ရန်ကုန် — ဖေဖော်ဝါရီလဆန်း လွှတ်တော်အစည်းအဝေးတွင် တွေ့မြင်ရသည့် ကိုယ်စားလှယ်များမှာ မျက်နှာသစ်များ ဖြစ်နေလိမ့်မည်။
လွှတ်တော်တွင် ယခင်လူဟောင်းအနည်းငယ်သာ ပါဝင်တော့မည်ဖြစ်ပြီး အစိမ်းရောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များနေရာတွင် အနီရောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တို့က နေရာယူကြမည်။ ကျောင်းဆရာဟောင်း၊ အင်ဂျင်နီယာ၊ လူမှုရေးအသင်းအဖွဲ့တွင် ဆောင်ရွက်နေသူ၊ ကဗျာဆရာ၊ ဂီတသမားတို့က ယခင်အစိုးရအရာရှိဟောင်းကြီးများနေရာသို့ ရောက်ရှိလာကြမည်။ လုပ်ငန်းအတွေ့အကြုံများပြားသူတို့၏နေရာတွင် အတွေ့အကြုံနည်းသူတို့ဖြင့် အစားထိုးတော့မည်။
လွှတ်တော်တွင် သိသာထင်ရှားသည့် အချက်တစ်ခုမှာ တိုင်းရင်းသားကိုယ်စားလှယ်အရေအတွက် အနည်းငယ်သာ ပါဝင်လာခြင်းဖြစ်သည်။ တိုင်းရင်းသားပါတီများမှာ ရွေးကောက်ပွဲကာလ အချင်းချင်း ယှဉ်ပြိုင်မှု၊ နိုင်ငံအနှံ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းဝန်းထောက်ခံမှု စသည့် အချက်တို့ကြောင့် ထောက်ခံမဲများကွဲသွားခဲ့သဖြင့် ၎င်းတို့ မျှော်မှန်းထားသည့် ရလဒ်မရရှိခဲ့ပေ။ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်အတွက် ရွေးချယ်ခံရသည့် တိုင်းရင်းသားပါတီ ၁၁ ခုသာ ရှိခဲ့သည်။
ယခုလာမည့် ပါလီမန်သစ်က တိုင်းရင်းသားရေးရာများနှင့် ပတ်သက်၍ တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်း ရှိမည်လော။ အများစုဖြစ်သည့် NLD ကိုယ်စားလှယ်တို့၏ အသံကို တိုင်းရင်းသားကိုယ်စားလှယ်များ မည်ကဲ့သို့ ကျော်လွန်နိုင်မည်နည်း။ Myanmar Now သတင်းဌာနနှင့်တွေ့ဆုံစဉ် တိုင်းရင်းသားပါတီ ၅ ခုမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံထားရသူ ၆ ဦးက သူတို့၏ မျှော်လင့်ချက်၊ တွန်းအားဖြစ်စေမည့် အကြောင်းအရာများအကြောင်း ပြောပြခဲ့ကြသည်။
ဒေါ်ထုမေ၊ ၂၈ နှစ်၊ ရခိုင်အမျိုးသားပါတီ
အမျိုးသားလွှတ်တော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၁၁
စုပေါင်းဆောင်ရွက်မှု အင်အားကို ကျွန်မယုံကြည်ပါတယ်၊ တိုင်းရင်းသားဒေသတွေက မဲဆန္ဒနယ်တွေမှာ NLD ပဲ အများဆုံး အနိုင်ရသွားတာကိုတော့ စိုးရိမ်ပါတယ်။
နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုကို လိုချင်လို့ ပြည်သူတွေက NLD ကို မဲပေးခဲ့ကြတာပါ။ ဒီအပြောင်းအလဲဖြစ်ဖို့ အခြေခံဥပဒေကို ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို တဖြည်းဖြည်း ဖျောင်းဖျသွားနိုင်မယ်လို့ ထင်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ နိုင်ငံတော်အတွက် တကယ်အလုပ်လုပ်နေတာဆိုရင် တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲဖို့လိုတဲ့အရာကို သူသိပါလိမ့်မယ်။ နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိဖို့ လိုအပ်ပါတယ်။ အာဏာကို ဗဟိုကချုပ်ကိုင်တဲ့ မူဝါဒကို စွန့်လွှတ်ဖို့ လိုအပ်လိမ့်မယ်။
