ရွေးကောက်ပွဲ

NLD အနိုင်ရမှုကို မဘသ ဆရာတော်များ သတိထားပြီးကြိုဆို

ရန်ကုန် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိသွားတာကို အမျိုး ဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဦးဆောင် ဆရာတော်တချို့က သောကြာနေ့မှာ ကြိုဆိုလိုက်ကြပြီး အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေတွေ ပြင်ဆင်၊ ဖျက်သိမ်းရေးတွေကို မလုပ်ဆောင်ဖို့လည်း သတိပေးလိုက်ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ NLD အနိုင်ရရှိခဲ့မှုက ပြည်သူတွေရဲ့ ရွေးချယ်မှု ဖြစ်တယ်လို့ မန္တလေးက မဘသဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူက မိန့်ပါတယ်။ တခြားပါတီများ၊ ပါတီငယ်များ အနိုင်မရရှိခဲ့တာကိုတော့ စိတ်မကောင်းမိကြောင်း ဦးဝီရသူက မှတ်ချက်ပြုပါတယ်။

ဦးနေဝင်းလက်ထက်ကနေ စတင်ပြီး အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီဘက်ကို ရွေ့လျားလာပြီလို့ ရန်ကုန်မြို့က မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးပါမောက္ခက မိန့်ကြားပါတယ်။

“မြန်မာနိုင်ငံမှာ ငွေပေးနိုင်တဲ့သူ၊ အာဏာရှင်၊ ခရိုနီတွေသာ အနိုင်ရတယ်။ ကနေ့ အဲဒီခေတ် ကုန်ဆုံးတော့မယ်။ ပြည်သူတွေ တရားဥပဒေရဲ့ စောင့်ရှောက်မှုအောက်မှာ အကာအကွယ်တွေရတော့မယ်လို့ ဦးဇင်း မျှော်လင့်နေတယ်”လို့ ဦးပါမောက္ခက မိန့်ပါတယ်။

NLD အနိုင်ရမှာကို မဘသ ဆရာတော်များ စိုးရိမ်ခဲ့

NLD ပါတီကို မဲမပေးဖို့၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်မယ့်ပါတီကိုပဲ မဲပေးဖို့ တိုက်ရိုက်လှုံ့ဆော်မှု၊ သွယ်ဝိုက်လှုံ့ဆော်မှုတွေ နိုင်ငံအနှံ့အပြားမှာ မဲဆွယ်ကာလအတွင်း ပေါ်ပေါက်ခဲ့ပါတယ်။

NLD သာ အနိုင်ရခဲ့ရင် ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂါလီ/ရိုဟင်ဂျာတွေ နိုင်ငံသား ဖြစ်ခွင့်ရသွားမယ်လို့ ကန့်ကွက်သူတွေက ဆိုပါတယ်။

မဘသ ဗဟိုရဲ့အတွင်းရေးမှူး ဆရာတော် ဦးဝိမလဗုဒ္ဓိကလည်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ဖို့ အချိန်မတန်သေးဘူးလို့ ရွေးကောက်ပွဲမတိုင်ခင်မှာ မိန့်ကြားခဲ့ဖူးပါတယ်။

“ဘာမှမလုပ်ဖူးတဲ့လူက နိုင်ငံတော်ကို တက်အုပ်ချုပ်မယ်ဆိုတော့ အတိုက်အခံက ဘယ်သူဖြစ်သွားမလဲ၊ ကြံ့ခိုင်ရေးဖြစ်သွားမယ်။ အဲဒီနောက်မှာ ဘယ်သူရှိလဲ၊ စစ်တပ်ရှိတယ်။ ငါတို့က အဲဒါမြင်တာ။ တိုင်းပြည်အတွက်မြင်တာ။ သူ့ကို မုန်းလို့မဟုတ်ဘူး” လို့ ဆရာတော်ဦးဝိမလဗုဒ္ဓိက Myanmar Now ကို မှတ်ချက်ပေး မိန့်ကြားပါတယ်။

