သတင်း

၂ဝ၁ဝ နှင့် ၂ဝ၁၅ ကြား မြန်မာနိုင်ငံ၏ ထင်ရှားဖြစ်စဉ်များ

၂ဝ၁ဝ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲတစ်ခု ကျင်းပခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ်နိုင်ပြီး အာဏာသိမ်းစစ်အစိုးရက ရလဒ်ကို အသိအမှတ်မပြုသည့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။

စစ်အုပ်ချုပ်ရေးအောက်နှင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့အရေးယူမှုများကြားတွင် ကျင်းပသည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ရိုးသားမှုမရှိဟု သတ်မှတ်ကြပြီး စစ်အရာရှိဟောင်းတို့၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို လွှတ်တော်နေရာ အများအစုအတွက် အနိုင်ပေးခဲ့သည်။

ဦးသိန်းစိန်ကို သမ္မတအဖြစ် တင်မြှောက်ခဲ့ပြီး အပိုင်စီစဉ်ထားခဲ့သည့် စစ်တပ်ဦးဆောင်သော ဒီမိုကရေအသွင်ကူးပြောင်းရေးကို အကောင်အထည် ဖော်ရာ နိုဝင်ဘာ ၈ ရက်နေ့တွင် ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပတော့မည်ဖြစ်သည်။ ဤရွေးကောက်ပွဲသည် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု ခန့်မှန်းနေကြသည်။

အောက်ပါ ဖြစ်ရပ်များသည် လာမည့်ရွေးကောက်ပွဲမတိုင်မီ လက်ရှိအစိုးရ၏ သက်တမ်း ငါးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အဓိက အကြောင်းအရာများဖြစ်သည်။

၂ဝ၁ဝ နိုဝင်ဘာ ၇ — ၁၉၉ဝ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံ၏ ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပသည်။ အဆိုပါရွေးကောက်ပွဲသည် လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီကို ဘက်လိုက်ပြီး အားသာစေခဲ့သည်ဟူသော ဝေဖန်မှုများကို ကြုံတွေ့ခဲ့ရသည်။ အတိုက်အခံ NLD နှင့် အဓိက တိုင်းရင်းသားပါတီများက အဆိုပါရွေးကောက်ပွဲကို သပိတ်မှောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီ၊ ဦးနေဝင်းလက်ထက် ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမည်ပြောင်းထားသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က ၇၆ ဒသမ ၅ နှင့် ၅ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးဖြင့် အနိုင်ရသွားသည်။ NLD နှင့် ရှမ်းတိုင်းရင်းသားပါတီတစ်ခုတို့မှ ခွဲထွက်သွားခဲ့သည့် ပါတီနှစ်ခုကလည်း အမျိုးသားလွှတ်တော်နှင့် တိုင်း/ဒေသကြီး လွှတ်တော်တို့တွင် နေရာများ ရခဲ့သည်။

၂ဝ၁ဝ၊ နိုဝင်ဘာ ၁၃ — နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရာမှ လွတ်မြောက်ခဲ့သည်။

၂ဝ၁၁ ၊ မတ် ၃ဝ — စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းစိန်က နှစ်ပေါင်း ၅ဝ အတွင်း ပေါ်ပေါက်လာသည့် ပထမဆုံး အရပ်သားအစိုးရတွင် သမ္မတတာဝန် စတင်ထမ်းဆောင်သည်။

၂ဝ၁၁ ၊ ဇွန် ၉ — မြန်မာနိုင်ငံမြောက်ပိုင်းရှိ တရုတ်အစိုးရ ပံ့ပိုးထားသည့် တာပိန် ရေအားလျှပ်စစ်စီမံကိန်း အနီး မြန်မာအစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများဖြစ်ပွားသည်။ ဒေသခံပြည်သူ သောင်းနှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးကြသည်။

၂ဝ၁၁ ၊ သြဂုတ် ၁၈ — သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်သည်။

၂ဝ၁၁ ၊ သြဂုတ် ၁၉ — သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် ပထမဆုံးအကြိမ် တွေ့ဆုံသည်။ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်၏ ရည်ရွယ်ချက်များအပေါ် အပြုသဘောဆောင်သည့်မှတ်ချက်များ ပေးခဲ့သည်။

၂ဝ၁၁၊ စက်တင်ဘာ ၃ဝ — သမ္မတဦးသိန်းစိန်က လက်ရှိအစိုးရလက်ထက်အတွင်း မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းမည်ဟု ကြေညာသည်။ တရုတ်အစိုးရက ငွေကြေးထည့်ဝင်ထားသည့် အဆိုပါစီမံကိန်းကို ကချင်ဒေသခံများနှင့် မြန်မာပြည်သူများက ကန့်ကွက်ခဲ့သည်။