ပညာရေးစနစ်ကလည်း အားနည်းပြီး တိုင်းရင်းသားဒေသ အများအပြားမှာ ညီတူညီမျှ ပညာသင်ကြားနိုင်ခွင့်မရတဲ့အတွက် လူငယ်အများစုဟာ နေရပ်ကိုစွန့်ခွာ အလုပ်လုပ်ကြရပါတယ်။ ကျွန်မဆိုရင် ရခိုင်မှာမွေးတယ်၊ ပညာ ထိထိရောက်ရောက်သင်ကြားနိုင်ဖို့ အသက် ၁၄ နှစ်အရွယ်မှာ မိသားစုနဲ့ ရန်ကုန်ကို ပြောင်းလာခဲ့ရတယ်။ ရန်ကုန်နဲ့ မန္တလေးက ပညာရေးအခြေအနေဟာ တိုင်းရင်းသားဒေသတွေက အခြေအနေတွေနဲ့ အများကြီး ကွာဟပါတယ်။ ပညာရေးနဲ့ လူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံချင်ပါတယ်။ လူငယ်တွေဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။
ဦးလမာနော်အောင်၊ အသက် ၅ဝ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ
ပြည်သူ့လွှတ်တော်၊ ကချင်ပြည်နယ် အင်ဂျားယန်မဲဆန္ဒနယ်
လာမယ့်အစိုးရလက်ထက်မှာ မြစ်ဆုံ ရေကာတာ စီမံကိန်းကို လုံးဝမလုပ်တော့ဘူး၊ ထာဝရရပ်တန့်လိုက်ပြီဆိုရင်တော့ ဘာမှပြောစရာမလိုတော့ဘူးပေါ့။ ဒေသခံတွေကတော့ မြစ်စုံစံမံကိန်းကိုလုပ်ဖို့ လုံးဝသဘောမတူကြဘူး။ သယံဇာတကိစ္စမှာလည်း ကျွန်တော်တို့ ဒေသခံတွေအတွက် တော်တော်လေးကိုနစ်နာနေပြီ။ လာမယ့်အစိုးရလက်ထက်မှာ သယံဇာတကိစ္စတွေကို ပြည်နယ်အစိုးရက စီမံခန့်ခွဲနိုင်ဖို့တော့ မလွယ်သေးဘူးလို့တော့ ထင်တယ်။ တော်တော်လေးပြောင်းလဲဖို့တော့ လိုပါတယ်။
ခုက NLD က ဦးဆောင်မယ့်အစိုးရ ပေါ်လာပြီ၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူတွေအားလုံး အားကိုးနေတဲ့သူ၊ တိုင်းပြည်အတွက် အနစ်နာခံခဲ့တဲ့လူဆိုတော့ တိုင်းရင်းသားတွေအတွက် ပိုပြီးတော့ အခွင့်အရေး ပိုရလိမ့်မယ်လို့ ထင်ပါတယ်။
ဥပဒေပြုရေးမှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ NLD က တစ်တိုင်းပြည်လုံး မူဝါဒချမှတ်ပြီး လုပ်ကိုင်ရတဲ့အခါမှာ ကျွန်တော်တို့လို ပြည်နယ်အကျိုးနဲ့ တိုင်းရင်းသားအကျိုးတွေကို အဓိကထားဆောင်ရွက်ရတဲ့ တိုင်းရင်းသားပါတီတွေရဲ့ အဆိုတွေကို လူများစုဖြစ်တဲ့ NLDလွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်မှာကိုတော့ စိုးရိမ်မိပါတယ်။
ဦးနိုင်သီဟ၊ အသက် ၅ဝ၊ မွန်အမျိုးသားပါတီ
အမျိုးသားလွှတ်တော်၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၇
ရေး(မြို့နယ်)ဘက်မှာဖြစ်နေတဲ့ ကျောက်မီးသွေးစက်ရုံကိစ္စတွေရယ်။ ကျွန်တော်တို့ပြည်သူတွေ မလိုလားတဲ့ ကျောက်မီးသွေးစက်ရုံတွေ ရပ်တန့်သွားဖို့အတွက် အဆိုတွေတင်သွင်း၊ မေးခွန်းတွေ မေးမြန်း သွားမှာပါ။ NLD မှာရှိတဲ့ မွန်လူမျိုးတွေကလည်း ကျွန်တော့် အဆိုတွေ မေးခွန်းတွေကို ကန့်ကွက်မယ်လို့ မထင်ပါဘူး။ သူတို့တွေလည်း ဒီစက်ရုံတွေကို ဖျက်ဖို့ ဆန္ဒရှိမယ်လို့ ထင်ပါတယ်။
