သတင်း

မလေးရှားကို သင်ခန်းစာယူရန် နေပြည်တော်ရောက် မလေးပညာရှင် တိုက်တွန်း

နေပြည်တော် –  ခမ်းနားကြီးကျယ်သော နေပြည်တော်ရှိ  ထိန်ထိန်ညီးနေသည့် ဟိုတယ်ခန်းမတစ်ခုတွင် မကြာသေးခင်က ကျင်းပခဲ့သော “ရွေးကောက်ပွဲနှင့်ကိုယ်ကျင့်တရား” ညီလာခံတွင် မလေးရှား အမျိုးသားတက္ကသိုလ်မှ ပညာရှင် ဖိုင်ဆယ်အက်ဟာဇစ်က တက်ရောက်လာကြသည့် နိုင်ငံရေးပါတီ ၂၇ ခု နှင့် အရပ်ဘက်အဖွဲ့အစည်းတချို့မှ ကိုယ်စားလှယ်များကို ဘာသာရေး၊ လူမျိုးရေးနွယ်သည့် နိုင်ငံရေးလှုပ်ရှားမှုများ ရှောင်ရှားကြရန် တိုက်တွန်းပြောဆိုလိုက်သည်။ မလေးရှားနိုင်ငံ၏ လတ်တလော နိုင်ငံရေးဖြစ်စဉ်နှင့် ယှဉ်ပြပြီး ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ၂ဝ၁၂ နောက်ပိုင်း လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု အစ္စလာမ်ဘာသာဝင်များကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၁၄ဝ,ဝဝဝ ကျော် ယခုအချိန်အထိ ပြောင်းရွှေ့ နေထိုင်ရသည့်အပြင် နိုဝင်ဘာတွင် ကျင်းပမည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲမတိုင်မီ အစွန်းရောက်ဝါဒ ဗုဒ္ဓဘာသာဝင်တို့၏ အစ္စလာမ်ဆန့်ကျင်ရေး၊ မုန်းတီးရေး ပြောဆိုချက် အများအပြား ပေါ်ပေါက်နေသည့်  မြန်မာနိုင်ငံတွင် အဆိုပါ မလေးရှားပညာရှင်၏ သတိပေးချက်က ပရိသတ်ကို လှုပ်နိုးလိုက်သည် ။
 
“လက်ရှိ အာဏာပိုင်တွေဟာ လူထုထောက်ခံမှု ဆက်ကျဆင်းနေတာနဲ့အမျှ သူတို့တွေရဲ့ အာဏာကို ထိန်းသိမ်းဖို့ အာဏာရှင်ဆန်တဲ့ လုပ်နည်းကိုင်နည်းတွေကို အသုံးပြုလာကြတယ်” ဟု မလေးရှားတွင် ၅၈ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် အမျိုးသား ဘာရီစန် ညွန့်ပေါင်းအစိုးရကို ရည်ညွှန်းပြီး သူကပြောသည်။ အမျိုးသား ဘာရီစန်သည် ၂ဝ၁၃ ရွေးကောက်ပွဲတွင် အခြေခံပြည်သူတို့၏ ထောက်ခံမဲများကို ဆုံးရှုံးခဲ့သည်။
 
တစ်စတစ်စ အင်အားကောင်းလာနေသော မလေးလူမျိုး မဟုတ်သူများကြောင့် “အစ္စလာမ်ဘာသာနှင့် အစ္စလာမ်အသိုင်းအဝိုင်း၏တည်ရှိမှု ခြိမ်းခြောက်ခံနေရသည်” ဟု ပြောဆိုသည့်နည်းဖြင့် အဆိုပါ ပါတီက မလေးလူမျိုးများအကြား အကြောက်တရား လွှမ်းမိုးအောင် လုပ်နေကြောင်း ဟာဇစ်က ဆိုပါသည်။
 
အလားတူပင် မြန်မာနိုင်ငံတွင်လည်း မဘသ ခေါ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးက ဗုဒ္ဓဘာသာ ခြိမ်းခြောက်ခံနေရသည်ဟု ဟောပြောလျက်ရှိသည်။

ဤပြောဆိုချက်များအရပင် အမျိုးသမီးများ၊ မွတ်စလင်များကို ခွဲခြားဆက်ဆံသည်ဟု ဝေဖန်ခံရသော “မျိုးစောင့်ဥပဒေများ”ကို ပြဋ္ဌာန်းရန် အောင်မြင်စွာ တိုက်တွန်းနိုင်ခဲ့ကြသည်။
 
၎င်းဥပဒေများကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲမပေးကြရန် မဘသ အဖွဲ့ဝင်ဆရာတော်များက မဲဆန္ဒရှင် ပြည်သူအများအပြားကို ဟောပြောထားသည်။
 
