တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ကိုယ်စားလှယ်အဖွဲ့သည် ကယားပြည်နယ်တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP) နှင့် ယနေ့ (ဇန်နဝါရီ ၁၂) နေ့လယ်ပိုင်းတွင် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း နေရာ ညှိနှိုင်းမရ၍ ဆွေးနွေးပွဲ ပျက်ပြားခဲ့သည်။
ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် NLD ကိုယ်စားလှယ်အဖွဲ့သည် မွန်ညီညွတ်ရေးပါတီနှင့် တွေ့ရန် ဇန်နဝါရီ ၄ က မွန်ပြည်နယ်သို့ သွားရောက်ခဲ့သော်လည်း နေရာ ညှိနှိုင်းမရ၍ ဆွေးနွေးပွဲ ပျက်ခဲ့ပြီးနောက် ယခု ကယားပြည်နယ်တွင်လည်း အလားတူကြုံရခြင်း ဖြစ်သည်။
လွိုင်ကော်ရှိ NLD ပါတီ ပြည်နယ်ရုံးတွင် တွေ့ဆုံရန် ဖိတ်ကြားခဲ့ရာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက တတိယနေရာတစ်ခုတွင် တွေ့ဆုံရန် တောင်းဆိုခဲ့သည်။
“ရုံးမှာ ၁ နာရီခွဲ ထိအောင် စောင့်နေတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ် ပါတီ (KySDP) ဘက်က ရောက်မလာကြဘူး။ ကျွန်တော်တို့ ပြန်လာခဲ့တယ်။ သူတို့က တတိယတစ်နေရာ ကြားတစ်နေရာမှာ တွေ့ချင်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ကလည်း ဒီပြည်နယ်မှာ တစ်မျိုးတွေ့၊ ဟိုပြည်နယ်မှာ တစ်မျိုးတွေ့ လုပ်လို့မရဘူးလေ” ဟု ဒေါက်တာအောင်မိုးညိုက Mynamar Now ကို ပြောသည်။
KySDP က ဆွေးနွေးပွဲဖိတ်ကြားရာတွင် ပါတီဗဟိုချင်း တိုက်ရိုက်ဖိတ်ကြားရန်နှင့် စာဖြင့် တရားဝင်ဖိတ်ကြားရန် တောင်းဆိုခဲ့သော်လည်း NLD ပါတီ၏ ကယားပြည်နယ်ဥက္ကဋ္ဌကသာ ဖုန်းဆက်ဖိတ်ကြားခဲ့သည်ဟု KySDP ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က ဆိုသည်။
” သူတို့ (NLD) ပါတီ ဗဟိုရုံးမှာပဲ တွေ့ဖို့ ဆုံးဖြတ်ချက်ချတဲ့အတွက် သူတို့က တခြားနေရာကို သွားတွေ့စရာမရှိဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တာပေါ့။ ကျွန်တော်တို့ပါတီကတော့ ပါတီရုံးမှာ တွေ့မယ်။ တကယ်လို့ တွေ့လို့အဆင်မပြေဘူးဆိုရင် တတိယနေရာကို ရွေးမယ်ဆိုပြီး သဘောထားရှိတာပေါ့။ သို့သော် သူတို့ဘက်ကနေ လုံးဝ လိုက်လျောပေးတဲ့ အနေအထားမျိုး မရှိတဲ့အခါကျတော့ ကျွန်တော်တို့ကလည်း ဒီအစီအစဉ်က မတွေ့ဖြစ်ဘဲ ဒီလိုပဲ ကျန်ခဲ့တာပေါ့” ဟု ဆွေးနွေးပွဲ ပျက်ခဲ့ရသည့်အကြောင်းကို ပြောသည်။