နောက်တစ်ခု မီးလင်းဖို့ အတွက်ပေါ့။ ကိုယ်ထူ ကိုယ်ထစနစ်နဲ့ဖြစ်နေတော့ တစ်ယူနစ်ကို ၅ဝဝ နီးပါးလောက် ပေးနေရတယ်။ ပြည်သူတွေ လျှပ်စစ်မီးရရှိရေးအတွက် ကိစ္စရပ်တစ်ခု အနေနဲ့လည်း စဉ်းစားထားပါတယ်။
(လွှတ်တော်မှာ) တိုင်းရင်းသား အခွင့်အရေးတွေကို တင်ပြသွားဖို့ရှိပါတယ်။ အဆင်ပြေနိုင်လိမ့်မယ်၊ ဖြေလျှော့မှုတွေကို ပိုပြီးလုပ်ပေးမယ်၊ ပြည်နယ်အနေနဲ့ အခွင့်အရေးတွေ ပိုပြီးတော့ရလာမယ်လို့ပဲ ကျွန်တော်ကတော့ အကောင်းမြင်ပါတယ်။
ဒေါ်နန်းမိုး၊ ၃၂ နှစ်၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊
ပြည်သူ့လွှတ်တော်၊ ရှမ်းပြည်နယ် မန်တုံမဲဆန္ဒနယ်
ကျွန်မမဲဆန္ဒနယ်မှာ ကျွန်မအနိုင်ရခဲ့ပေမယ့် ငြိမ်းချမ်းရေး မရဘူးဆိုရင် ဘာမှ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ အစိုးရသစ်အတွက် အရေးကြီးဆုံးလုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ကျား၊ မ တန်းတူအခွင့်အရေးနဲ့ အခြားအခွင့်အရေးတွေမှာပါ ညီတူညီမျှရှိရေးအတွက် ကျွန်မ အများကြီး လုပ်ဆောင်လိုပါတယ်။ ဒီလိုညီမျှမှုတွေ မြန်မာနိုင်ငံမှာ မရှိခဲ့ပါဘူး။ ကျွန်မတို့ ပါတီမှာတောင်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၆၅ ဦးအနက်က သုံးဦးပဲ အမျိုးသမီးတွေ ပါဝင်ပါတယ်။ ဒါဟာ လွှတ်တော်အရေး၊ ပါတီကိစ္စ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စရပ်ပါ။ မိသားစု၊ အခြေခံဥပဒေ၊ ပြည်သူတွေအကြားမှာ ခွဲခြားမှုဟာ ရှိနေပါတယ်။ အမျိုးသမီးပညာတတ်တွေ လိုနေပါသေးတယ်။ ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ အမျိုးသားတွေသာ သမ္မတဖြစ်နိုင်တာ မဟုတ်ပါဘူး။
မူဝါဒတူတဲ့ အချက်တွေမှာ NLD နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ NLD ထဲမှာလည်း မိတ်ဆွေတွေ အများကြီးရှိပါတယ်။ ကျွန်မ လွှတ်တော်အတွေ့ အကြုံ မရှိသေးပေမယ့် တစ်နှစ်လောက် အချိန်ယူလေ့လာသွားရင်တော့ ရမှာပါ။
ပေါင်လွန်မင်းထန်၊ အသက် ၄၅၊ ဇိုမီးဒီမိုကရေစီ ကွန်ဂရက်
ချင်းပြည်နယ်လွှတ်တော်၊ တွန်းဇန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂
ချင်းပြည်နယ်လွှတ်တော်အသစ်က အရင်လွှတ်တော်ထက် ပိုပြီးအလုပ်ဖြစ်မယ် ထင်ပါတယ်။ ကိုယ်စားလှယ်အသစ်တွေမှာ စိတ်ကူးအသစ်အဆန်းတွေ ရှိမှာပါ။
တိုင်းရင်းသားဒေသတွေက အရမ်းဆင်းရဲပါတယ်။ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အခြားအရာတွေမှာ လိုအပ်ချက်တွေ အများကြီး ရှိနေတာကြောင့် ဒီဒေသတွေ ဖွံ့ဖြိုးမှုဟာ အရေးကြီးတဲ့ အကြောင်းအရာဖြစ်ပါတယ်။ ကျွန်တော့် ဒေသအတွက် ကျွန်တော်ရည်ရွယ်ထားတာက လမ်းတွေဖောက်ပြီး၊ နေရာအများအပြားမှာ လျှပ်စစ်မီးတွေ သွယ်တန်းပေးဖို့ပါ။ လာမယ့်ငါးနှစ်အတွင်းမှာ ကျွန်တော့် မဲဆန္ဒနယ်ဟာ အရင်ကထက် ပိုမိုတိုးတက်ဖို့ မျှော်လင့်ပါတယ်။