မျိုးစောင့်ဥပဒေ ပြင်ဆင်ဖျက်သိမ်းရေးကို လက်မခံ

တပ်မတော် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အားကောင်းတဲ့ လွှတ်တော်က မျိုးစောင့်ဥပဒေတွေကို ရွေးကောက်ပွဲမတိုင်ခင် ရေးဆွဲပြဋ္ဌာန်းလိုက်တာပါ။

မဘသအဖွဲ့ရဲ့ အဓိက ရပ်တည်ချက်ကိုက အဲဒီဥပဒေတွေကို ကာကွယ်ဖို့ဖြစ်ကြောင်း ဦးဆောင်ဆရာတော်တွေက အတိအလင်း ကြေညာထားပါတယ်။ NLD ပါတီ အစိုးရဖွဲ့ပြီးရင် မျိုးစောင့်ဥပဒေတွေကို ပြင်ဆင်၊ ဖျက်သိမ်းမှာ စိုးရိမ်ကြောင်း ဦးဝီရသူက မိန့်ပါတယ်။

“နိုင်ငံကို ပြန်လည်ထူထောင်ဖို့ က အရေးကြီးသလား၊ မျိုး စောင့်ဥပဒေကို ဖျက်ဖို့က အရေးကြီးသလားဆိုတာ သူတို့တော့ စဉ်းစားရမှာပေါ့”လို့ ဆရာတော်က မိန့်ပါတယ်။

ဦးပါမောက္ခကလည်း NLD ဟာ မျိုးစောင့်ဥပဒေ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေတွေကို မပြင်ဆင်သင့်ဘူးလို့ မိန့်ပါတယ်။

“မျိုးစောင့်ဥပဒေကို ဖျက်မယ်ဆို ပြန်လည်ရင်ကြားစေ့တာမျိုးတွေလည်း မဖြစ်နိုင်တော့ဘူး။ အမုန်းတရားတွေက တစ်ဖက်နဲ့တစ်ဖက် ပို၍ ပွားသွားမယ်။ မေတ္တာတရား ရှေ့ထားပြီး တိုင်းပြည်အနာဂတ်ကို ပြည်သူတွေ မျှော်လင့်ထားတဲ့အတိုင်း လုပ်ဆောင်သွားဖို့ကိုလည်း NLD ကို ဘုန်းကြီးက တိုက်တွန်းပါတယ်” လို့ ဦးပါမောက္ခက မိန့်ပါတယ်။

လယ်သမား၊ အလုပ်သမားဆိုင်ရာ ဖြေရှင်းစရာတွေ၊ မြန်မာနိုင်ငံအတွင်း အဘက်ဘက်က နိမ့်ကျနေတာတွေကိုပဲ NLD က အဓိက ဦးတည် ဖြေရှင်းသင့်တယ်လို့ ဦးပါမောက္ခက ဆက်လက် မိန့်ကြားပါတယ်။

မဘသရဲ့ အထင်ကရ ဆရာတော်တွေရဲ့ သတိနဲ့ကြိုဆိုမှုနဲ့ ပတ်သက်ပြီး NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ကျေးဇူးစကား ဆိုပါတယ်။

“ဘယ်သူတွေဖြစ်ဖြစ် ပါတီရဲ့ရွေးကောက်ပွဲ အောင်နိုင်မှုအပေါ် ဂုဏ်ပြုတယ်ဆိုရင်တာ့ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“(မျိုးစောင့်ဥပဒေတွေကို) လက်ခံနိုင်ခြင်း၊ လက်မခံနိုင်ခြင်း ကြိုက်ခြင်း မကြိုက်ခြင်းဆိုတာဟာ လွှတ်တော်ရဲ့အလုပ်ပါပဲ။ ခုလောလောဆယ်မှာ ဒါတွေပြင်ဆင်ဖို့နဲ့ပတ်သက်ပြီး မစဉ်းစားနိုင်သေးပါဘူး” လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။ ။

Related Articles

Back to top button