NLD ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံရန် ရည်ရွယ်ခဲ့သည့် KySDP သည် လွှတ်တော်သုံးရပ်ပေါင်း ၃၄ နေရာအနက် ၈ နေရာ အနိုင်ရရှိထားပြီး မွန်ညီညွတ်ရေးပါတီသည် လွှတ်တော် သုံးရပ် ပေါင်း ၄၅ နေရာအနက် ၁၂ နေရာ အနိုင်ရထားသည်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ဇန်နဝါရီ ၁ ရက်တွင် စတင်ခဲ့သည့် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်များအနက် ကချင်ပြည်နယ်တွင်သာ တွေ့ဆုံပွဲ ဖြစ်မြောက်ခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့သည် ပါတီအလုပ်အမှုဆောင်အဖွဲ့ ညွှန်ကြားချက်အတိုင်း ပါတီ၏ရုံးများတွင်သာ တွေ့ဆုံမည်ဖြစ်ကြောင်း ဒေါက်တာအောင်မိုးညိုက ပြောကြားထားသည်။
NLD ကိုယ်စားလှယ်အဖွဲ့သည် လုပ်ပိုင်ခွင့် နည်းပါးလွန်းပြီး ဗဟိုချုပ်ကိုင်မှု များပြားလွန်းနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်နေကြသည်။
KySDP အနေဖြင့် တွေ့ဆုံရန်အတွက် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အနိုင်ရကိုယ်စားလှယ်များပါဝင်သည့် ကိုယ်စားလှယ် ၅ ဦးပါအဖွဲ့ ဖွဲ့ထားပြီး နိုင်ငံရေး၊ တိုင်းရင်းသားအရေး၊ အစိုးရ၊ လွှတ်တော်ဖွဲ့စည်းရေးကိစ္စတို့ကို ဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ခူးသဲရယ်က ပြောသည်။
ယခုတစ်ကြိမ်ဆွေးနွေးပွဲပျက်ခဲ့သော်လည်း နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံမည့်အလားအလာမှာ NLD အပေါ်တွင်သာ မူတည်ကြောင်း KySDP ဘက်မှ သိရသည်။
KySDP အပါအဝင် နေရာညှိနှိုင်းမရသည့်အတွက် ဆွေးနွေးပွဲပျက်ခဲ့ရသည့် ပါတီများကို ထပ်မံတွေ့ဆုံခြင်း ရှိ၊ မရှိမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အပေါ်တွင် မူတည်သည်ဟု ဒေါက်တာအောင်မိုးညိုက ဆိုသည်။
KySDP အတွင်းရေးမှူး ခူးသဲရယ်က ” နိုင်ငံကိုဦးဆောင်မယ့် နိုင်ငံရေးပါတီက ဒီလို နေရာတစ်ခုကိစ္စနဲ့ ဆွေးနွေးဖို့ အဆင်မပြေဘူး၊ အလျှော့အတင်းလုပ်လို့မရဘူးဆိုရင် ကျန်တဲ့နိုင်ငံရေးကိစ္စ၊ တခြား အရေးကြီးတဲ့ ကိစ္စရပ်တွေမှာလည်း ဆွေးနွေးလို့ အဆင်ပြေပါ့မလားဆိုတာလည်း သံသယဖြစ်သွားပါတယ်” ဟု ဝေဖန်သည်။
ကယားပြည်နယ်အခြေစိုက် ကယန်းအမျိုးသားပါတီသည် ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အနိုင်ရရှိထားခြင်းဖြစ်သည့်အတွက် လာမည့် ရှမ်းပြည်နယ်ခရီးစဉ်တွင် ဖိတ်ကြားဖွယ်ရှိကြောင်း ဒေါက်တာအောင်မိုးညိုက Myanmar Now ကို ပြောသည်။
NLD သည် ရွေးကောက်ပွဲအပြီး လေးရက်အကြာ နိုဝင်ဘာ ၁၂ တွင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တိုင်းရင်းသားပါတီ ၄၈ ခုကို ကမ်းလှမ်းသည့်စာထုတ်ပြန်ခဲ့သည်။
ထိုသို့တွေ့ဆုံရန် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန် တို့ သုံးဦးကို ဒီဇင်ဘာလလယ်ပိုင်းတွင် တာဝန်ပေးအပ်ခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့၏ တာဝန်မှာ တိုင်းရင်းသားပါတီတို့၏ ဆွေးနွေးပြောဆိုချက်တို့ကို မှတ်တမ်းတင်ပြီး နေပြည်တော်ဌာနချုပ်သို့ ပြန်လည်အစီရင်ခံရန် ဖြစ်သည်။