သြဇာအာဏာရှိသော မဘသခေါင်းဆောင် ဆရာတော်များက ပြည်သူလူထုအတွင်း ကျော်ကြားသော NLD ကို ယှဉ်ပြိုင်မည့် အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ သမ္မတ ဦးသိန်းစိန်တို့ကို ထောက်ခံကြောင်းလည်း ဟောပြောခဲ့ကြသည်။
 
“အစ္စလာမ်ဘာသာနဲ့ မလေးရှားလူမျိုးတွေဟာ နှစ်ထောင်ပေါင်းများစွာ ရှင်သန်ခဲ့ကြတာပါ။ ဗုဒ္ဓဘာသာနဲ့ မြန်မာတွေလည်း အဲဒီလိုပါပဲ။  ကမ္ဘာစစ်နှစ်ခု၊ ကိုလိုနီပြုခံရမှု၊ ရေဘေး၊ ဆူနာမီ၊ အငတ်ဘေး စတာတွေကို ရင်ဆိုင်ရပြီး ရှင်သန်ခဲ့တာပါ။ ရွေးကောက်ပွဲဆိုတဲ့ အကြောင်းတစ်ခုတည်းကြောင့်တော့ သေဆုံးသွားမှာ မဟုတ်ပါဘူး” ဟု ဟာဇစ်က ဆိုပါသည်။
 
လာမည့် ရွေးကောက်ပွဲသည်  ၂၅နှစ်အတွင်း အတိုက်အခံပါတီများအားလုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ပထမဆုံးသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာမည်ဟု ပြောဆိုကြပါသည်။
 
အဆိုပါ ဘာသာရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်လာစေရန် လုပ်ဆောင်မှုသည် အခွင့်ထူးခံရရှိနေသည့် ထိပ်တန်း နိုင်ငံရေးနှင့် ဘာသာရေး အုပ်စုများက သူတို့၏ ဩဇာ အာဏာ ဆုံးရှုံးမည်ကိုကြောက်လန့်၍ လုပ်ဆောင်ကြခြင်းဖြစ်သည်ဟု Myanmar Now သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ဟာဇစ်က ပြောပါသည်။ ဤလုပ်ရပ်များမှာ ဘေးအန္တရာယ်ရှိသည်ဟုလည်း ပြောပါသည်။
 
“နိုင်ငံရေးထိပ်တန်းအုပ်စု ဒါမှမဟုတ် ဘာသာရေးထိပ်တန်းအုပ်စုတွေရဲ့ သွေးထိုး လှုံ့ဆော်မှုတွေမပါဘဲ သာမန်လူတွေဟာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေကို ကျူးလွန်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပါတီနိုင်ငံရေး၊ ကျဉ်းမြောင်းတဲ့အယူအဆတွေကို ကျော်လွှားနိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ လိုအပ်ပါတယ်” ဟု ဟာဇစ်က ပြောသည်။
 
အတိုက်အခံများ စုစည်းဖို့လိုသည်
 
မြန်မာနှင့်မလေးရှားတို့သည် ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့ကြပုံချင်းတူပြီး နှစ်နိုင်ငံစလုံးသည် တိုင်းရင်းသား၊ ယဉ်ကျေးမှု၊ ဘာသာရေး အသိုင်းအဝိုင်း မျိုးစုံရှိကြသည်။ မလေးရှားတွင် လက်ရှိအုပ်ချုပ်သော ညွန့်ပေါင်းအစိုးရ၏ အဆိုးဝါးဆုံး ရွေးကောက်ပွဲရလဒ် ပေါ်ပေါက်သွားစေရန် မဲဆန္ဒရှင်လူထုက ဖော်ထုတ်ခဲ့သည်။ မြန်မာနိုင်ငံတွင်မူ လက်ရှိ ပြုပြင်ပြောင်းလဲမှုများကို အထက်အာဏာရှိသူများက သတိကြီးစွာထားပြီး စီစဉ်လုပ်ကိုင်ခြင်းဖြစ်သည်။
 
ထိုသို့ အရောင်အသွေးစုံသည့် လူ့အဖွဲ့အစည်းများတွင် မည်သည့်ပြောင်းလဲမှုလုပ်လုပ် အားလုံးကို ထင်ဟပ်ရမည်ဟု ဟာဇစ်က ပြောသည်။
 
“လူနည်းစုတွေရဲ့ အခွင့်အရေးကို ငြင်းဆိုနေချိန်မှာတော့ ဒီမိုကရေစီရဖို့ ကြိုးပမ်းလို့ မရပါဘူး။ ဒီမိုကရေစီအခြေခံသဘောတရားတစ်ခုကိုက လူနည်းစုရဲ့အခွင့်အရေးအပါအဝင် လူတိုင်းရဲ့အခွင့်အရေးကို လေးစားထိန်းသိမ်းဖို့ ဖြစ်ပါတယ်” ဟု Myanmar Now ကို ပြောပါသည်။
 
