်းပင်နဲ့ မန်ကျည်းပင်တွေပတ်လည်ဝိုင်းနေတဲ့ သူ့ရဲ့ သစ်သားအိမ်ဟောင်းလေး နံဘေးမှာ ထိုင်နေတဲ့ ဦးဆုံက ဦးရဲမြင့်ရဲ့ ကတိတွေဟာ မဲဆွယ်ဖို့သက်သက်ဖြစ်ကြောင်းနဲ့ သူပြောတာတွေကို ရွာကလူတွေက စိတ်မဝင်စားကြောင်း ပြောပါတယ်။

“ရွာသားတွေကတော့ ပြည်ခိုင်ဖြိုးကို မဲပေးမှာမဟုတ်ဘူး။ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် စဉ်းစားဖို့နဲ့ အရင်တုန်းက ဘယ်လိုကြုံခဲ့ရပြီးပြီဆိုတာ သတိရကြဖို့ ကျွန်တော် သူတို့ကို သတိပေးထားပါတယ်” လို့ ဦးဆုံက ပြောပါတယ်။

Show More

Related Articles

Back to top button