၂ဝ၁၁၊ နိုဝင်ဘာ ၃ဝ — အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည်။ ၁၉၅၅ ခုနှစ်နောက်ပိုင်း မြန်မာပြည်သို့ လာရောက်သော ပထမဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပြီး သူ၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသည်။ မြန်မာနိုင်ငံကို ရာစုနှစ်ထက်ဝက်ခန့် ပိတ်ဆို့ အရေးယူမှုများနှင့် ဆက်ဆံရေးဖြတ်တောက်ပြီးနောက် အနောက်အုပ်စုက ပထမဆုံးအကြိမ် ပြန်လည်ထိတွေ့မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

၂ဝ၁၂၊ ဇန်နဝါရီ ၁၃ — အစိုးရက ထင်ရှားသည့်နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရာ ၁၉၈၈ အရေးအခင်းကို ဦးဆောင်ခဲ့သည့် ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်များ၊ စာနယ်ဇင်းသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များလည်း ပါဝင်သည်။

၂ဝ၁၂ ၊ ဧပြီ ၁ — ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ် ၄၄ ခု အနက် နေပြည်တော်အပါအဝင် ၄၃ နေရာတွင် အနိုင်ရသည်။ ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်အမတ်တစ်ဦးဖြစ်လာသည်။

၂ဝ၁၂၊ ဧပြီ ၁၃ — မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံတကာမှ ထင်ရှားသူများအနက် တစ်ဦးဖြစ်သည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက စီးပွားရေးပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရန် ကြေညာသည်။

၂ဝ၁၂ ၊ ဇွန် ၈ — ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဗုဒ္ဓဘာသာရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာ မွတ်စလင်တို့အကြား ပဋိပက္ခများ ဖြစ်ပွားသည်။ ရိုဟင်ဂျာတို့ကို အစိုးရက ဘင်္ဂါလီလူမျိုးအဖြစ် သတ်မှတ်ထားသည်။

၂ဝ၁၂၊ သြဂုတ် ၂ဝ — မထုတ်ဝေမီတင်ပြရသည့် စာပေစိစစ်ရေးစနစ်ကို ဆယ်စုနှစ်များစွာ ကျင့်သုံးပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာနက ပယ်ဖျက်လိုက်သည်။

၂ဝ၁၂ ၊ အောက်တိုဘာ ၂၁ — လူမျိုးရေးဆူပူမှုများဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်တွင် ဒေသခံ ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ လက်ရှိအချိန်အထိ လူပေါင်း ၁၄ဝ,ဝဝဝ နေရပ်မပြန်နိုင်သေးဘဲ အများစုမှာ ရိုဟင်ဂျာများဖြစ်သည်။ မွတ်စလင်အများအပြား ပင်လယ်မှတဆင့် စွန့်ခွာထွက်ပြေးသည်။

၂ဝ၁၂၊ နိုဝင်ဘာ ၁၉ — ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ ရောက်လာရာ တာဝန်ထမ်းဆောင်နေဆဲ အမေရိကန်သမ္မတတစ်ဦး ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်သည်။

၂ဝ၁၃ ၊ မတ် ၂ဝ — မိတ္ထီလာမြို့တွင် ဗုဒ္ဓဘာသာဝင် ဈေးဝယ်သူတစ်ဦးနှင့် မွတ်စလင် ရွှေဆိုင်ပိုင်ရှင်တို့အကြား စကားများကြရာမှ ဆူပူမှုတစ်ခု ၄ ရက်ကြာဖြစ်ပွားခဲ့ပြီး ၄၃ ဦးထက်မနည်း သေဆုံးသည်။

၂ဝ၁၃ ၊ မေ ၃ဝ — အစိုးရနှင့် KIA အကြား ဆွေးနွေးမှုတစ်ခု ပြုလုပ်ပြီး တိုက်ခိုက်မှုများ လျော့ကျသွားသော်လည်း အပစ်ရပ်ရေး သဘောတူညီချက်မရသေးပေ။

၂ဝ၁၃ ၊ ဧပြီ ၂၂ — ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်တွင် လက်နက် ရောင်းချမှုမှလွဲ၍ ကျန်ရှိနေသည့် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းလိုက်သည်။ ရှေ့လပိုင်းအနည်းငယ်ကလည်း အမေရိကန်က ၎င်း၏ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းလိုက်သော်လည်း စစ်အစိုးရနှင့်နီးကပ်ခဲ့သည့် စီးပွားရေးသမားများကို အမည်ပျက်စာရင်းတွင် ဆက်လက်ထားရှိခဲ့သည်။

၂ဝ၁၃ ၊ ဇွန် ၂၁ — လူမျိုးရေးသဘောထားတင်းမာသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ညီလာခံ တစ်ခု ကျင်းပကာ မဘသဟု အတိုကောက်ခေါ်ဝေါ်သည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကို ဖွဲ့စည်းသည်။ ထိုအဖွဲ့က လူမျိုးနှင့်ဘာသာကို ကာကွယ်ပေးမည့် ဥပဒေသစ်များ ပြဋ္ဌာန်းပေးရန် တောင်းဆိုသည်။