တက္ကသိုလ်ကျောင်းသားဘဝတုန်းက ဇိုမီးကျောင်းသားသမဂ္ဂမှာ ဝင်ရောက်လုပ်ကိုင်ရာကနေ လူမှုရေးအလုပ်ဘက်ကို ကူးပြောင်းလုပ် ဖြစ်တာပါ။ ကျွန်တော်နိုင်ငံရေးနယ်ပယ်ကို မဝင်ခင်က ‘ဒီလူတွေကို ကူညီဖို့ ငါ ငွေဘယ်လောက်လိုမလဲ’ လို့ စဉ်းစားမိတယ်။ ဒါပေမယ့် နိုင်ငံရေးမှာတော့ ဒီလိုစဉ်းစားလို့ မရပါဘူး။ ကျွန်တော်အခု လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်နေပြီမို့လို့ လုပ်ချင်တာတွေကို လွှတ်တော်ထဲကနေတစ်ဆင့် လုပ်ဆောင်နိုင်ပါပြီ။
ချင်းပြည်နယ်လွှတ်တော်အတွက် NLD က ၁၂ နေရာ အနိုင်ရပြီး ဇိုမီးက ၂ နေရာတည်း အနိုင်ရပါတယ်။ ဒါကြောင့် သူတို့နဲ့ ဘယ်လို လက်တွဲလုပ်မယ်ဆိုတာ စဉ်းစားရမယ်။ ကျွန်တော်တို့က အင်အားနည်းပေမယ့် ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ လိုအပ်ချက်တွေအတွက် လွှတ်တော်မှာ ကြိုးပမ်းသွားပါမယ်။ ကျွန်တော်တို့ကို ပြည်သူက တင်မြှောက်တာဖြစ်တဲ့အတွက် ပြည်သူ့အသံအတွက် လွှတ်တော်မှာ ရှိနေပါမယ်။
စိုင်းဝမ်လှိုင်ခမ်း၊ ၃၅ နှစ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
အမျိုးသားလွှတ်တော်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် ၃
ကျွန်တော်က လူမှုရေးလုပ်ငန်းလုပ်တဲ့ အဖွဲ့အစည်းကပါ။ လူငယ်တွေနဲ့ တွဲပြီး ပညာရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစရှိတဲ့ ကဏ္ဍမျိုးတွေမှာ ဝင်ရောက်လုပ်ဆောင်ပါတယ်။ လူငယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ပါ။ ဒါကြောင့် ဘယ်အကြောင်းအရာကိုပဲဖြစ်ဖြစ် လူငယ်တွေအတွက် ဦးတည် လုပ်ဆောင်သင့်ပါတယ်။
ကျွန်တော်တို့ ဒေသမှာတော့ မူးယစ်ဆေးဝါးဟာ သတိထားကိုင်တွယ်ရတဲ့ ပြဿနာတစ်ခုပါ။ အချို့နေရာတွေမှာ တရားဥပဒေစိုးမိုးမှုမရှိသလို ဒီနေရာတွေဟာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေခြယ်လှယ်မှုအောက်မှာ ရောက်နေပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အသိပညာမရှိကြသလို ဆိုးကျိုးတွေကိုလည်း မသိပါဘူး။
တိုင်းရင်းသားတွေရဲ့ဘဝမှာ အတိတ်က ဘယ်လိုတွေခံစားခဲ့ရတယ်ဆိုတာ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ သိစေချင်တယ်။ တိုင်းရင်းသားတွေ ဘာလိုအပ်နေတယ်ဆိုတာ သူတို့ သိအောင် လုပ်ပေးဖို့ လိုပါတယ်။
မြေယာဥပဒေ၊ ပညာရေးဥပဒေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေဟာ ကျွန်တော်တို့အပေါ်မှာလည်း သက်ရောက်မှုရှိတာကြောင့် ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်လာရင် ကူညီသွားမှာပါ။ ဒီကိစ္စတွေဟာ တိုင်းရင်းသားတွေနဲ့တင် သက်ဆိုင်တာမဟုတ်ပါဘူး။ ဘယ် NLD အမတ်က လုပ်ဆောင်မှုအကောင်းဆုံးလဲ၊ ဘယ်သူက ဆက်ဆံရေးအကောင်းဆုံးလဲ ဆိုတာတွေကို အမြန်ဆုံးသိအောင်လုပ်ပြီး သူတို့နဲ့ အတူလက်တွဲလုပ်ဆောင်သွားမှာပါ။
လွှတ်တော်သစ်က အာဏာရှင်စနစ်ကို ကိုယ်စားမပြုပါဘူး၊ ဒီမိုကရေစီစနစ်ပါ။