မြန်မာ့နိုင်ငံရေးအတိုက်အခံများ မလေးရှားထံမှ လေ့လာသင်ယူနိုင်သော သင်ခန်းစာရှိကြောင်း၊ ထိုအချက်မှာ စည်းလုံးညီညွတ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
 
“အတိုက်အခံပါတီတွေဟာ ရွေးကောက်ပွဲမတိုင်မီ အချင်းချင်းနားလည်မှတစ်ခု တည်ဆောက်ထားတာ ဒါမှမဟုတ် မဟာမိတ်ဖွဲ့ထားတာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း လက်ရှိအာဏာရပါတီကို အတိုက်အခံပါတီတွေက တန်းတူ ယှဉ်ပြိုင်နိုင်မှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို လူ့အဖွဲ့အစည်းမျိုးစုံရှိတဲ့ဆီမှာ အတိုက်အခံပါတီတွေကြား သဘောကွဲလွဲတာရှိရင် အာဏာရအစိုးရကို စိန်ခေါ်ဖို့ ခဲယဉ်းလိမ့်မယ်”ဟု ပြောပါသည်။
 
ဒီမိုကရေစီအခြေခံမူများ၊ ကောင်းမွန်သောအုပ်ချုပ်မှု၊  ပွင့်လင်းမြင်သာခြင်း စသော လူမျိုးဘာသာနယ်နိမိတ်မျဉ်းများကို ကျော်လွှားသွားနိုင်သည့် အစွန်းမရောက်သည့် အမှာစကားများ အပေါ် အခြေခံသည့် ဘုံရပ်တည်ချက်တစ်ခုကို အတိုက်အခံများ သဘောတူရယူရန် လိုအပ်သည်ဟု ၎င်းက ဆိုပါသည်။
 
မလေးရှားတွင် အတိုက်အခံများသည် အဆိုပါနည်းကို သုံးပြီး ချဉ်းကပ်ခဲ့သဖြင့် ၂ဝဝ၈ ရွေးကောက်ပွဲတွင် တိုးတက်ဖြစ်ထွန်းမှုများ ရှိခဲ့သည်၊ ၁၉၆၉  နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လက်ရှိအာဏာရ ညွန့်ပေါင်းပါတီ အနိုင်မဲ သုံးပုံနှစ်ပုံ မရစေရန် လုပ်ဆောင်နိုင်ခဲ့သည်၊ ၂ဝ၁၃  တွင် အမတ်နေရာ ပိုရလာကာ အခြေခံလူတန်းစားများ၏ထောက်ခံမဲကိုပါ အရယူနိုင်ခဲ့သည်ဟု သူက ဆိုသည်။
 
မေးစရာရှိသည်ကတော့ မဟာမိတ်ဖွဲ့ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းက မည်မျှ ကြာမည် ဆိုသည့်အချက် ဖြစ်သည်။ မလေးရှားနိုင်ငံတွင် ထိုသို့ မဟာမိတ်ဖွဲ့စည်းမှု ဇွန်လတွင် အဆုံးသတ်သွားပြီး ယခုအသစ် ဖွဲ့စည်းထားသည်။
 
မြန်မာပြည်တွင်လည်း မဲဆန္ဒရှင်များအနေဖြင့် အသည်းကြားကမဲတစ်ပြားဖြင့် မိမိတို့၏သဘောထားဆန္ဒအမှန်ကို ထုတ်ဖော် ပြသကြရန် ဟာဇစ်က တိုက်တွန်းသည်။
 
 “မဲတစ်မဲတိုင်း တန်ဖိုးရှိပါတယ်။ မလေးရှားမှာဆိုရင် လွှတ်တော်ကို အာဏာရပါတီကြီး သုံးပုံနှစ်ပုံ ကြီးစိုးထားတယ်ဆိုတဲ့ ထုံးစံလိုဖြစ်နေတဲ့ အစဉ်အလာကို ပြည်သူတွေက ၂ဝဝ၈ နဲ့ ၂ဝ၁၃ တို့မှာ ပြောင်းပြန်လှန်ပစ်ပြီး ထင်မထားတာတွေကို လုပ်ပြနိုင်ခဲ့တယ်။ မလေးရှားရဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတဖို့ အဝေးကြီးလိုသေးတယ် ဆိုပေမယ့် လူထုသဘောထားဆန္ဒကို ဘယ်သူမှ မတားနိုင်ပါဘူး ” ဟု သူက ဆိုသည်။

Show More

Related Articles

Back to top button