၂ဝ၁၄ ၊ ဇူလိုင် ၂ — မွတ်စလင်အမျိုးသားတစ်ဦးက ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ကြောင်း ကောလာဟလတစ်ခုကို ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဝီရသူက Facebook တွင် တင်လိုက်ပြီးနောက် မန္တလေးတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်တို့အကြား အဓိကရုဏ်းတစ်ခုဖြစ်ခဲ့ပြီး နှစ်ဦးသေဆုံးသည်။

၂ဝ၁၅၊ ဖေဖော်ဝါရီ ၉ — ကိုးကန့်တပ်ဖွဲ့က အစိုးရတပ်စခန်းများကို တိုက်ခိုက်ရာမှ ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် တိုက်ပွဲများဖြစ်ပွားရာ ကိုးကန့်တိုင်းရင်းသားအများစုအပါအဝင် အရပ်သား သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးရသည်။

၂ဝ၁၅ ၊ ဇွန် ၁၅ — မဘသက အဆိုပြုထားသည့် မျိုးစောင့်ဥပဒေ ပထမလေးခုကို သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးသည်။ အဆိုပါအဖွဲ့က တိုက်တွန်းထားသည့် ဥပဒေအားလုံးကို လက်မှတ်ထိုးရေးအစီအစဉ်အပေါ် ပြည်ခိုင်ဖြိုးပါတီလွှမ်းမိုးထားသည့် လွှတ်တော်တွင် ကန့်သတ်မှုအချို့ရှိခဲ့သည်။

၂ဝ၁၅ ၊ ဇွန် ၂၅ — စစ်တပ်ကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုးအမတ်များက ၂ဝဝ၈ အခြေခံဥပဒေမှ အဓိကကျသည့် အပိုဒ်တစ်ပိုဒ်အား ပြင်ဆင်ရန် ကန့်ကွက်လိုက်သည်။ ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်ရေးတွင် စစ်တပ်က အဆုံးအဖြတ်ပေးနိုင်သည့် အချက်ကို လွှတ်တော်တွင်း အပြောင်းအလဲလုပ်ရန် ကြိုးပမ်းချက် အောင်မြင်မှု မရခဲ့ပေ။

၂ဝ၁၅ ၊ ဇူလိုင် ၃ — သမ္မတဦးသိန်းစိန်၏ ကျန်းမာရေးအခြေအနေကြောင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်သော်လည်း သမ္မတသက်တမ်းဒုတိယအကြိမ်အတွက် လွှတ်တော်က ရွေးချယ်နိုင်ကြောင်း သမ္မတရုံးအကြီးတန်း အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။

၂ဝ၁၅ ၊ ဇူလိုင်၈ — ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။ နိုင်ငံရေးပါတီ ၉၃ ခု၊ ကိုယ်စားလှယ်လောင်း ၆,ဝ၇၄ ဦး ရွေးကောက်ပွဲဝင်မည်ဟု ထုတ်ပြန်သည်။

၂ဝ၁၅ ၊ သြဂုတ် ၁၂ — ပြည်ခိုင်ဖြိုးပါတီအတွင်း ပြဿနာကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားလိုက်သည်။

၂ဝ၁၅ ၊ စက်တင်ဘာ ၈ — ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ စတင်သည်။

၂ဝ၁၅၊ စက်တင်ဘာ ၂ဝ — ဒုတိယအကြိမ်ထုတ်ပြန်လိုက်သည့် မဲစာရင်းတွင် အမှားအယွင်းများ ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြင်ဆင်ပေးရန် မဲဆန္ဒရှင်များက လျှောက်ထားနိုင်ကြောင်း ကြေညာသည်။

၂ဝ၁၅ ၊ အောက်တိုဘာ ၁၃ — ဇွန်၊ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် ရွေးကောက်ပွဲ နောက်ဆုတ်ရန် ရွေးကောက်ပွဲကော်မရှင်ကဆွေးနွေးခဲ့သော်လည်း စီစဉ်ထားသည့်အချိန်အတိုင်း ကျင်းပမည်ဟု ကြေညာသည်။

၂ဝ၁၅ ၊ အောက်တိုဘာ ၁၅ — လက်နက်ကိုင်အဖွဲ့ ၈ ခုက အစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးသည်။ သို့သော်လည်း အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် KIA နှင့် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ ပါဝင်ခြင်းမရှိပေ။

ကိုးကား – မြန်မာသတင်းဌာနများ၊ ကုလသမဂ္ဂ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊
The Burma Fund, BBC, Reuters, The Irrawaddy, Human Rights Watch, International Crisis Group

Show More

Related Articles

Back to top button